အာဖဂန်၌ အယ်လ်ကိုင်ဒါတို့ အမြစ်ပြတ်သွားပြီဟုယုံကြည်နေသည့် အမေရိကန်

ကမ္ဘာပေါ်၌ စစ်ဘေးဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး ကမ္ဘာ့အဆင်းရဲဆုံးစာရင်းတွင် နံပါတ်တစ်နေရာ၌ ရှိနေသည့်နိုင်ငံမှာ အာဖဂန်နစ္စတန်ဖြစ်သည်။ ၂၀၀၁ ခုနှစ် အာဖဂန်သို့ အမေရိကန်တို့ စတင်ကျူးကျော်ချိန်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်တွင်းစစ်သက်တမ်း ၁၉ နှစ်တာကာလမျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုကာလအတွင်း အာဖဂန်၌  အကောင်းဆုံးတည်ငြိမ်မှုများ မရှိခဲ့ပေ။ အမေရိကန်၏ ထောက်ပံ့မှုများ အမြဲမပြတ်ရှိနေပြီး တာလီဘန်တို့၏ ထိုးစစ်များကလည်း အမေရိကန်တို့ ချေမှုန်းနေသည့်ကြားမှပင် မြင့်တက်လာနေပြန်သည်။

၂၀၁၆ ခုနှစ်ကတည်းက အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ လျှော့ချနိုင်ရေးကိုစတင်ခဲ့ကြသော်လည်း ထိုအချိန်တွင် အာဖဂန်လုံခြုံရေးက လက်လွှတ်၍မရသေးသောကြောင့် အမေရိကန်တပ်များ ဆုတ်ခွာချိန်ကို သက်တမ်းတိုးပေးရန် အာဖဂန်သမ္မတ ဂါနီကအိုဘားမားထံ တောင်းဆိုခဲ့ရသည်။ ထို့ကြောင့် အိုဘားမား လက်ထက် အာဖဂန်ရှိ အမေရိကန်တပ်များ ပြောင်းရွှေ့ရေးမှာ အလုပ်မဖြစ်ခဲ့ခြင်း ဖြစ်သည်။

ယခု ထရမ့်က အမေရိကန်တပ်သားများကို တဖြည်းဖြည်းဆွဲထုတ်နေပြီး တာလီဘန်တို့နှင့်လည်း ဆွေးနွေး ပွဲများ အကြိမ်ကြိမ်ပြုလုပ်နေသည်။ စက်တင်ဘာ ၁၇ ရက်က ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ အာဖဂန်ငြိမ်း ချမ်းရေး ဆွေးနွေးနေစဉ် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ဆွေးနွေးပွဲများက တစ်နေရာ၊ တိုက်ပွဲများက တစ်နေရာဖြစ်နေကာ အမေရိကန်အနေဖြင့် သဘောတူညီမှုများ မရရှိသေးမီ တပ်ဖွဲ့များကို ဆွဲထုတ်နေသည့်ပုံစံဖြစ်နေသည်။ အန္တရာယ်ရှိသော တာလီဘန်တို့ကို အမေရိကန်က အရေးပါသည့်ကဏ္ဍတွင် ထည့်တွက်တော့သည့် ပုံမပေါ်ပေ။ ယင်းမှာ မူလရည်ရွယ်ချက်က အကောင်အထည်ပေါ်ခဲ့ပြီဖြစ်သောကြောင့် လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

၂၀၀၁ ခုနှစ်က အာဖဂန်၌ တာလီဘန်အစိုးရက ဘာသာရေး စည်းမျဉ်းများဖြင့် အုပ်ချုပ်နေချိန်၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာပင် အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်ကြောင့် အမေရိကန်၏ ကမ္ဘာ့ ကုန်သွယ်ရေးစင်တာကြီးမှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည်။

