နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အခြေအနေအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အခြေအနေအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၁၉

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နေ့လည်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန် တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိစစ်ဆေးခဲ့သည်။

          ထိုသို့ရောက်ရှိစစ်ဆေးစဉ် ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်အချိန်က အကြမ်းဖက်သမား များ၏ ပါဆယ်ထုပ်အတွင်း လက်လုပ်မိုင်းထည့်သွင်းကာ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်၏ ဝင်/ထွက်ဂိတ်ပေါက်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံ သည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့မှုကြောင့် အကျဉ်းထောင် ဝန်ထမ်း ၃ ဦးနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ် လာရောက်ပေးပို့သူများဖြစ်ကြသည့် အရပ်သားပြည်သူ ၅ ဦး၊ စုစုပေါင်း ၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင်ဝန်ထမ်း ၅ ဦးနှင့် အရပ်သားပြည်သူ ၁၃ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အခင်းဖြစ်ရပ်အခြေအနေအား အသေးစိတ် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန်ဗဟိုအကျဉ်းထောင်အစည်းအဝေး ခန်းမ၌ ပေါက်ကွဲမှုဖြစ်ပွားစဉ် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အကျဉ်းထောင်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစည်းဝေးခန်းမ၌ အကျဉ်းထောင်တာဝန်ရှိ သူများနှင့် လုံခြုံရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ကာ အကျဉ်းထောင်ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူများအား တွေ့ဆုံပြီး နှစ်သိမ့်အားပေး စကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။