(၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုကို အကယ်ဒမီညွန့်ဝင်းနှင့် အကယ်ဒမီအောင်လွင်ရရှိ၊ မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ဖွင့်ပွဲနှင့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကျင်းပ

(၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုကို အကယ်ဒမီညွန့်ဝင်းနှင့် အကယ်ဒမီအောင်လွင်ရရှိ၊ မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ဖွင့်ပွဲနှင့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၃

(၁၀၂)နှစ်မြောက်   မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာ ထူးချွန် ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် (၄၅)ကြိမ်မြောက်  ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်  ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတွင် ကျင်းပသည်။

အခမ်းအနားများသို့    ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ နာယကကြီးများနှင့် ရုပ်ရှင်အနုပညာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုပေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင်  မြန်မာ့ရုပ်ရှင်နေ့အား “မေတ္တာနှင့် သူရာ” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ  ၁၃ ရက်ကို  ဂုဏ်ပြုသတ်မှတ်ခဲ့သည့် အတွက် ယနေ့ဆိုလျှင် နှစ်ပေါင်း (၁၀၂)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ထူးခြားလေးနက်သည့် နေ့ထူးနေ့မြတ် အခါသမယတွင်  မြန်မာ့ရုပ်ရှင်လောကနှင့် ရုပ်ရှင်လောကသားများ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော   ရုပ်ရှင်အနုပညာရှင်ကြီး နှစ်ဦးကို   နိုင်ငံတော်က ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုချီးမြှင့်ပေးမည်ဖြစ်သဖြင့်  လွန်စွာမင်္ဂလာ ရှိသည်ဟု ပြောကြားလိုကြောင်း၊ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိသူများနှင့်   ရုပ်ရှင်သက်ကြီး အနုပညာရှင်များသည်   ရုပ်ရှင်လောက သက်တမ်းတစ်လျှောက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုး ဆောင်ရွက်ခဲ့ကြသူများဟု မိမိတို့အားလုံးက အသိအမှတ်ပြုထား ကြောင်း။

နိုင်ငံတော်အကြီးအကဲက စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ် အသီးသီးမှ အနုပညာရှင်များကို ပညာရှင်များအဖြစ် လေးစားတန်ဖိုးထားကြရန်နှင့် လိုအပ်ချက်များကို ကူညီပံ့ပိုးပေးရန် အမြဲလမ်းညွှန်မှာကြား ကြောင်း၊ ယခု ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုကို ချီးမြှင့်ခံရမည့် ပုဂ္ဂိုလ်များသည် အသက် ၈၀ နှင့်အထက်  ရှိသူများဖြစ်ပြီး ရုပ်ရှင်လောကတွင် ကျင်လည်လုပ်ကိုင် ဆောင်ရွက်ခဲ့သည့်   သက်တမ်းနှစ် ၅၀ ရှိကြသူများ ဖြစ်ကြောင်း၊   ထို့ပြင် ရုပ်ရှင်လောကနှင့် အဆက်အသွယ် မပြတ်ဘဲ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆု သို့မဟုတ် ရုပ်ရှင်ထူးချွန်ဆုရရှိသူ၊ အနုပညာ ကောင်းသတင်းဖြင့် ကျော်ကြားသူများဖြစ်ပြီး ရုပ်ရှင်လောကသားများ၏ ဆန္ဒဖြင့် ရွေးချယ်ထားသူများ ဖြစ်ကြောင်း။

ယခင်က ရုပ်ရှင်တစ်သက်တာဆုကို ၂၀၁၀ ပြည့်နှစ်တွင် ဒါရိုက်တာ ဦးတင်ယု အား လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် စည်သူ ဗိုလ်ကလေးတင့်အောင်အား လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်အား လည်းကောင်း   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ အစီအစဉ်ဖြင့်   ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊  ယခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက တစ်ဦးလျှင်     ရွှေစင်ငါးကျပ်သားရှိ ရွှေစင်ကြယ်နှင့် အကယ်ဒမီ ရွှေစင်ရုပ်တုများကို   ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း၊ တိုင်းပြည်နှင့်   လူမျိုးအတွက် အနုပညာစွမ်းပကားဖြင့်  အကျိုးဆောင်ခဲ့ကြသော အနုပညာရှင်ကြီးများကို ယခုကဲ့သို့ချီးမြှင့်ခွင့်ရရှိခြင်းအပေါ် ရုပ်ရှင်လောကသား အားလုံးက  မုဒိတာပွားနေကြမည်ဟု ယုံကြည်ကြောင်း။

 ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင် လောကအကျိုး ဆောင်ရွက်နိုင်ရေးအတွက် ဝဇီရာရုပ်ရှင်ရုံကြီးကို ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် အကောင်အထည်ဖော်နေသကဲ့သို့ အမျိုးသားဖလင် မော်ကွန်းတိုက်ကြီး တစ်ခု တည်ဆောက်ပြီး ရုပ်ရှင်ဖလင်များ၊ မှတ်တမ်း ရုပ်ရှင်ဖလင်များကို စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန်   စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် (၇၅) နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကြီးကိုလည်း အနုပညာရှင်များ စုပေါင်းပါဝင် တင်ဆက်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊   နိဂုံးချုပ်အားဖြင့် သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် မြန်မာ့ ရုပ်ရှင်သမိုင်းကြောင်းကို ရုပ်ရှင်အနုပညာရှင် အားလုံးက    လက်ဆင့်ကမ်း ထိန်းသိမ်း သယ်ပိုးပေးကြပါရန်နှင့်   မြန်မာ့ရုပ်ရှင် တစ်ခေတ်ဆန်းသစ်လာအောင်  စည်းလုံးညီညွတ်စွာ စုပေါင်းဖော်ဆောင်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ   အကယ်ဒမီများရှင် စည်သူ ဦးကြည်စိုးထွန်းက ရုပ်ရှင်တစ်သက်တာဆု ပေးအပ်ရခြင်းနှင့် ဆုများ ရွေးချယ်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိသူ အကယ်ဒမီညွန့်ဝင်းအား ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရှင် စည်သူဒေါ်မြင့်မြင့်ခင်က  လည်းကောင်း၊ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိသူ အကယ်ဒမီ အောင်လွင်အား  ပြည်

ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လည်းကောင်း ရွှေစင်ငါးကျပ်သားရှိ ရွှေစင်ကြယ်နှင့် အကယ်ဒမီ ရွှေစင်ရုပ်တုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ရုပ်ရှင်တစ်သက်တာဆုရ အကယ်ဒမီအောင်လွင်က  ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍   ဒုတိယပိုင်း အစီအစဉ်အဖြစ် မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ဖွင့်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊    တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် နာယကများက မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက ပြတိုက်ဖြစ်ပေါ်လာပုံ အကြောင်းနှင့် ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် (၁၀၂) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၅)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က နှုတ်ခွန်းဆက်စကားနှင့် မုဒိတာစကားများ ပြောကြားကြပြီး  သက်ကြီးရုပ်ရှင် အနုပညာရှင်များအား ပူဇော်ကန်တော့ကြသည်။

ဆက်လက်၍ သက်ကြီးအနုပညာရှင်များအတွက် အလှူငွေပေးအပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှူဒါန်းသည့် အလှူငွေကျပ်သိန်း  ၅၀၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  ဝန်ထမ်း မိသားစုများက အလှူငွေကျပ်သိန်း   ၃၀၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အလှူရှင်များက ကျပ်သိန်း ၁၅၀ နှင့် Forever Group Co.,Ltd.က   ငွေကျပ်  ၇၃၅၀၀၀၀ တို့ကိုလှူဒါန်းရာ နာယကများနှင့် အမှုဆောင်များက လက်ခံရယူကြသည်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသည် ပထမဆုံးမြန်မာ့ရုပ်ရှင် ဇာတ်ကား “မေတ္တာနှင့် သူရာ” ကို ရုံတင်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားများကို  ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၄၅)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ယခုနှစ် မြန်မာ့ရုပ်ရှင်နေ့တွင် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲနှင့်အတူ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုချီးမြှင့်ပွဲနှင့် မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ဖွင့်ပွဲတို့ကိုပါ ဂုဏ်ယူစွာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ် သိမ်ဖြူလမ်းရှိ  ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်း၊ ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက   ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်   ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ အကယ်ဒမီ ဦးအောင်လွင်နှင့်    ရုပ်ရှင်အနုပညာရှင်များအား ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ  Sky Starဟိုတယ်၌  ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။