ထွက်ကုန်မြှင့်တင်တိုးထုတ်လျှင် ကောင်းမွန်ပြည့်ဝအာဟာရ၊ ဝန်းကျင်လှပတို့ဘဝ၊ လူတိုင်းစေ့ငရရှိကြ

ထွက်ကုန်မြှင့်တင်တိုးထုတ်လျှင် ကောင်းမွန်ပြည့်ဝအာဟာရ၊ ဝန်းကျင်လှပတို့ဘဝ၊ လူတိုင်းစေ့ငရရှိကြ

နေပြည်တော် အောက်တိုဘာ ၁၆

၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်  ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့်  ထွက်ကုန်မြှင့်တင် တိုးထုတ်လျှင် ကောင်းမွန်ပြည့်ဝအာဟာရ၊ ဝန်းကျင်လှပတို့ဘဝ၊ လူတိုင်းစေ့ငရရှိကြစေဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများ၏စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးနိုင်ဦး (နေပြည်တော်စက်မှုလယ်ယာတိုင်းဦးစီးမှူး)

စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ ဌာနက စက်ကိရိယာ များနဲ့ လုပ်ဆောင်နေမှု အပိုင်းကို တက်ရောက်လာတဲ့  ဧည့်သည်တော်များကို ခင်းကျင်းပြသထားတာဖြစ်ပါတယ်။ စက်မှုလယ်ယာ သင်တန်းတွေကို စက်မှုလယ်ယာ စခန်းတွေမှာ  နှစ်ပတ်သင်တန်းအဖြစ် တောင်သူတွေကို လယ်ယာသုံးစက် ကိရိယာ အသုံးပြုနည်းအခြေခံမောင်းနှင်ထိန်းသိမ်းမှုသင်တန်းတွေ ပို့ချပေးပါတယ်။ အလတ်စားစက်ပြင် အလုပ်ရုံတွေမှာ   တစ်လသင်တန်းပို့ချပေးပါတယ်။ ဒီရေဆင်းမှာရှိတဲ့ သင်တန်းကျောင်းမှာလည်း သင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်။ ဒီနှစ်မှာစတင်ပြီးတော့ မိတ္ထီလာမှာ ဒီပလိုမာပေးတဲ့ တစ်နှစ်သင်တန်းလည်း စတင်နေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာနေ့ကျင်းပတဲ့ ဒီနေ့မှာ ဆုရ တောင်သူတွေ တစ်နည်းပြောရရင် အထွက်နှုန်းမြင့်မားတဲ့ တောင်သူတွေကို အသိအမှတ်ပြုပေးခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဖြင့် တောင်သူတွေအချင်းချင်း ရှေ့ဆောင် လမ်းပြနည်းပေးလည်းဖြစ်တယ်။ အထွက် နှုန်းတွေလည်း  ပိုမိုတိုးမြင့်လာမယ်လို့  ယုံကြည်ပါတယ်။

ဦးဝင်းကျော် (ဝါသီးနှံစိုက်ပျိုးဆုရတောင်သူ)

ကျွန်တော်က ဆီထွက်သီးနှံတွေဖြစ်တဲ့  ဝါသီးနှံနဲ့ ဆုရရှိတာဖြစ်ပါတယ်။ ဆီထွက်သီးနှံကို ၁၉၉၄-၁၉၉၅ ခုနှစ်လောက်ကတည်းက   စတင်စိုက်ပျိုးလာတာပါ။ခုနောက်ပိုင်းမှာ  စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပေါင်းစပ်ပြီး စိုက်ပျိုးတာပါ။ စိုက်ပျိုးရေးဦးစီး ဌာနအနေနဲ့  နည်းပညာတွေ၊  မျိုးတွေ၊ ပေါင်းသတ်ဆေးတွေ အခြားလိုအပ်တာတွေ ဖြည့်ဆည်းပေးတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဒီလိုဝါအထွက်နှုန်းတွေ တိုးလာတာ ဖြစ်ပါတယ်။ စိုက်ပျိုးဧက ၁၅ ဧက စိုက်ပျိုးခဲ့ ပါတယ်။ အထွက်နှုန်းကတော့ ၈၀၅ ပိဿာ ထွက်ရှိပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနနဲ့ အမြဲချိတ်ဆက်ဆောင်ရွက်ပါတယ်။ မျိုးစေ့ကလည်း စိုက်ပျိုးရေးဦးစီးဌာနက ရရှိတာ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားမှာ ဆုရရှိတဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ဦးတင်ဝင်း -နို့စားနွားမွေးမြူရေးနဲ့ နို့နှင့်

