ပညာရှိသူတော်ကောင်းများ ပေါများပါစေ

ယနေ့အချိန်အခါကာလတွင် ခေတ်စားလာသော ဆောင်ရွက်ချက်တစ်ခုမှာ စကားဝိုင်းဆွေးနွေးပွဲများ ဖြစ်သည်။ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲမှသည် မိမိတို့နှစ်သက်ရာ ခေါင်းစဉ်တစ်ခုကို ဦးတည်သော ဆွေးနွေးပွဲများစသည်ဖြင့် တွေ့မြင်ကြားသိရသည်။ အချို့မှာ အသိအလိမ္မာပြည့်ဝသူများပီပီ ပြည်သူများအသိဉာဏ်ဖွံ့ဖြိုးတိုးတက်အောင် ဆွေးနွေးနိုင်စွမ်းရှိသည်။ အချို့မှာ တစ်ဖက်သတ်ဆန်လွန်းသည်။ မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ မိမိဆွေးနွေးမှုသည် အမှန်ဆုံးဟူသော သဘောထားရှိကြသည်။

ဆွေးနွေးပွဲများနှင့်ဆက်စပ်၍ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆွေးနွေးပွဲတစ်ခုကို ဖော်ပြလိုပေသည်။

မင်းကြီးမင်းခေါင်လက်ထက် ဝန်ဇင်းမင်းရာဇာက မွန်မင်းရာဇာဓိရာဇ်၏ အမတ်ကြီးဖြစ်သည့် သီဟပတေ့ ဟူသောပညာရှိသည် မွန်တို့ပြည်တွင် အလွန်ပညာရှိသည်။ အကျော်အစောထင်ရှားသည်။ ထိုသီဟပတေ့ ဟူသောအမတ်နှင့် သစ်ကညင်အရပ်တွင် ပြည်ထဲရေးကိုပြောဆိုအံ့ဟူ၍သွားလေသည်။ လူထုပရိသတ်များကလည်း ပညာရှိနှစ်ဦး၏ စကားသံကို နားထောင်ရန် စုရုံးရောက်ရှိလာကြသည်။

ထိုပညာရေးဆွေးနွေးပွဲသို့ လာရောက်နားထောင်ကြသော ပရိသတ်မှာ လွန်စွာစည်ကား များပြားလှသည်။

ထိုဆွေးနွေးပွဲတွင် ပညာရှိနှစ်ဦးတို့သည် ပညာရှိတို့ဆွေးနွေးခြင်းမျိုးဖြင့် ဆွေးနွေးကြသည်။ ပညာရှိတို့ဆိုခြင်းကား ဟုတ်မှန်သော်လည်း အကြည်အသာဖြင့် ဟုတ်မှန်စေသည်။ မဟုတ်မမှန်လျှင်လည်း အကြည်အသာဖြင့်သာ မဟုတ်မမှန်စေသည်။ ရှေးဦးစွာ သီဟပတေ့အမတ်က အရှင်မင်းရာဇာ - လောက၌ (၁)နာရီ=သမီးကညာ(၂)ဥစ္ဆု=ကြံ(၃) သာဓုဝါကျံ=ပညာရှိသူတော်ကောင်းစကားဟူ၍ အတုမရှိသောအရသာသုံးပါးကို ဖော်ပြလျက်ရှိရာ ဤကြံဖြူသည်လည်း အတုမရှိသော အရသာသုံးပါးတွင် တစ်ပါးအပါအဝင်ဖြစ်၍ သင့်အားဆက်ကပ်ပါ၏ဟု လှမ်းကာပေးလေသည်။

သီဟပတေ့ပေးသော ကြံကိုယူ၍ ဘိုးရာဇာက လက်ဖြင့်ကိုင်လျက် စဉ်းစားသည်မှာ အမရာဒေဝီက မဟော်သဓာအား ယာဂုပေးဆက်ရာတွင် မဟော်သဓာသည် ချစ်မေတ္တာရှိ၍ ပေးအပ်သော အရာကို ပယ်ရှားခြင်းသည် မင်္ဂလာမဲ့သည်ဟု ဆိုကာ စားသောက်သော ထုံးစံရှိသည်နှင့်အညီ ယခုလည်း ဤသို့ကြံဖြူကို ဖယ်ရှားခြင်း ငှာမသင့်ဟုဆင်ခြင်လျက် ကြံဖြူကို အဖျားမှစ၍စားသုံးလေသည်။ ထိုအခါ  သီဟပတေ့အမတ်က အရှင်မင်းရာဇာ...အရှင့်မှာ ပညာရှိကြီးတစ်ဦး ဖြစ်ပါလျက် အဘယ်ကြောင့်ကြံဖြူကို အဖျားကစ၍သုံးဆောင်ပါသနည်းဟုမေးလေရာ မင်းရာဇာက ]]ငါသည် လောကနီတိကျမ်း၊ ဗေဒင်ကျမ်းတို့ကိုအမှီပြု၍ အရသာကို တငွေ့ငွေ့ တိုးတက်ခံစားလိုသဖြင့်   အဖျားမှစ၍  အရသာ ရှိသော အရင်းသို့ တိုင်အောင်ခံစားရန်   ဤသို့သုံးဆောင်ခြင်းဖြစ်သည်ဟုဖြေလေသည်။

