၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိသူတို့၏ ရင်တွင်းစကားသံများ

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိသူတို့၏ ရင်တွင်းစကားသံများ

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၁ ခုနှစ်အတွင်း  ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည် စာရင်းကို လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကိုလည်းကောင်း ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်-

စာရေးသူ- Maw Thar Htwe (Mandalay) (စာအုပ်အမည် - GLOBAL PERSPECTIVE VIEWS ON ENERGY AND ELECTRICITY) ဘာသာရပ်-အင်္ဂလိပ်ဘာသာ(သုတ)

၂၀၁၈ ခုနှစ်မှာ “စွမ်းအင်နဲ့ လျှပ်စစ်ကို ကမ္ဘာကြည့်ကြည့်မယ်” ဆိုတဲ့ စာအုပ်တစ်အုပ်ကို မြန်မာလိုရေးပြီး စာဖတ်ပရိသတ်ကို ကျေးဇူးပြုခဲ့တယ်။

၂၀၁၈ ခုနှစ်မှာ မြန်မာလိုရေးသား ဖြန့်ဝေစဉ်ကတည်းက အဲဒီစာအုပ်ဟာ စာအုပ်စင်တွေပေါ်မှာ Best Seller အဖြစ် အတော်ကြာကြာ ရပ်တည်နေခဲ့တယ်။ အခုဆိုရင် စတုတ္ထအကြိမ်ထိတောင် ရိုက်ပြီးဖြန့်ဝေပြီးပါပြီ။ အဲဒီစာအုပ်ဟာ အမျိုးသား စာပေဆုမရခဲ့ပေမယ့်  ထွန်းဖောင်ဒေးရှင်းစာပေဆု ရကြောင်းတော့ ကြေညာတာတွေ့ခဲ့ရပါတယ်။ အခု အမျိုးသားစာပေဆုရတာ ဟာ အဲဒီမြန်မာလို ရေးခဲ့တဲ့ စာအုပ်ကို  အင်္ဂလိပ်လို ပြန်ဆိုရေးသားခဲ့တဲ့   “GLOBAL PERSPECTIVE VIEWS ON ENERGY AND ELECTRICITY” ဆိုတဲ့စာအုပ်နဲ့ ရတာပါပဲ။ ပရိသတ်ရဲ့ ဆန္ဒနဲ့ ထပ်တူကျသွားခဲ့ပြီလို့ ယူဆပါတယ်။

ဒါဟာ ကျွန်တော့်အတွက်တော့ အမျိုးသားစာပေဆု ပထမဆုံးရတဲ့ စာအုပ်ပါပဲ။

မိမိဝါသနာပါတာက စာဖတ်ခြင်းနဲ့ အားကစားပါပဲ။ အရွယ်ရလာလေ စာဖတ်တာပိုများလာလေပါပဲ။ လစဉ်စာအုပ်စာစောင်ဝယ်ဖို့ သီးခြားငွေ ဖယ်ထားပါတယ်။ နေ့စဉ်စာမဖတ်တဲ့ နေ့မရှိအောင် မိမိအိမ်ဧည့်ခန်းနဲ့ စာဖတ်ခန်းမှာ စာအုပ်၊ သတင်းစာတွေကို လက်တစ်ကမ်းမှာပဲ မြင်သာအောင်ထားပါတယ်။ မှတ်သင့်တာ တွေ့ရင် စာအုပ်နဲ့မှတ်ပါတယ်။ မူလတန်းအရွယ်ကတည်းက သတင်းစာဖတ်တယ်။ ရှေ့သို့ လစဉ်ထုတ် စာစောင်ဖတ်တယ်။ ရွှေသွေး၊ ရွှင်ပြုံး၊ စံရွှေမြင့်၊ ကြံ့ဗဟုံး၊ မောင်ကမ္ဘာ စတဲ့ ကာတွန်းတွေလည်း ဖတ်ခဲ့တယ်။ သူ့အရွယ်နဲ့သူ လိုက်လျောညီထွေရှိမယ့် စာတွေဖတ်ခဲ့ရာက စာဖတ်တဲ့အကျင့်ရခဲ့တယ်။ မှတ်မှတ်ရရ ၁၉၆၃ ခုနှစ်က တော်လှန်ရေးကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားပြီး  နဝင်းချောင်းဖြတ်ပြီး ပုဆိုးလေးတွေ “မ” ပြီး တောတွင်းကို ပြန်ဝင်သွားတဲ့ ဗမာပြည်ကွန်မြူနစ်တွေရဲ့ နောက်ကျောကနေ ရိုက်ထားတဲ့ “သူတို့ ကျောခိုင်းသွားကြလေပြီ” ဆိုတဲ့ပုံကို ဒီနေ့ထိ မျက်စိထဲမှာမြင်နေဆဲပါပဲ။ ရှေ့သို့ စာစောင်ရဲ့ နောက်ကျောဖုံး စာမျက်နှာမှာပါပါတယ်။ ဒါမျိုးအမှတ်တရတွေ  မူလတန်းအရွယ်ကတည်းက ရခဲ့တာတွေရှိပါတယ်။ ပြောလိုတာက အမေဖြစ်သူနဲ့ အစ်ကိုဖြစ်သူတို့ရဲ့ စာဖတ်သန်မှုနဲ့ စာဖတ်ဖို့အား ပေးခဲ့မှုတွေဟာ ဒီနေ့ထိ နေ့စဉ်စာမဖတ်ရရင် တစ်ခုခုလိုနေသလိုလိုပါပဲ။

