ပြည်သူ့အချစ်တော် ရတနာဆင်ဖြူတော် “ရဋ္ဌနန္ဒက” ၏ ဘွဲ့နာမံတော် အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက် မင်္ဂလာအခမ်းအနားသို့ တက်ရောက် လာကြသူများ၏ စကားသံများ

ပြည်သူ့အချစ်တော် ရတနာဆင်ဖြူတော် “ရဋ္ဌနန္ဒက” ၏ ဘွဲ့နာမံတော် အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက် မင်္ဂလာအခမ်းအနားသို့ တက်ရောက် လာကြသူများ၏ စကားသံများ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မကြီး ဇာနန်းလှက ယခုနှစ် ဇူလိုင် ၂၃ ရက်က မွေးဖွားခဲ့သည့်  ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော်အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက်မင်္ဂလာ အခမ်းအနားအား အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက် ဝတ္ထုကံမြေအတွင်းရှိ ရတနာ ဆင်ဖြူတော်ဆောင်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ပြောစကားများကိုလည်း ပြန်လည်မျှဝေလိုက်ရပါသည်-

ဦးသက်ဦး(ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့သစ်လုပ်ငန်း)

    ရတနာဆင်ဖြူတော်လေးကတော့  ရခိုင်ပြည်နယ် သံတွဲဒေသ တောင်ကုတ်မြို့နယ် ဆင်မကြီး မ/၆၁၂၈ ဇာနန်းလှက ၂၃-၇-၂၀၂၂ ရက် နံနက် ၆ နာရီခွဲမှာမွေးတာပါ။ ဆင်ဖြူတော်လေးမွေးပြီးတော့ ၂ လနဲ့ ၁၇ ရက်သားအချိန်မှာ သယ်ယူဖို့စတင်ဆောင် ရွက်တာပါ။ ၉ ရက်နေ့မှာ ခြေကျင်ခရီးစတင်ပြီးတော့ ကျားခေါင်းစခန်းမှာ တစ်ညအိပ်ပါတယ်။ ၁၀ ရက်နေ့မှာလည်း ခြေကျင်ခရီး ဆက်လာပြီးတော့ ထန်းတော်ဝင်သစ်ဆိပ်မှာ ညအိပ်ပါတယ်။ နောက်နေ့ကျတော့ ထန်း တော်ဝင်သစ်ဆိပ်က နေပြီးတော့ ဇက်ဆိပ်ကို  ကားနဲ့ဆင်းပါတယ်။ ဇက်ဆိပ်မှာတော့ တပ်မတော်ဇက်ရေယာဉ်တွေနဲ့ ရန်ကုန်ကို နှစ်ရက် ရေကြောင်းခရီးနဲ့ လာခဲ့ပါတယ်။ ရန်ကုန်တပ်မတော်ဆိပ်ကမ်းမှာ ကမ်းကပ် ပြီးတာနဲ့ အင်းတမကို ကားနဲ့ဆက်ပြီးတော့ ချီတက်ခဲ့ပါတယ်။ ၁၃ ရက်နေ့မှာ အင်းတမ ရောက်ပြီး ၂၆ ရက်နေ့အထိ အင်းတမမှာပဲ နေပြီးတော့ ဆင်ဖြူတော်လေးရဲ့ကျန်းမာရေး အခြေအနေတွေကို စစ်ဆေးပြီး ကျွေးမွေး ပြုစုစောင့်ရှောက်တာတွေ လုပ်ပါတယ်။ ယခု လ ၂၆ ရက် ည ၆ နာရီကျမှ ယာဉ်တန်း နဲ့ နေပြည်တော်ကို စပြီးထွက်ခွာလာခဲ့ပါ တယ်။ ၂၇ ရက်နေ့ နံနက် ၃ နာရီလောက် မှာ ငလိုက်ဆင်စခန်းကို ရောက်ပါတယ်။

အဲ့ကနေ ၆ နာရီခွဲလောက်မှာ ယာဉ်တန်းနဲ့ပဲ ပြန်လည်ထွက်ခွာလာပြီးတော့ နေပြည် တော်ဆင်ချမယ့်နေရာကို ၈ နာရီ ၁၀ မိနစ်တိတိရောက်အောင် ချိန်သားကိုက် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ အခုလို လုပ်ဆောင်ချက်တွေ အားလုံးက မြန်မာ့သစ်လုပ်ငန်း တစ်ဖွဲ့တည်း ကြိုးစားမှုနဲ့မဟုတ်ဘဲနဲ့ အစိုးရရဲ့အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ တပ်မတော် စတဲ့အဖွဲ့တွေနဲ့ အားလုံးတက်ညီလက်ညီ အချိန်ကိုက်ဆောင်ရွက်နိုင်တာ ဖြစ်တဲ့အတွက်  အဖွဲ့အစည်းတွေ အားလုံးကိုလည်း  ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

