“မိုးလေဝသသတိပေးချက်တွေ၊ ထုတ်ပြန်ချက်တွေထုတ်ပြန်တဲ့အခါ ပြည်သူလူထုအနေဖြင့် ယုံကြည်စွာနဲ့ လိုက်ပါဆောင်ရွက်မယ်ဆိုရင် သဘာဝဘေးအန္တရာယ်ကနေ အချိန်မီရှောင်တိမ်းနိုင်မှာဖြစ်ပါတယ်”

“မိုးလေဝသသတိပေးချက်တွေ၊ ထုတ်ပြန်ချက်တွေထုတ်ပြန်တဲ့အခါ ပြည်သူလူထုအနေဖြင့် ယုံကြည်စွာနဲ့

လိုက်ပါဆောင်ရွက်မယ်ဆိုရင် သဘာဝဘေးအန္တရာယ်ကနေ အချိန်မီရှောင်တိမ်းနိုင်မှာဖြစ်ပါတယ်”

အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် Max Hotel ၌ကျင်းပသည်။  အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် သဘာဝဘေးအန္တရာယ်လျော့ကျရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသူများ၏ စကားသံများကိုမျှဝေပေးလိုက်ရပါသည်-

ဒေါ်ဖြူလဲ့လဲ့ထွန်း(ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအောက် မှာရှိတဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းတွေနဲ့ ပတ်သက်လို့  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက အဓိက တာဝန်ယူ ဆောင်ရွက်ပါတယ်။ ဘေးအန္တရာယ်တစ်ခုဖြစ်လာပါက ဦးစီးဌာနအနေနဲ့အလျင်အမြန်ဆောင် ရွက်ရတာကတော့ ထောက်ပံ့ရေးလုပ်ငန်း ဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ဖို့အတွက် တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ သိုလှောင်ရုံတွေ ဖွင့်လှစ်ထားပါတယ်။ သိုလှောင်ရုံတွေမှာ ကယ်ဆယ်ရေး ပစ္စည်းများ  အသင့်သိုလှောင် ထားခြင်းတွေ ဆောင်ရွက်ထားရှိပါတယ်။ အရေးပေါ်တုံ့ပြန်ရေးအတွက်  အမှန်တကယ် ဖြစ်လာပါက မီးသတ်ဦးစီးဌာနက ဦးစီးဆောင်ရွက်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးနဲ့ အရေးပေါ်ရွှေ့ပြောင်းတဲ့

လုပ်ငန်းတွေ စတဲ့အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်မတို့ဦးစီးဌာနက လှေတွေ၊ အသက်

ကယ်အင်္ကျီတွေ၊ ရေစုပ်စက်တွေကို လိုအပ်ချက်အပေါ်မူတည်ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြိုတင်ပေး ပို့ဆောင်ရွက်ထားရှိပါတယ်။  

ဦးရွှေဘ(ဗဟိုမီးသတ်သင်တန်းကျောင်း၊

လေ့ကျင့်ရေးဌာနမှူး၊ ဒုတိယညွှန်ကြား  ရေးမှူး)

သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို အဓိကအနေနဲ့ ဆောင်ရွက်ပါတယ်။    ရှာဖွေကယ်ဆယ်ရေးနဲ့ မီးငြှိမ်းသတ်ရေးလုပ်တဲ့အခါမှာ  နည်းပညာအထောက်အကူပြု ပစ္စည်းတွေအသုံးပြုတာရှိတယ်။ Application တွေထုတ်လုပ်ထားပြီး  အသုံးပြုတာတွေရှိပါတယ်။ မြေပြင်၊ ရေပြင်မှာ အသုံးပြုနိုင်တဲ့ ခေတ်မီပစ္စည်းကိရိယာတွေကို  ဒီပွဲမှာ  ခင်းကျင်းပြသထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ပင်မတာဝန်က

