“ဆိုင်ကလုန်းမုန်တိုင်း  စီတရန်”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်

“ဆိုင်ကလုန်းမုန်တိုင်း  စီတရန်”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်

နေပြည်တော်  အောက်တိုဘာ  ၂၃

ယနေ့ည  ၉ နာရီခွဲအချိန်    တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော  အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည်   အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “စီတရန်(SITRANG)”အဖြစ်သို့ ရောက်ရှိခဲ့ပြီး   မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၃၇၅ မိုင်ခန့်၊ သံတွဲမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက်  ရေမိုင်  ၃၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံဆာဂါကျွန်း၏ တောင်ဘက်ရေမိုင်   ၂၈၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ဘရာဆောမြို့၏တောင်-အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ ဆိုင်ကလုန်းမုန်တိုင်း “စီတရန်”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့်    အဝါရောင်အဆင့်ဟုသတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း”စီတရန်”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “စီတရန်”သည် ည ၉ နာရီခွဲတွင် မြောက်လတ္တီကျု၁၆ ဒသမ ၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု၈၈ ဒသမ ၀  ဒီဂရီတွင်ရှိပြီး  ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ  တစ်နာရီလျှင် ၄၅ မိုင်နှုန်းခန့်ဖြစ်ပါသည်။

နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “စီတရန်”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၄-၁၀-၂၀၂၂ ရက်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း”စီတရန်”အဖြစ်သို့ အားကောင်းလာနိုင်ကာ ၂၅-၁၀-၂၀၂၂ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို   တင်ကိုနာကျွန်းနှင့် ဆန်းဝစ်(ပ်)ကျွန်းတို့ အကြားမှဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်  

ဆိုင်ကလုန်းမုန်တိုင်း “စီတရန်”၏ အရှိန်ကြောင့် ယနေ့ညမှ ၂၆-၁၀-၂၀၂၂ ရက် အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင်  ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည်  တစ်နာရီလျှင် ၅၅ မိုင်မှမိုင် ၆၀ အထိ  တိုက်ခတ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိတိုက်ခတ်နိုင်ပါသည်။   လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၃ ပေမှ ၁၆ ပေခန့်နှင့်မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်   ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း  “စီတရန်”၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ  မိုးသည်းထန်စွာ ရွာသွန်းခြင်း၊  လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်၊ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့်  ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့်  ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့်   ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့်  ကမ်းလွန်ပင်လယ်ပြင်တို့ရှိ   ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း  ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။

(မိုး/ဇလ)