ထို့ကြောင့် အယ်လ်ကိုင်ဒါ ချေမှုန်းရေးနှင့် ဘင်လာဒင်သုတ်သင်ရေး စီမံကိန်းများကို အမေရိကန် အစိုးရ အဆက်ဆက် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းခဲ့ကာ အာဖဂန်နှင့် အီရတ်သို့ ကျူးကျော်စစ်များ ဆင်နွှဲခဲ့ သည်ကလည်း ထိုအတွက်ကြောင့်ပင်ဖြစ်သည်။ ဘင်လာဒင်၏ အဓိကနေရာက အာဖဂန်ဖြစ်ပြီး ၎င်း၏အဖွဲ့ အယ်လ်ကိုင်ဒါကလည်း အာဖဂန်၌ ခြေကုပ်ယူကာ အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

အယ်လ်ကိုင်ဒါတို့ ပိုင်ဆိုင်ထားမှုများနှင့် အဓိက စွမ်းအင်ဈေးကွက်မှာ အီရတ်မှရရှိခြင်းဖြစ်ကာ ထိုငွေကြေး များဖြင့် အာဖဂန်၌ အခြေစိုက်စခန်းယူ၍ ပါကစ္စတန်အထိနေရာယူပြီး အကြမ်းဖက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ဥရောပနှင့် အမေရိကန် အသိုင်းအဝိုင်းအထိပင် ခရီးရောက်ခဲ့သော အယ်လ် ကိုင်ဒါဂယက်က အမေရိကန်၌ ယခုအချိန်ထိ ရိုက်ခတ်မှုများရှိနေကာ လူမည်းများနှင့်လူဖြူများ၊ အမေရိကန်ရှိ မွတ်စလင်များကြား မယုံကြည်ခြင်းတရားများ ကိန်းအောင်းခဲ့သည့်အချိန်ဟု ဆိုရမည်ဖြစ် သည်။ ထိုအချိန် အမေရိကန်အစိုးရက အမေရိကန်၌ရှိသည့် မွတ်စလင်များကို သံသယတံဆိပ်ကပ်ကာ ဂွါတီမာလာရှိ အကျဉ်းစခန်းများသို့ ပို့ဆောင်သည်အထိ ပြုလုပ်ခဲ့သည်။

အာဖရိက အရှေ့အလယ်ပိုင်းဒေသ၌ အယ်လ်ကိုင်ဒါ ချေမှုန်းရေးကို အမေရိကန်တို့ ဆယ်စုနှစ်တစ်စု ကျော်သည်အထိ ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ဘင်လာဒင်ကို ပါကစ္စတန်၌ ခြေရာခံမိခဲ့သည်။ ထို့ကြောင့်   ပါကစ္စတန်အစိုးရ၏ ခွင့်ပြုချက်မရဘဲ အမေရိကန်ဘက်မှ စစ်ဆင်ရေးတစ်ရပ်ဆောင်ရွက်ကာ ဘင်လာဒင်ကို သုတ်သင်ခဲ့သည်။

ထို့ကြောင့် ပါကစ္စတန်နှင့် အမေရိကန်တို့ကြား ဆက်ဆံရေးတင်းမာမှု ပိုမိုဆိုးရွားလာကာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် ပါကစ္စတန်က တရုတ်၏ အဓိကမဟာမိတ်ဖြစ်ခဲ့ပြီး အိန္ဒိယကလည်း အမေရိကန်၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်လာသည်။

လက်ရှိ အမေရိကန်က တထစ်ချယုံကြည်နေသည်မှာ အယ်လ်ကိုင်ဒါချေမှုန်းရေးမှာ ပန်းတိုင်သို့ရောက် ရှိနေပြီဟူသော အချက်ဖြစ်သည်။ ထို့ကြောင့် တာလီဘန်တို့ကို အရေးတယူမလုပ်တော့ဘဲ အာဖဂန်မြေပေါ်မှ အမေရိကန်တို့ ထွက်ခွာသွားကြတော့မည်ဖြစ်ကာ အမေရိကန်တပ်များကို ထက်ဝက်အထိလျှော့ချ လိုက်ပြီ ဖြစ်သည်။