နို့ထွက်ပစ္စည်းထူးချွန်ဆုရ (ရွှေအိုး-နို့စားနွားမွေးမြူရေးခြံ)

ရရှိတဲ့ဆုက  နို့စားနွားမွေးမြူရေးနဲ့ နို့ နှင့်နို့ထွက်ပစ္စည်း ထူးချွန်ဆုရရှိတာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ကတည်းက စတင်မွေးမြူ လာပြီး ၁၉ နှစ်အတွေ့အကြုံနဲ့ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး ခေတ်မီတဲ့နည်းပညာ အသုံးပြုပြီး ခြံလုံစနစ်နဲ့ အသုံးပြုမွေးမြူခဲ့တဲ့အတွက်ကြောင့် ပိုမိုအောင်မြင်လာတာ ဖြစ်ပါတယ်။ မွေးမြူထားတဲ့နွားတွေ အာဟာရပြည့်ဝဖို့အတွက် အစာကို ကိုယ်တိုင်လည်း စိုက်ပျိုးသလို တောင်သူများလည်း တွဲပြီးစိုက်ပျိုးတယ်။

နို့စားနွားနဲ့ ပတ်သက်ပြီး သင်တန်းတက် ရောက်လိုပါက ကျွန်တော့်ခြံမှာအခကြေးငွေ မယူဘဲ (အခမဲ့)သင်တန်းပို့ချ ပေးနေပါတယ်။  နောက်ပိုင်းမှာလည်း မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနနဲ့ပူးပေါင်းပြီး ခေတ်မီတဲ့နည်း ပညာများကို ဆက်လက်လေ့လာပြီး  နို့စား နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူ တွေကို ဗဟုသုတနဲ့ အတွေ့အကြုံတွေ စဉ်ဆက်မပြတ်မျှဝေပေးနေမှာပါ။ 

မဇင်မီသိမ့်(Global Earth Agro & Aqua Industry Public Company Limited ) Director

ကုမ္ပဏီအနေနဲ့ ဒီနေ့အခမ်းအနားမှာ ခေတ်မီရေချိုငါးမွေးမြူထုတ်လုပ်ရေးမှာ ထူးချွန်ဆုရရှိတာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ်ကစပြီးလုပ်တာပါ။  ရေချိုငါးမွေးမြူရေးကို ရေနက်ကွင်းမှာလုပ်တာဖြစ်ပါတယ်။ ယခင်က  သဘာဝနည်းနဲ့ပဲမွေးဖို့လုပ်ပါတယ်။နောက်ပိုင်း ခေတ်မီတဲ့နည်းနဲ့လုပ်ဖို့အတွက် ကန်အနေအထားတွေ၊  ရေသွင်းမြောင်း၊ ရေထုတ်မြောင်းတွေကို စနစ်တကျပြန်ပြီး တည်ဆောက်ရတယ်။ ငါးမွေးမြူရေးနဲ့ ပတ်သက်တာတွေကို  နိုင်ငံခြားတွေမှာ  သွားရောက်လေ့လာပါတယ်။  ပထမအဆင့်မှာတော့ တန် ၂၀၀ ထွက်ရှိရေး  ကြိုးစားလုပ်ဆောင်နေပါတယ်။  ထွက်ရှိလာတာ တွေကို  ပြည်တွင်း/ပြည်ပဈေးကွက်နှစ်ခုစလုံးအတွက် လုပ်ဆောင်နေပါတယ်။ ကျွန်မတို့က ငါးတန်ကိုမွေးမြူတာဖြစ်ပြီး    ဒီငါးကိုလည်း  တစ်ကမ္ဘာလုံးကလက်ခံတာတွေရှိပါတယ်။  မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝနဲ့လည်း  မွေးမြူဖို့အတွက် အရမ်းသင့်တော် ပါတယ်။  ဒီလုပ်ငန်းကိုလည်း အခြားနယ်မြေတွေမှာလည်း လုပ်စေချင်ပါတယ်။ နိုင်ငံတော်က ဒီလိုအစီအစဉ်တွေနဲ့ ဆုတွေပေးတဲ့အတွက်  ကျေးဇူးအထူးတင်ပါတယ်။

ဇော်မျိုး(နေပြည်တော်)

ဓာတ်ပုံ-ကျော်လွင်