(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အသင်းနှင့် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်

 (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အသင်းနှင့် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်

ရန်ကုန်  အောက်တိုဘာ ၂၁

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ( ဗဟိုအဆင့် ) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများ ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်   ဥပဒေချုပ် ဦးဌေးအောင်က ဗဟိုအဆင့် ပြိုင်ပွဲအတွေ့အကြုံများကို   ရှင်းလင်းပြောကြားသည်။   

ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်  တိုင်းဒေသကြီး ကိုယ်စားပြု အသင်းမှ ဆုရရှိခဲ့သူများကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊  တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ ဆုရသူများကိုယ်စား အဆင့်မြင့်ပညာအဆင့် အဆိုဘာသာရပ်တွင် ဆုတံဆိပ်များ ရရှိခဲ့သော မထက်ဧကရီလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

     ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တို့သည် ဆုရရှိသူတို့၏ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။