မကြာမီ အာဖဂန်မှ အမေရိကန်တပ်သား ၅၀၀၀ ထပ်မံထွက်ခွာရဦးမည်ဖြစ်ရာ အမေရိကန်က အာဖဂန်၌  လုံခြုံရေးအစောင့်သဘောမျိုးသာ ထားခဲ့မည့် ပုံပေါ်သည်။ လက်ရှိအချိန်ထိ အာဖဂန်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မှာ မပြည့်ဝသေးသည့်အပြင် အဘက်ဘက်တွင် အမေရိကန် တပ်ဖွဲ့ဝင်များကိုသာ အားကိုး နေရသည်။ အာဖဂန်အတွက် အမေရိကန်တို့ နှစ်ပေါင်း ၂၀ အတွင်းပေးခဲ့ရသည့် ထောက်ပံ့ကြေးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ကျော်ရှိသွားပြီဖြစ်သော်လည်း အာဖဂန်အစိုးရအတွက် ထိရောက်သည့် အောင်မြင်မှုဖြစ်မလာခဲ့ပေ။

ယခု တာလီဘန်နှင့် အမေရိကန်တို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိရန်ကြိုးပမ်းနေကာ ထရမ့် က တာလီဘန်ခေါင်းဆောင်များ အမေရိကန်အထိပင် လာရောက်ဆွေးနွေးနိုင်ရန် စီစဉ်ခဲ့သေးသည်။ သို့သော် အမေရိကန်တို့ ထွက်သွားသည်နှင့် တာလီဘန်တို့က ယခင်ပုံစံအတိုင်း လက်နက်ကိုင်ပြီး အကြမ်းဖက်လာ ကြမည်ကို အာဖဂန်ပြည်သူများက စိုးရိမ်နေကြကာ ယင်းမှာ ဆွေးနွေးပွဲများအတွင်း နှစ်ဖက်ထိုးစစ်များ ပြင်းထန်ခဲ့ခြင်းကြောင့်ဖြစ်သည်။

အောက်တိုဘာဒုတိယပတ်က နှစ်ဖက်ပြင်းထန်သည့် တိုက်ပွဲများကြောင့် အာဖဂန်မိသားစု ၄၀၀၀ ကျော်  အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ အာဖဂန်ဒုက္ခသည်  ၅၀၀၀၀ ကျော်မှာ ဒုက္ခသည်စခန်းများသို့ ရောက်နေ ပြီဖြစ်သည်။ အာဖဂန်ငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်က ပိတ်ဆို့နေသည့် အတားအဆီးများ ကို ပြေလျော့စေရန် မူဘောင်များပြန်လည် ချမှတ်မည်ဟုဆိုပြီး အာဖဂန်အရေးကို လက်လွှတ်လိုသည့် အရိပ်အယောင်ပြနေပြီဖြစ်သည်။

သို့သော် တာလီဘန်တို့က အယ်လ်ကိုင်ဒါနှင့် အနီးကပ်ဆုံး ဆက်ဆံရေးရှိသူများ ဖြစ်သည်။ အမေရိကန်က တာလီဘန်တို့ကို အယ်လ်ကိုင်ဒါနှင့် အဆက်ဖြတ်ရမည်ဟူသော ကတိတောင်းခံထားပြီး ကုလသမဂ္ဂက အဆက်အသွယ်ရှိနေဆဲဟု ကြေညာချက် ထုတ်ပြန်ထားသည်။ ထို့ပြင် အာဖဂန်၌ အယ်လ်ကိုင်ဒါတို့ အမြစ် မပြတ်သေးဘဲ မတည်ငြိမ်သည့် ပြည်နယ် ၁၂ ခု၌ အင်အား ၄၀၀ မှ ၆၀၀ ကြားအထိ ရှိနိုင်သေးကြောင်း သတိပေးထားကာ ယခုတစ်ကြိမ်တွင် အမေရိကန်ထောက်လှမ်းရေးတို့၏ ယုံကြည်ချက်နှင့် နိုင်ငံတကာ လေ့လာသုံးသပ်သူများကြား အမြင်ပြောင်းပြန် ဖြစ်နေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

Ref;CNN