နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ မွန်တိုင်းရင်းသား ရိုးရာအက ပြိုင်ပွဲနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ မွန်တိုင်းရင်းသား ရိုးရာအက ပြိုင်ပွဲနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေး

နေပြည်တော် အောက်တိုဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို ဌာန(၂) Plenary Hall ၌ ကျင်းပသည့် မွန်တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်အဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲတွင် အလွတ်တန်းအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အကအဖွဲ့များက ဟင်္သာတို့ရဲ့ပျော်ရာမြေ သီချင်းနောက်ခံဖြင့် လှပတင့်တယ် ကျက်သရေရှိလှသည့် မွန်တိုင်းရင်းသား ရိုးရာ ကကြိုး၊ ကကွက်များကို ညီညာလှပ ကျွမ်းကျင်ပိုင်နိုင်စွာ ကပြယှဉ်ပြိုင်ကြသည်။

အလားတူ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Signing Room  ၌ ကျင်းပသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ သီဆိုယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲဝင်များက ထင်ရှားကျော်ကြားလှသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများ ဖြစ်သော တပင်ရွှေထီး၊ လှေပွဲနှင့် ကောင်းစားတော့မည်   စသည့် တေးသီချင်းများအား ငြိမ့်ညောင်းသာယာ နားဝင်ပီယံရှိစေမည့် အပြင် နားဆင်သူများအဖို့ စိတ်အား ထက်သန်စေမည့်   အသံနေ အသံထားများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။

ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)ရှိ Plenary Hall ၌ မြန်မာအက အခြေခံကဗျာလွတ် (ပထမအဆင့်) အကပြိုင်ပွဲများနှင့် News Briefing Room ၌ ဂီတာအတီး ပြိုင်ပွဲများကို ဆက်လက် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာ ရသပေါ်လွင်စွာ ယှဉ်ပြိုင်လျက် ရှိကြသည့် အပြင် အနုသုခုမကို စိတ်ဝင်စားကြသည့် ဝါသနာရှင်များကလည်း    တစ်ခဲနက် လာရောက် ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။