ဦးထွန်းထွန်းဦး (အထွေထွေမန်နေဂျာ၊ မြန်မာ့သစ်လုပ်ငန်း)

    ဒီနေ့အခမ်းအနားကတော့ ဆင်ဖြူတော်လေးနဲ့ သူ့မိခင်တို့ကို သယ်ယူလာပြီးတော့ ရောက်ရှိကြိုဆိုပေးတဲ့ အခမ်းအနားပါ။ အခမ်းအနား အစီအစဉ်ကတော့ ရောက် ရှိလာတဲ့ ဆင်ဖြူတော်လေးကို ဆင်ချရပ်မှာ မင်္ဂလာအချိန်ဖြစ်တဲ့ ၈ နာရီ ၁၀ မိနစ်မှာ အရှေ့အရပ်ဘက်ကို မျက်နှာလှည့်ပြီးတော့ မြေချမယ်။ မြေကြီးကို သူ့ခြေထောက်ချတဲ့ အချိန်က မင်္ဂလာအချိန်လို့ သတ်မှတ်ပြီးတော့ အချိန်ကိုက်ပြီးဆောင်ရွက်တာဖြစ် ပါတယ်။ အဲ့ဒီကနေ ဆင်ကလေးကိုခြေကျင် လမ်းလျှောက်စေပြီးတော့ ကြိုဆိုရေးမဏ္ဍပ် ရှေ့မှာ ပြည်ထောင်စုဝန်ကြီးကနေ အမွှေးနံ့သာနဲ့ပက်ဖျန်းပြီး မိခင်ဆင်မကြီးနဲ့ ဆင် ကလေးတို့ကို အဆောင်အယောင်အဆင်  တန်ဆာတွေဆင်မြန်းပေးတာ၊ ဆန်မန်း၊ ပေါက်ပေါက်ကြဲတာ လုပ်ပေးပါတယ်။ အဲ့ဒါပြီးမှ ဆင်ကလေးသားအမိဟာ ဥပ္ပါတသန္တိ စေတီတော်ကို လက်ယာရစ်ပတ်ပူဇော်ပြီး တော့ ဆင်ဖြူတော်လေးရဲ့ယာယီနေရာမှာ ဝင်ရောက်အနားယူပါတယ်။ နောက်ပိုင်း မှာတော့ နာမံပေးကင်ပွန်းတပ် မင်္ဂလာတို့၊ နေလပြမင်္ဂလာတို့ကို ဆက်လက်ပြီးဆောင် ရွက်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ မိခင် ဆင်မကြီးနဲ့အတူ သူ့ရဲ့သဘာဝအတိုင်း ဆင်လေးကိုထားမှာပါ။ ဆင်လေးက လပိုင်း ပဲရှိသေးတော့ ဖြည့်စွက်စာ စားလို့လည်း မရသေးပါဘူး။ မိခင်ဆင်မကြီးရဲ့ နို့ထွက် လည်းကောင်းတယ်။ ရန်ကုန်မှာ ခေတ္တအနားယူနေတဲ့ အချိန်မှာလည်း အသား အရေတော်တော်လေး ဖွံ့ဖြိုးလာပြီး ပေါင် ချိန်လည်း ၂၀ လောက်ထိတိုးလာပါတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့  ဆင်ဆရာဝန် ဒေါက်တာဇော်မင်းဦးက ဆင်လေးကိုစပြီး ဖမ်းမိပြီဆိုကတည်းက အထွေထွေမန်နေဂျာ ဦးသိန်းစိုးဦးနဲ့အတူသွားပြီး ဆင်လေးကို သေချာဂရုစိုက်ပြီး  စောင့်ရှောက်ထားတာပါ။ ရန်ကုန်ထိသယ်လာတဲ့ ခရီးစဉ်တစ် လျှောက်မှာလည်း သူပါလာပြီးတော့ အခုပြည်ပခရီးစဉ် တစ်ခုပေါ်လာလို့ ထွက်သွားတာပါ။ ဒီဘက်ကိုတော့ သူ့ရဲ့လက်ထောက် မန်နေဂျာ ဒေါက်တာဝင်းထွဋ်က အနီးကပ် စောင့်ရှောက်ပြီး ခေါ်ဆောင်လာတာဖြစ်ပါ တယ်။ ဒီမှာတော့ ဆင်ဖြူတော်ဆောင်ရဲ့ တာဝန်ခံဆင်ဆရာဝန် ဒေါက်တာမျိုးနေဇာ ရှိပါတယ်။ ဒေါက်တာဝင်းထွဋ်နဲ့ တွဲဖက်ပြီးတော့ ဆင်လေးကို ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးသွားမှာဖြစ်ပါတယ်။

