မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိ

မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၀

    တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့်   လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး တို့အတွက် ရည်ရွယ်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း  ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ dSHorizon Lake View Resort သို့ မော်တော်ယာဉ်များဖြင့်   ရောက်ရှိကြရာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု   ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေး ကိုလိုလားသည့်    ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ  စည်းလုံးမှငြိမ်းချမ်း တည်ငြိမ်အေးချမ်းရ စသည့် မွန်ဘာသာနှင့် မြန်မာဘာသာစာသားပါ  ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊  နိုင်ငံတော် အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း ကြိုဆိုခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်မှ ၂၅ ရက်အထိဆောင်ရွက်ခဲ့ပြီး   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဆက်လက်ကြိုးပမ်း ကြရန် သဘောတူညီနိုင်ခဲ့ကြသည်။ ယခု ဒုတိယအကြိမ် လာရောက် ဆွေးနွေးရာတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏   နိုင်ငံရေး လိုလားချက်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မည်သည့် အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။