ထိုအခါ သီဟပတေ့အမတ်က အရှင်မင်းရာဇာ...ဘုရားဟောသောတရားတော်၌ ကွေးသောလက်သည်မဆန့်ခင်၊ ဆန့်သော လက်သည် မကွေးခင်ပင်လျှင် အနိစ္စသဘောသို့ ရွေ့လျောတတ်ချေ၏။ ထို့ကြောင့် အရသာရှိရာသို့မရောက်မီ သေခြင်းတရားနှင့်တွေ့ကြုံခဲ့သော် အသို့လျှင် အရသာကိုခံစားနိုင်တော့အံ့နည်းဟုပြောလေသည်။ ထိုအခါ ဘိုးရာဇာကသီဟပတေ့အမတ်၊ ငါ့စကားထက် သင့်စကားက ပိုလွန်သင့်မြတ်ပါပေသည်။ ငါကား လောကနီတိကျမ်း၊ ဗေဒင်ကျမ်းတို့ကိုသာ အကိုးအကားပြုသည်။ သင်ကား ဘုရားရှင်၏ အလိုတော်ကျ ဒေသနာကို ပိုမိုပြော၏။ ထို့ကြောင့် ငါ့စကားထက် သင့်စကားမြတ်လှပေ၏ဟု ဝန်ခံလေသည်။

ထိုအခါ သီဟပတေ့လည်း သြော်-ငါကား အတုမရှိသော ပညာရှိသူတော်ကောင်းကို တွေ့ရပါပေ၏တကားဟု အားရဝမ်းသာ ဆိုတော်မူသည်။ ထို့နောက် အချိန်တစ်ပိဿာငါးဆယ်ခုတ်ရှိ ငွေကွမ်းအစ်ကို လက်ဆောင်ပြု၍ ပူဇော်လေသည်။

လူမှုပတ်ဝန်းကျင်တွင် လူများစွာတို့သည် မိမိ၏အပြောမှား၊ အဆိုမှား၊ အပြုမှားသည်ကို အနည်းနည်းအဖုံဖုံဖြင့်သာ အနိုင်ရအောင် ပြောဆိုလေ့ရှိကြသည်။ ပညာရှိသူတော်ကောင်းတို့ကား ဤသို့မဟုတ်။ မိမိပြုမူ ပြောဆိုချက် မှားယွင်းသွားလျှင် မှားယွင်းကြောင်းကို ဝန်ခံခြင်းပင် ဖြစ်လေတော့သည်။ မိမိ၏အပြစ်ကို သိလေ့ရှိသော လူမိုက်သည် မိမိအပြစ်ကို မသိမမြင်သော ပညာရှိထက်ပိုမြတ်ကြောင်း ဆိုရိုးစကားရှိလေသည်။ ပညာလည်းရှိ၍ သူတော်ကောင်း ပုဂ္ဂိုလ်ဖြစ်စေ သို့မဟုတ် ပညာမရှိသော်လည်း သူတော်ကောင်းဖြစ်သော ပုဂ္ဂိုလ်ဖြစ်စေ ထိုပုဂ္ဂိုလ်မျိုး မြောက်မြားစွာ ပေါ်ထွက်လျှင် မည်သည့် တိုင်းပြည်မြို့ရွာများ၌မဆို သတ္တဝါအပေါင်းတို့မှာ ငြိမ်းချမ်းသာယာ၍ စည်ပင်ဝပြောနိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့်တကွ တိုင်းပြည်မြို့ရွာတိုင်းတို့၌ ပညာမဲ့သူယုတ်မာများ ပပျောက်၍ ပညာရှိသူတော်ကောင်းနှင့် ပညာမရှိသော်လည်း သူတော်ကောင်းဖြစ်သော ပုဂ္ဂိုလ်များ ပေါ်ထွက်လာပါစေဟူသော မျှော်လင့်ချက်ဖြင့် ရေးသားလိုက်ရပေသည်။  ။