ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရ

နေပြည်တော်၊ အောက်တိုဘာ ၁၉

          ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား ၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

          ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဗဟိုအကျဉ်းထောင်၏ ဝင်/ထွက်ဂိတ်ပေါက်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ် လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် အကြမ်းဖက်သမားများ၏ ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်းဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရသည်။

          အဆိုပါပေါက်ကွဲမှုများကြောင့် အခင်းဖြစ်နေရာအနီးတွင် တာဝန်ဝတ္တရားများ ဆောင်ရွက် လျက်ရှိကြသည့် အကျဉ်းထောင်တပ်သားများဖြစ်သည့် ကျော်ဇင်ဦး၊ ချစ်မိုးဝေနှင့် ပိုးအိစံ၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူများဖြစ်ကြသည့် ဒေါ်သင်းသင်းချို(၅၄)နှစ်၊ မယွန်းမီမီကျော် (၁၀)နှစ်၊ ဒေါ်သိန်းကြွယ်(၅၆)နှစ်နှင့် စိစစ်ဆဲ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၈ ဦး တို့ တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင် လက်ထောက် ကြီးကြပ်ရေးမှူး(၁) ဒေါ်သိင်္ဂီဝင်းမြင့်၊ အကျဉ်းထောင်တပ်သား ဇေယျာခင်စိုး၊ ထွန်းထွန်းနိုင်၊ သူရိန်ထွေး၊ သဒ္ဒါဖူးကိုကိုနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့ သူများဖြစ်ကြသည့် မောင်ဖြိုးသူသျှံ (ခ)ပိုင်ပိုင်(၉)နှစ်၊ ကိုရန်နိုင်(၃၅)နှစ်၊  ကိုစည်သူအောင်(၃၈)နှစ်၊ မောင်ပြည့်စုံဖြိုး(၁၇)နှစ်၊ ကိုထက်နိုင်ထွန်းရှိန်(၃၃)နှစ်၊ ဒေါ်ဇာခြည်လွင်(ခ)မလုံးစီ(၄၃)နှစ်၊ မအေးစန္ဒာစိုး(၂၁)နှစ်၊ ဒေါ်မျိုးပပဝင်း(၄၁)နှစ်၊ မမေသွန်းနဒီနိုင်(၁၇)နှစ်၊ ဒေါ်နော်ဝါးဖော(၅၀)နှစ်၊ မဆွေသူအောင်(၂၉)နှစ်၊ မဇင်မာဝင်း(၃၄)နှစ်၊ ဒေါ်မိုးသီတာ(၅၃)နှစ် စုစုပေါင်း ၁၈ ဦးတွင် မိုင်းစ ထိမှန် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

          ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအား မိုင်းရှင်းလင်း ရေးများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆောက်အဦအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသည့် ပါဆယ်ထုပ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိ သဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ပြီး ဖြစ်စဉ်တွင် အကျဉ်းထောင်ဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သား ပြည်သူများအား သေဆုံးထိခိုက်ဒဏ်ရာများရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့် အညီ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။