နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ရုပ်သေးကြိုးဆွဲပြိုင်ပွဲနှင့် ကာလပေါ် တေးသီချင်း အဆိုပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ရုပ်သေးကြိုးဆွဲပြိုင်ပွဲနှင့် ကာလပေါ် တေးသီချင်း အဆိုပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေး

နေပြည်တော် အောက်တိုဘာ ၁၄

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမောင်းဟာသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပသည့် ရုပ်သေးကြိုးဆွဲပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

    အဆိုပါပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (ဒုတိယတန်း)  အမျိုးသား/အမျိုးသမီး ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲဝင်များက မင်းသား၊ မင်းသမီးနှင့် ဇော်ဂျီကြိုးဆွဲ ရုပ်သေးရုပ်များကို ကြိုးများဖြင့် ကျွမ်းကျင်စွာ ထိန်းချုပ်ပြီး မြန်မာ့ရိုးရာ ကကွက်များအပြင် ကိုယ်ဟန် အနေအထားအမျိုးမျိုး၊ အမူအရာအမျိုးမျိုးတို့ကို အနုပညာမြောက် သရုပ်ဖော်တင်ဆက်ပြသ ယှဉ်ပြိုင်ခဲ့ကြသည်။

    အလားတူ ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးစိုင်းလုံးဆိုင်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ ကျင်းပသည့် “ကာလပေါ်”  တေးသီချင်း အဆိုပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

    အဆိုပါပြိုင်ပွဲတွင်  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲဝင်များနှင့်  အဆင့်မြင့်ပညာ အဆင့် (အမျိုးသမီး)ပြိုင်ပွဲဝင်များက ထင်ရှားကျော်ကြားလှသည့် ကာလပေါ်တေးသီချင်းများအား ငြိမ့်ညောင်းသာယာ နားဝင်ပီယံရှိစေမည့် အသံနေအသံထားများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်ခဲ့ကြကြောင်း   သိရသည်။