ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန ဆောက်လုပ်မှုကို ကြည့်ရှုစစ်ဆေးပြီး  ကျောင်းကုန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းမှုနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပုသိမ်စက်မှုမြို့တော်စီမံကိန်းရှိ အသေးစား၊ အငယ်

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန ဆောက်လုပ်မှုကို ကြည့်ရှုစစ်ဆေးပြီး  ကျောင်းကုန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းမှုနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပုသိမ်စက်မှုမြို့တော်စီမံကိန်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME)များ ကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန ဆောက်လုပ်မှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းကုန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းမှုနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပုသိမ်စက်မှုမြို့တော် စီမံကိန်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များအား သွားရောက်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည်  ရန်ကုန် -ပုသိမ်ကားလမ်းမကြီး မိုင်တိုင်အမှတ် ၅၀ မိုင် ၃ ဖာလုံနှင့်  ၅၀ မိုင် ၄ ဖာလုံအကြားတွင် အောက်တိုဘာလဆန်းမှ   စတင်ဆောက် လုပ်လျက်ရှိသော    ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ မြို့မကုမ္ပဏီလီမိတက်မှ စီမံကိန်းတာဝန်ခံ ဦးသန်းဇော်ညွန့်က  တည်ဆောက်ရေးလုပ်ငန်း အခြေအနေအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခရိုင်နှင့်မြို့နယ် ပြန်/ဆက် ရုံးများကို နိုင်ငံတော်ဘဏ္ဍာငွေ  ခွင့်ပြုမှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် လူထုအခြေပြု ဗဟိုဌာနများအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိရာ ယခုအခါ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာနကို အရွယ်အစား (၁၀၀ x၆၀ ) ပေ RC နှစ်ထပ်အဆောက်အဦအဖြစ် နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ် ၅၈၂ ဒသမ ၆ သန်းအသုံးပြု၍ ၂၀၂၃ ခုနှစ် မတ်လအပြီး ဆောက်လုပ်နေခြင်းဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျောင်းကုန်း မြို့နယ် ဇရပ်ကွင်းအုပ်စုရှိ ၂၀၂၂-၂၀၂၃ ခုနှစ် မျိုးစေ့ထုတ်တောင်သူများ၏ ဆင်းသုခစပါးစီးပွားဖြစ်မျိုးသန့်စေ့ထုတ် ဧက ၅၀ စံပြစိုက်ခင်း၏ စံကွက်ရိတ်သိမ်းပွဲသို့ ရောက်ရှိကြရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက်  စပါးမျိုးစေ့ထုတ်လုပ်နိုင်မှုနှင့် သစ်စိမ်းမြေသြဇာ ထည့်သွင်းနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ရိတ်သိမ်းခြွေလှေ့စက်ဖြင့်  စံကွက်ရိတ်သိမ်းမှုအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စံကွက်ရိတ်သိမ်းပွဲသို့  တက်ရောက် လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး မိရိုးဖလာစမ်းသပ် စိုက်ပျိုးမှုမှ ပြောင်းလဲလာသောခေတ်နှင့်အညီ စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ အထွက်နှုန်းကောင်းသည့် မျိုးသန့်စပါးများ အသုံးပြုပြီး သဘာဝဓာတ်မြေသြဇာသွင်းအားစုများ စနစ်တကျအသုံးပြုရေးတို့ကို ရှင်းလင်းပြောကြားပြီး ကျယ်ကျယ်ပြန့်ပြန့်အသိပညာ ပေးနိုင်ရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်တစ်ခုနှင့် ကျေးရွာအုပ်စုပေါင်း ၆၅ စုမှ တောင်သူ ၂၆၀၃၉ ဦးတို့က မိုးစပါး ၁၁၈၀၁၆ ဧက စိုက်ပျိုးထားရှိမှုအနက် ကျေးရွာအုပ်စုပေါင်း ၂၄ စုမှ တောင်သူ ၉၅ ဦးတို့က ဆင်းသုခမျိုးသန့်စပါး ၉၅၇ ဒသမ ၅ ဧက စိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့်အတူ ကျေးရွာအုပ်စု ၁၁ စုမှ တောင်သူ ၁၇၆ ဦးတို့က သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်) ဧက ၁၀၀၀ ထည့်သွင်းစိုက်ပျိုးလျက် ရှိကြောင်းနှင့် ယင်းစံကွက်ရိတ်သိမ်းမှုမှာ တစ်ဧကလျှင် စပါး(အခြောက်) ပျမ်းမျှအထွက်နှုန်း ၁၁၅ တင်းဖြစ်ကြောင်းသိရသည်။

