“ဒီပြိုင်ပွဲက ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနဲ့ အမျိုးသားရေးစရိုက်လက္ခဏာများကို ဖော်ကျူးတဲ့ ပွဲဖြစ်တဲ့အတွက် အခုလိုပြန်လည် ကျင်းပပေးတာများစွာ ဂုဏ်ယူဝမ်းမြောက်ပါတယ်”

“ဒီပြိုင်ပွဲက ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနဲ့ အမျိုးသားရေးစရိုက်လက္ခဏာများကို ဖော်ကျူးတဲ့ ပွဲဖြစ်တဲ့အတွက် အခုလိုပြန်လည် ကျင်းပပေးတာများစွာ ဂုဏ်ယူဝမ်းမြောက်ပါတယ်”

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများမပျောက်ပျက်စေရန် ထိန်းသိမ်းစောင့် ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်းညီညွတ်မှုပိုမိုခိုင်မြဲရေး၊ တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ၊ အနုသုခုမ အဆို၊ အတီး၊ အကများ အရှည်တည်တံ့ခိုင်မြဲရေး အတွက် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ သတ်မှတ်နေရာများ၌ကျင်းပလျက်ရှိရာ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များ၊ တာဝန်ခံနှင့် ပြိုင်ပွဲ အကဲဖြတ်ဒိုင်များ၏ ရင်တွင်းစကားသံများကိုဖော်ပြပေးလိုက်ရပါသည်။

ဦးစန်းကို (တိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့)

ကျွန်တော်က အဆို၊ အက၊ အရေး၊ အတီးဖွင့်ပွဲကို တက်ရောက်လာတဲ့ ကရင်ပြည်နယ်တာဝန်ခံဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနဲ့ အမျိုးသားရေးစရိုက်လက္ခဏာများကို ဖော်ကျူးတဲ့ပွဲဖြစ်တဲ့အတွက် အခုလိုပြန်လည်ကျင်းပပေးတာ   များစွာဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျွန်တော်တို့  ပြည်နယ်အနေနဲ့လည်း အတန်းစုံ၊ နေရာစုံကနေ ပါဝင်ယှဉ်ပြိုင်ထားတဲ့အကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပြည်နယ်အနေနဲ့အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင် စုစုပေါင်း ၁၀၀ ဦး   လာရောက် ယှဉ်ပြိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ကရင်ရိုးရာဒုံးအကကိုလည်း ဖျော်ဖြေမှာဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း  ဒီလိုမျိုးပြိုင်ပွဲကို ဆက်လက်ကျင်းပပေးပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေးအတွက် ဆောင်ရွက် သွားသင့်တယ်လို့ ပြောလိုပါတယ်။

ဦးတင်ဦးလေး (အဆိုပြိုင်ပွဲ ဒိုင်အဖွဲ့ဝင်)

ဒီ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲက ငါးနှစ်၊ ခြောက်နှစ်လောက် ကင်းကွာသွားပြီး အခုပြန်လည် ကျင်းပပေးတဲ့အတွက် ဦးစီးပြုလုပ်ပေးတဲ့ နိုင်ငံတော်မှတာဝန်ရှိ လူကြီးများကို အထူးကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။   အဆိုဒိုင်တစ်ယောက်အနေနဲ့မျိုးဆက်သစ်တွေကို ပြောချင်တာကတော့ ပြဋ္ဌာန်းထားတဲ့ သီချင်းတွေကို တစ်ပုဒ်ကောင်း၊ နှစ်ပုဒ်ကောင်းမကျက်ဘဲနဲ့  ပြဋ္ဌာန်းထားတဲ့အပုဒ်ရေအတိုင်း ပြည့်ပြည့်၀၀ ကျက်ပေးဖို့ လိုပါတယ်။ သီချင်းတွေကိုလည်း  မူရင်းတေးသံရှင်အခွေနဲ့ပဲ  လေ့ကျင့်ပေးဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။

အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း၊

ဥက္ကဋ္ဌ (အကပြိုင်ပွဲအကဲဖြတ်အဖွဲ့)

အခုကျင်းပတဲ့ (၂၃)ကြိမ်မြောက် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ  အကအားလုံးကို တာဝန်ယူ အကဲဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေရွေးချယ်တဲ့ နေရာမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက်   အကမှာတော်တဲ့ကလေးတွေ၊  အဆိုမှာတော်တဲ့ ကလေးတွေ၊ အပြောမှာ တော်တဲ့ကလေးတွေ၊ အရေးမှာတော်တဲ့ ကလေးတွေစသည်ဖြင့် သူတို့ရဲ့ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ရွေးချယ်ထားတာ ဖြစ်ပါတယ်။

