မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာအတွင်းရှိ နေအိမ်များအား AA အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့

မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာအတွင်းရှိ နေအိမ်များအား AA အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့

နေပြည်တော် အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ်၊   မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာအတွင်းရှိ လူနေအိမ် များအား အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင်  AA အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ကျေးရွာရှိ လူနေအိမ် ၁၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ဖားဝပ်ချောင်းကျေးရွာ၏ တောင်ဘက် မီတာ ၂၀၀ ခန့်အကွာသို့အရောက်၌   AA အဖွဲ့က လက်နက်ကြီး၊   လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အဖွဲ့က ဖားဝပ်ချောင်းကျေးရွာ အတွင်းသို့   ဝင်ရောက်ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းနောက် AA အဖွဲ့က ကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး  ကျေးရွာ၏အရှေ့ဘက်သို့ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူနေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့သဖြင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျန်နေအိမ်များအား  မီးကူးစက်လောင်ကျွမ်းမှုမရှိစေရေး ဝိုင်းဝန်းမီးငြှိမ်းသတ် ပေးခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီး ထွက်ပြေးသွားခဲ့သည့်  AA အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံချေမှုန်းလျက်ရှိကြောင်းနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    သိရသည်။