မွန်းလွဲပိုင်းတွင် ပုသိမ်စက်မှုမြို့တော်စီမံကိန်းရှင်းလင်းဆောင်၌ စီမံကိန်းဒုတိယဥက္ကဋ္ဌ ဦးစိုးသူရက  စီမံကိန်းလျာထားမှုနှင့် တိုးတက်ပြီးစီးမှုအခြေအနေ၊   ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကူညီပံ့ပိုးပေးစေလိုသည့်အချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME)များသည် မိမိဒေသတစ်ခုအတွက်သာကွက်၍ ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ကုန်ထုတ်လုပ်မှုကိုအခြေခံ၍ နိုင်ငံ့စီးပွားရေးအထိအမြင်ကျယ်ကျယ်ဖြင့် ရည်မှန်းဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်ထားကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို နေရောင်ခြည်သုံးနှင့် လေအားတို့ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းကဲ့သို့ နည်းလမ်းများဖြင့်  စက်ရုံ တစ်ခုချင်းအလိုက်ဖြစ်စေ၊ စက်မှုဇုန်အလိုက်ဖြစ်စေ စနစ်တကျတပ်ဆင်ထုတ်လုပ်ခြင်းအားဖြင့် မိမိတို့လိုအပ်ချက်ကို ဖြည့်တင်းနိုင်မည့်အပြင်  နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းသို့လည်း ပို့လွှတ်၍ ရောင်းချနိုင်သည့် နည်းလမ်းရှိကြောင်း၊ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း တင်ပြမှုတို့ဖြင့် ဖြေရှင်းကျော်လွှားပြီး အောင်မြင်အောင်ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း  ပြောကြားသည်။

ထို့အတူ  တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း  ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ့အတွက် ဆန်၊ စပါး အဓိကထုတ်လုပ်ပေးနေခြင်းဖြစ်ရာ ဆန်၊ စပါး စိုက်ပျိုးထုတ်လုပ်ရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ပုသိမ်စက်မှုမြို့တော်စီမံကိန်းနေရာမှ ပြည်ပသို့ တိုက်ရိုက်ဆန်တင်ပို့နိုင်မည်ဖြစ်သဖြင့် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်၍ များများတင်ပို့နိုင်ရေး  ဝိုင်းဝန်းနည်းလမ်း ရှာဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ Vent Dest Pathein Co.,Ltd.  အထည်ချုပ်စက်ရုံသို့ သွားရောက်ကြရာ တာဝန်ရှိသူများက အထည်ချုပ်လုပ်ငန်း ဆောင်ရွက်မှုလုပ်ငန်းစဉ်အား လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါစက်ရုံတွင် ပတ်ဝန်းကျင်ဒေသမှ လုပ်သားအင်အား ၈၀၀ ခန့်ဖြင့် ဥရောပနိုင်ငံများမှ ကုန်ကြမ်းများတင်သွင်း၍ စံချိန်စံညွှန်းမီသောအထည်များကို စနစ်တကျထုပ်ပိုးပြီး ဥရောပနိုင်ငံများသို့ ပြန်လည်တင်ပို့လျက်ရှိကြောင်း၊ စက်ရုံများ၏ ကုန်ထုတ်လုပ်မှုနှင့်တင်ပို့မှုများမှာ ပိတ်ဆို့မှုများကြောင့် ရပ်တန့်လျက်ရှိကြောင်း၊ သတင်းတု၊ သတင်းမှားများ  ဖြန့်ဝေပျံ့နှံ့လျက်ရှိသော်လည်း ယင်းစက်ရုံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုလျော့ပါးသွားချိန်မှစ၍ လုပ်ငန်းများ အရှိန်အဟုန်မပြတ် လည်ပတ်လျက်ရှိကြောင်း သိရသည်။