ရှာဖွေကယ်ဆယ်ရေးဖြစ်သော်လည်းပဲ ပြည်သူလူထုကို အသိပညာပေးတဲ့နေရာမှာ Facebook မှာလည်း  မီးသတ်တပ်ဖွဲ့အနေနဲ့ Page တစ်ခုဖွင့်ထားပြီး ဆောင်ရွက်နေတာရှိပါတယ်။ သဘာဝဘေးဖြစ်လာခဲ့ရင်   ဘယ်လိုကယ်ဆယ်မယ်၊ ဘယ်လိုရွှေ့ပြောင်းမလဲဆိုတာတွေကို ဇာတ်တိုက်လေ့ကျင့်ခြင်းများ   ဆောင်ရွက်လျက်ရှိပါတယ်။ အရေးအကြီးဆုံးက ငလျင်လိုဟာမျိုးဟာ ကြိုတင်အကြောင်းကြားလို့ မရတဲ့အရာမျိုးဖြစ်ပါတယ်။ မုန်တိုင်းဆိုရင် သုံးရက်လောက် ကြိုတင်သတိပေးလို့ရပါတယ်။ မိုးလေဝသ  သတိပေးချက်တွေ၊ ထုတ်ပြန်ချက်တွေထုတ်ပြန်တဲ့အခါ ပြည်သူလူထုအနေဖြင့်  ယုံကြည်စွာနဲ့ လိုက်ပါဆောင်ရွက်မယ်ဆိုရင်တော့  သဘာဝဘေးအန္တရာယ်ကနေ အချိန်မီရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ်။ 

ဒေါက်တာဇော်မျိုးခိုင်(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး)

ကျွန်တော့်အနေနဲ့ မြစ်ရေကြီးမှုကြိုတင် ကာကွယ်ရေးအနေနဲ့ မြစ်ရေခန့်မှန်းချက် တွေကို လုပ်ဆောင်ပေးရပါတယ်။ မြစ်ရေကြီးမှုခန့်မှန်းချက်တွေ  မှန်ကန်အောင် လုပ်ဆောင်တဲ့နေရာမှာ အချက်အလက် တွေကောက်ယူရတယ်။  မိုးလေဝသနှင့် ဇလဗေဒဌာနခွဲအသီးသီးကနေ  နေ့စဉ် တိုင်းတာတဲ့မှတ်တမ်းတွေအပြင်  အလို အလျောက်တိုင်းတာတဲ့စက်တွေရှိတဲ့ စခန်းတွေက နေရယူရပါတယ်။ နေ့စဉ်ထုတ်ပြန် နေတာအပြင် လျှပ်တစ်ပြက်ရေကြီးမှုတွေ မှာဆိုရင် စိုးရိမ်ရပါတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာဆိုရင်  အလိုအလျောက်တိုင်းတာတဲ့စက်က  ရရှိတဲ့  Data တွေကို အချိန်ကိုက် ထုတ်ပြန်ပေးရတဲ့ လုပ်ငန်းတွေလုပ်ဆောင်ပေးရပါတယ်။ သဘာဝဘေးအန္တရာယ်လျှော့ချဖို့အတွက် တချို့မြို့နယ်များကို စိုးရိမ်မှတ်သတ်မှတ် ပေးရပါတယ်။ ထုတ်ပြန်ချက်တွေကိုလည်း ချက်ချင်းပို့ဆောင်ခြင်းတွေ ဆောင်ရွက်ပါတယ်။  

ဒေါ်ချိုချိုစန်း(အလယ်တန်းပြ၊ အထကခွဲ.အလက-၃၊ နေပြည်တော်)

ဒီအခမ်းအနားကို ကျွန်မတို့ကျောင်းက အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၃၀ နဲ့တက်ရောက်တာ  ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကျောင်းမှာ ဟောပြောတာတွေလာရောက် လုပ်ဆောင်ပါတယ်။ ကျွန်မတို့ကလေးတွေ ကို သဘာဝဘေးနဲ့ပတ်သက်ပြီး အရေးပေါ် ဖြစ်လာပါကလည်း ချက်ချင်းနီးစပ်ရာကို အကူအညီတောင်းရမယ်  ဆိုတာတွေ၊ အကူအညီပေးရမယ်ဆိုတာတွေကိုလည်း သင်ကြားပေးထားပါတယ်။   ကျောင်းသင်ခန်းစာ ပြည်သူ့နီတိမှာလည်း ပြဋ္ဌာန်းထားပါတယ်။      ။

ဇော်မျိုး(နေပြည်တော်)