အခြေခံပညာအဆင့်မှာဆိုရင် အပြောတွေ ဘာတွေမပါဘဲ တီးလုံးချည်းသီးသန့်တီးခတ်ပေးပြီးတော့ ပြိုင်ပွဲဝင်ဖို့ ဝင်ရောက်အရွေးခံတဲ့သူက အဲဒီတီးလုံးနဲ့လိုက်ဖက်အောင်က ပြယှဉ်ပြိုင်ရပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ဒိုင်တွေကရွေးချယ်ထားတာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အရင်ကနှစ်စဉ် ကျင်းပခဲ့ပေမယ့် ကြားထဲမှာရပ်နားလိုက်တော့   အနုပညာရှင်တစ်ဦးအနေနဲ့ အရမ်းခံစားခဲ့ရပါတယ်။

အခုလိုပြန်လည်ကျင်းပပေးမယ်ဆိုတာကို ကြားခါစတုန်းကဆိုရင် အရမ်းဝမ်းသာခဲ့မိပါတယ်။ ပျောက်ဆုံးသွားတဲ့  ရတနာထုပ်ကြီးကိုပြန်ရလိုက်သလိုပါပဲ။ ရတနာရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုရမယ်ဆိုရင် နှစ်လိုဖွယ်ကောင်းတဲ့ ပစ္စည်းကို ခေါ်တာဖြစ်ပါတယ်။   ကမ္ဘာပေါ်မှာရှိတဲ့လူမျိုးတိုင်းမှာ အဲဒီရတနာရှိပါတယ်။ အဆို၊ အက၊ အရေး၊ အတီးဆိုတာမြန်မာလူမျိုးတွေရဲ့ ရတနာတွေပဲဖြစ်ပါတယ်။  အဲဒီရတနာတွေပျောက်သွားရင် လူမျိုးပါပျောက်သွားမှာ ဖြစ်ပါတယ်။

အခုလိုပြန်လည် ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲများကိုလည်း  အထူးကျေးဇူးတင်ပါတယ်။ အနုပညာ ရှင်များနဲ့ ပြိုင်ပွဲဝင်ကြမယ့် သူတွေအနေနဲ့လည်း    ကိုယ့်ရဲ့သက်ဆိုင်ရာ  အနုပညာဘာသာရပ်များကို မျက်ခြည်မပြတ်      ကြိုးစားထိန်းသိမ်းစောင့်ရှောက်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒေါက်တာရဲဒွေး၊ အဖွဲ့ခေါင်းဆောင်

(ရုပ်သေးအကဲဖြတ်အဖွဲ့)

အကြောင်းအမျိုးမျိုးကြောင့်  အဆို၊ အက၊ အရေး၊ အတီး   ပြိုင်ပွဲကြီးကို မကျင်းပဖြစ်တာ ခြောက်နှစ်လောက် ရှိပါပြီ။ အခုလိုကျင်းပတဲ့  ပြိုင်ပွဲကြီးမှာ ရုပ်သေးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့က ပြိုင်ပွဲဝင်အသင်းငါးသင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့သိရပါတယ်။   မထင်မှတ်ဘဲ   ငါးဖွဲ့လောက်အထိ ဝင်ရောက်ယှဉ်ပြိုင်ကြမယ် ဆိုတာကို သိရတော့ဝမ်းသာမိပါတယ်။ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ  ရာမာယဏ

ဇာတ်ကြီးလည်း ပါဝင်တာကိုတွေ့ရပါတယ်။

ဒါ့အပြင်  ငါးပါဒအက္ခရာဆိုတဲ့  ရုပ်စုံဇာတ်တော်ကြီးလည်းပါဝင်ပါတယ်။ အဲဒီဇာတ်က ပညာရေးကို အထောက်အကူပြုတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။  အဆို၊ အငို၊ အပြော၊ ကြိုးဆွဲပညာရပ်တွေအပါအဝင် တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရုပ်သေးပညာရပ်တွေ အမျိုးမျိုးရှိပါတယ်။ အခုအချိန်မှာကတော့ အဲဒါတွေအကုန်လုံး ပြန်လည်ရှင်သန်ခွင့်ရလာခဲ့ပြီ ဖြစ်ပါတယ်။ အနုပညာဆိုတာက အမြဲတမ်းထိတွေ့နေမှ ပိုပြီးတောက်ပမှာဖြစ်ပါတယ်။ အခုလိုပြန်ပြီးကျင်းပပေးတဲ့အတွက် မြန်မာ့သုခုမအနုပညာရှင်တွေအားလုံးက အင်မတန်ဝမ်းသာနေကြပါတယ်။  နိုင်ငံ့အကြီးအကဲများနှင့်တကွ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဒေါ်နွဲ့နွဲ့စန်း၊ အကဲဖြတ်ပညာရှင်