အခုကတော့ ဆင်လေးက ကျန်းမာရေးအရ ထွေထွေထူးထူး မရှိဘဲနဲ့ ခရီးပန်းလာလို့ နားနေတဲ့ အခြေအနေပဲရှိတာပါ။

ဦးသိန်းစိုးဦး(အထွေထွေမန်နေဂျာ၊မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေး)

    ကျွန်တော်ကတော့ မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်လုပ်ရေးက အထွေထွေမန်နေဂျာ ဦးသိန်းစိုးဦးဖြစ်ပါတယ်။ ဒီနေ့ကတော့ ဆင်လေးရဲ့ ဘွဲ့နာမံပေး အခမ်းအနားပဲ ဖြစ်ပါတယ်။ ဆင်လေးဘွဲ့နာမံက ရဋ္ဌနန္ဒက ဖြစ်ပါတယ်။ ပါဠိအဘိဓာန်မှာ ရဋ္ဌ ဆိုတာ တိုင်းနိုင်ငံ တိုင်းပြည်၊ နန္ဒကဆိုတာက နှစ်သက်သည်၊ ဝမ်းမြောက်သည်။ အဲ့တော့ ပြည်သူပြည်သားတွေက နှစ်သက်မြတ်နိုး တဲ့ဆင် ဆိုတဲ့သဘောမျိုးနဲ့ မှည့်ခေါ်တာ ဖြစ်ပါတယ်။ ဒီပွဲဖြစ်မြောက်ဖို့ကို နိုင်ငံတော် အကြီးအကဲကနေစပြီးတော့ အဘက် ဘက်ကနေ ပါဝင်ပံ့ပိုးပေးကြပြီး တောထဲကနေ ခက်ခက်ခဲခဲနဲ့ သယ်လာရတာပါ။ သယ်လာပြီးခုလ ၂၇ ရက်နေ့မှာ ရောက်ပြီးတော့ ၃၀ ရက်နေ့မှာ ပွဲကျင်းပနိုင်ခဲ့ပါတယ်။ ပွဲကျင်းပတဲ့ အချိန်မှာလည်း  ရာသီဥတု သာသာယာယာနဲ့ ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ အဘက်ဘက်က  ဝိုင်းဝန်းကူညီပေးတဲ့ အဖွဲ့တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။  မြန်မာပြည်သူ၊ ပြည်သားတွေ နေပြည်တော် ကိုရောက်ခဲ့လို့ရှိရင်  ဥပ္ပါတသန္တိမှာရှိတဲ့ မင်္ဂလာဆင်ဖြူဆောင်မှ ဆင်ဖြူတော်များကို    လာရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။ လာရောက်လေ့လာကြည့်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။

ဦးအောင်ရှမ်း(ဆင်ထိန်းခေါင်းဆောင်၊ သံတွဲ သစ်ထုတ်လုပ်ရေးစခန်း)

ကျွန်တော်ကတော့ ရခိုင်ပြည်နယ် သံတွဲ သစ်ထုတ်လုပ်ရေး ဒေသ တောင်ကုတ်နယ်မှ ဆင်ထိန်းခေါင်းဆောင် ဦးအောင်ရှမ်းဖြစ်ပါတယ်။ ကျွန်တော်တာဝန် ထမ်းဆောင် နေတာကတော့ ဆင်ဖြူတော်လေးရဲ့ မိခင် နဲ့အတူ ဆင်ခြောက်ကောင်နဲ့  ဆင်ဝိုင်း တစ်ဝိုင်းရဲ့ ဖွဲ့စည်းပုံက အထီးသုံးကောင်၊ အမသုံးကောင်ရှိရပါတယ်။ အမသုံးကောင် ကနေ ဆင်သုံးကောင် ထပ်မွေးတော့ စုစု ပေါင်းကိုးကောင်ကို ကျွန်တော်ဦးစီးရပါတယ်။  ကျွန်တော့်လုပ်သက် ၂၉ နှစ်မှာ ဆင်ဖြူတော်ဖွားတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ ဒါပထမဆုံးပါ။     ဆင်ဖြူတော်လေးက လူများလို့ရှိရင် ပျော်မြူးတတ်တဲ့ အတွက် ခုလို  နေပြည်တော် ဆင်ဖြူစခန်းကိုရောက် လာပြီဆိုတော့ သူ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ကတော့ ဆင်လေး အသားကျအောင် ဒီမှာ ၁၅ ရက်၊ တစ်လ လောက်နေပေးပြီးရင်တော့ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ နေရာကို ပြန်မှာပါ။

ဆင်လေးက   လူတွေအများကြီးကို မြင်ရင်ပျော်မြူးတတ်တဲ့ စိတ်နေစိတ်ထားရှိပါတယ်။   ။

လင်းကြည်လင်း