ယင်းနောက်   ဧရာဟင်္သာဆန်စက်သို့ သွားရောက်ကြရာ   တာဝန်ရှိသူများက လုပ်သားအင်အား ၅၀ ခန့်ဖြင့်  500 KVA Transformer အသုံးပြုကာ ပေါင်းဆန်များ ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ရာသီတွင် ဥရောပနှင့် အာဖရိကနိုင်ငံများ၊ တရုတ်နိုင်ငံနှင့် ပြည်တွင်းဈေးကွက်သို့ ဆန်တန်ချိန် ၇၅၀၀၀ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုရာသီတွင်လည်း ဥရောပနှင့် အာဖရိကနိုင်ငံများ၊ တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများသို့ ဆန်တန်ချိန် တစ်သိန်းခွဲမှ နှစ်သိန်းအထိလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန်နှစ်သောင်းနှင့် ပြည်တွင်းဈေးကွက်သို့ တန်ချိန်နှစ်သောင်းငါးထောင် ဖြန့်ဖြူး ရောင်းချသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းတင်ပြပြီး လုပ်ငန်းစဉ်အဆင့်ဆင့်အား    လိုက်လံရှင်းလင်း ပြသသည်။

ဆက်လက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်ဆန်တင်ပို့မည့် ယာယီဆိပ်ကမ်း ပြင်ဆင်ဆောင်ရွက်နေမှုကို လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် တောရကျောင်းလမ်းရှိ ရွှေစာပုသိမ်ထီးလုပ်ငန်းသို့ သွားရောက်ကြပြီး ပုသိမ်ထီး အရွယ်အစား အမျိုးမျိုး ထုတ်လုပ်ပုံအဆင့်ဆင့်အား ကြည့်ရှုအားပေးသည်။

အဆိုပါ ပုသိမ်ထီးလုပ်ငန်းကို ၁၉၄၂ ခုနှစ်မှစ၍ မိသားစုလုပ်ငန်းအဖြစ် မျိုးရိုးစဉ်ဆက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ကြိုက်နှစ်သက်သဖြင့် စဉ်ဆက်မပြတ် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။  

ဆက်လက်၍ ပုသိမ်မြို့ ကမ်းနားလမ်း  ရန်ကင်းတောင်ရပ်ကွက်ရှိ နေမင်းပုဂ္ဂလိက ဆားကြိတ်စက်သို့ ရောက်ရှိပြီး အိုင်အိုဒင်းဆား ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုလေ့လာကြသည်။

၎င်းင်းတွင် ဒေသထွက်ဆားကြမ်းများ လုံလောက်စွာရရှိနေသော်လည်း အဆင့်မီဆားချောများ ထုတ်လုပ်နိုင်ရန် နည်းပညာလိုအပ်ချက်များ ရှိနေသဖြင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရသည်။

ထို့နောက် ပုသိမ်မြို့ ရွှေမြင်းပျံဟာလဝါမုန့်စက်ရုံသို့ သွားရောက်ကြပြီး လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ကြည့်ရှုအား ပေးသည်။  ပုသိမ်ဟာလဝါမုန့်လုပ်ငန်းကို လုပ်သား ၃၀ ခန့်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပုသိမ်မြို့ရှိ အဓိကနေရာကိုးခုခန့်မှ ထုတ်လုပ်ကာ  နိုင်ငံတစ်ဝန်းသို့  ဖြန့်ချိရောင်းချလျက်ရှိကြောင်းနှင့် သီတင်းကျွတ်ကာလရောက်ရှိလာပြီဖြစ်၍ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ယင်းနောက်  ပုသိမ်မြို့  အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက   ယူရီးယားဓာတ်မြေသြဇာ ထုတ်လုပ်ပုံလုပ်ငန်း အဆင့်ဆင့်အား လိုက်လံ ရှင်းလင်းပြသကြသည်။ အဆိုပါ တန် ၅၀၀ထုတ်လုပ်နိုင်စွမ်းရှိသော စက်ရုံမှ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားရရှိမှုအလိုက် နေ့ဆိုင်းညဆိုင်း တာဝန်ခွဲ၍ စဉ်ဆက်မပြတ်ထုတ်လုပ်နေခြင်း ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်း တိုးတက်စေရန်အတွက် ယူရီးယားဓာတ်မြေသြဇာအိတ်များကို အနယ်နယ်အရပ်ရပ်သို့ ဖြန့်ချိပေး လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ညပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည်  ရန်ကုန်မြို့ပြည်လမ်းရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 အုပ်စု(ဃ) ပွဲစဉ်(၇)၏ ပြဋ္ဌာန်းတေးသီချင်း ဆိုပြိုင်ပွဲသို့ တက်ရောက်၍ အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခြင်း၊ ပြိုင်ပွဲကျင်းပမှုကို  ကြည့်ရှုအားပေးခြင်းနှင့် အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။