(အက၊ တိုင်းရင်းသားရိုးရာ)

ဒီပွဲကြီးက အနုပညာသမားတွေရဲ့ ပွဲတော်ကြီးဖြစ်ပါတယ်။   တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ယဉ်ကျေးမှုတွေကို အပြန်အလှန်လေ့လာလို့ရတဲ့ ပွဲကြီးလည်းဖြစ်ပါတယ်။ အခုလိုပွဲတော်ကြီးမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ရှိနေကြတဲ့ တိုင်းရင်း သားညီအစ်ကိုမောင်နှမတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုချစ်ခင် ရင်းနှီးသွားကြတာကိုလည်း တွေ့ရတဲ့အတွက် နိုင်ငံအတွက်အများကြီးအကျိုးရှိပါတယ်။ အဲဒါအပြင် ရွက်ပုန်းသီး အနုပညာရှင်လေးတွေကို ဖော်ထုတ်ပေးရတဲ့ပွဲဖြစ်တဲ့အတွက် ပွဲစီစဉ်ကျင်းပပေးတဲ့ နိုင်ငံ့အကြီးအကဲများနှင့်တကွ   တာဝန်ရှိပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်ပါတယ်။  အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတာဟာ နိုင်ငံတော်အနေနဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းမယ့် မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။ အရင်က အနုပညာရှင်ကြီးတွေက  ရိုးရာယဉ်ကျေးမှု အနုသုခုမပညာတွေကို  ထိန်းသိမ်းခဲ့သလို မျိုးဆက်သစ်လူငယ်တွေအနေနဲ့လည်း ဆက်လက်ထိန်းသိမ်းကြပါလို့  တိုက်တွန်းလိုပါတယ်။

မောင်ခန့်စည်သူ(ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်)

ဆိုင်းတစ်ဦးချင်းပြိုင်ပွဲမှာ ကုဏ္ဍလာအိုင် (ယိုးဒယား)သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သေသေချာချာ လေ့ကျင့်ထားတဲ့အတွက် အောင်မြင်မှုရရှိမယ်လို့လည်း မျှော်လင့်ပါတယ်။

အခုအကြိမ်နဲ့ဆို ဝင်ရောက်ယှဉ်ပြိုင်တာ သုံးကြိမ်ရှိပါပြီ၊ ပတ္တလားတစ်ဦးချင်းပြိုင်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ၊ သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆု တွေကို ရရှိခဲ့ပါတယ်၊ ပြိုင်ပွဲမကျင်းပဖြစ်တာ နှစ်အနည်းငယ်ကြာပြီဖြစ်ပေမယ့် ဒီနှစ်မှာ ပြန်လည်ကျင်းပပေးတဲ့အတွက် ဝမ်းသာပါ တယ်၊ အခုလိုပြိုင်ပွဲကြီးကို နှစ်စဉ်နှစ်တိုင်းကျင်းပပေးစေချင်ပါတယ်။

မမေသန်းစိန်

(ရခိုင်ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်မက စောင်းအတီးပြိုင်ပွဲမှာ အဆင့်မြင့်ပညာအဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်သွား မှာပါ၊ စောင်းပညာကို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက လေ့လာသင်ယူခဲ့တာပါ၊ ပြိုင်ပွဲကြီး မကျင်းပမီ ငါးလကတည်းက Camp ဝင်ပြီး  ကြိုတင် လေ့ကျင့်ခဲ့တဲ့အတွက် အကောင်းဆုံးယှဉ်ပြိုင်ပြီး  ရွှေတံဆိပ်ရရှိ အောင် ကြိုးစားသွားမှာပါ၊ အခုလိုပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် စောင်းပညာကိုသင် ကြားနေကြတဲ့သူတွေ ဝင်ရောက်ယှဉ်ပြိုင်ကြ တဲ့အခါ အတွေ့အကြုံတွေလည်းရမှာဖြစ် ပါတယ်၊ အခုပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့ အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

မောင်ဝေယံမိုး (မကွေးတိုင်းဒေသကြီး

ကိုယ်စားပြုပြိုင်ပွဲဝင်)

အခုလိုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့် ပြိုင်ပွဲတွေကို   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး တိုင်းဒေသကြီးအဆင့်မှာ ရွေးချယ်ခံခဲ့ရတဲ့အတွက်  တစ်လစခန်းသွင်းလေ့ကျင့်ခဲ့ပြီး ဒီမှာလာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးကနေ  ပထမဆုရအောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ။

ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ဒီပြိုင်ပွဲကြီးကို အခုလို ခမ်းခမ်းနားနား ကျင်းပပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲများကိုလည်း အထူးကျေးဇူးတင် ရှိပါတယ်။  ။

(သတင်းစဉ်)၊ ပြည့်ဖြိုး(မြဝတီ)