နောက်ပိုင်းအသက်ရလာတော့ လုပ်ငန်းတာဝန်တွေနဲ့ ပိနေခဲ့ပေမယ့် နောင်တစ်ချိန် ငါပင်စင်ယူရင် ဘာပဲရေးရေး အထောက် အထားလေးတွေရအောင်ဆိုတဲ့စိတ်နဲ့ မှတ်သားသင့်တဲ့စာအုပ်၊ အစီရင်ခံစာ စတာတွေကိုသိမ်းဆည်းပြီး စာရေးသားတဲ့အခါ    အထောက်အထားများအဖြစ် ပြန်ပြီးထုတ်သုံးတာပါ။ တာဝန်ထမ်းစဉ်က တာဝန်တွေကြောင့် စာမရေးနိုင်ခဲ့သော်လည်း၊   စုဆောင်း ထားခဲ့တဲ့ အထောက်အထားတွေ ပြည်တွင်း၊ ပြည်ပအတွေ့အကြုံတွေဟာ ပင်စင်ယူတဲ့အချိန်မှာ မိမိစာတွေရေးအောင်  တိုက်တွန်း နေသလို ခံစားခဲ့ရလို့ စာတွေစပြီးရေးဖြစ်တာပါ။ နိုင်ငံဟာ လျှပ်စစ်ကဏ္ဍမှာအတော်ကိုပဲ အကျပ်အတည်းနဲ့ ကြုံနေရပါတယ်။ အရင်ခေတ်တွေတုန်းကတော့ နိုင်ငံမှာငွေမရှိလို့ မလုပ်နိုင်ခဲ့တာတွေကြောင့် အားနည်းခဲ့တာပါ။ နောက်ပိုင်း စနစ်ပြောင်းသွားတဲ့ အချိန်မှာ ပြည်သူကို ဗဟုသုတပေးဖို့ အများကြီးလိုနေသေးပါလားလို့   မြင်လာတယ်။

အရာရာမှာ ပြည်သူ့အခန်းကဏ္ဍက ရှေ့ရောက်လာတာကိုး။ ပြည်သူဗဟုသုတ ရှိရင်ရှိသလောက် သူတို့၏ လုပ်ဆောင်ချက်တွေကို   သူတို့ဘာသာအမှားအမှန် ဝေခွဲလာနိုင်မှာဖြစ်တယ်လို့ပဲခံယူပါတယ်။ ဒီတော့ ပြည်သူတွေကို ဗဟုသုတရစေမယ့် စာအုပ်တွေများများ ရရှိပါစေဆိုတဲ့ စေတနာနဲ့ စာအုပ်တွေရေးဖြစ်ခဲ့တာပါ။ ဒီနေ့ နိုင်ငံတော်တာဝန်ရှိသူတွေဟာ ကဏ္ဍစုံမှာ  ထူးချွန်ခဲ့သူ၊  ပြည်သူ့အကျိုး အားတက်သရော ဆောင်ရွက်ခဲ့သူတွေကို ပိုမိုအားပေးပံ့ပိုးနေတယ်ဆိုတာ သမိုင်းပြန်ကြည့်ရင် အသိသာကြီးပါ။ ဒီထဲမှာ စာပေဆု လည်းပါတယ်။ ခေတ်အဆက်ဆက် စာပေဆုရခဲ့တဲ့အထဲမှာ အမျိုးသား စာပေဆုရ ၇ ကြိမ်ရသူရှိတယ်။ သိပ်အားကျတယ်။ အခုစာတွေရေးနေတယ်ဆိုတာက ဆုရအောင်ရေးတာတော့ မဟုတ်ပါဘူး။ ဆုရပြီလို့ TV သတင်းမှာကြားလိုက်တဲ့အချိန်မှာတော့   “ငါအားထုတ်ရေးသားခဲ့တဲ့စာအုပ် မြန်မာလိုရေးတုန်းက သူ့အကြောင်းနဲ့သူ အမျိုးသားစာပေဆုမရခဲ့ပေမယ့် အခုအင်္ဂလိပ်လို ဘာသာပြန်ရေးခဲ့တော့ ဆုရပြီ စာဖတ်ပရိသတ်ကြီးလည်းပျော်ပြီ” ဆိုတဲ့ ပီတိစိတ်ဟာ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်းကို ရောက် လာခဲ့တယ်။ ဆက်ပြီးတွေးမိတာက စာပေဆုဆိုတာ အကြောင်းအားလုံး တိုက်ဆိုင်မှရတာပါလားဆိုတာကိုပါ ဆင်ခြင်မိ တယ်။ တစ်ချိန်က ဒီစာအုပ်ကို မြန်မာလိုရေးခဲ့တုန်းက စာဖတ်ပရိသတ်များလို့ ပီတိဖြစ်ခဲ့ဖူးတယ်။ အခုအဲဒီစာအုပ်ကို ဘာသာပြန်ပြီး ထုတ်လိုက်တော့ စာပေဆုရလာတဲ့အချိန်မှာ ပီတိဟာ အမြင့်ဆုံးကို ရောက်သွားတော့တာပဲ။ စာဖတ်ပရိသတ်ရဲ့ကျေးဇူး၊ နိုင်ငံတော်ရဲ့ ကျေးဇူး၊ စာပေစိစစ်ရေးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေရဲ့ကျေးဇူးတွေပါလားလို့လည်းခံစားမိတယ်။ စာရေးသူတိုင်းလိုချင်တဲ့ နိုင်ငံတော်က ပေးတဲ့ဆု ကိုရတော့ပျော်တာပေါ့ဗျာ။

ကျွန်တော်က ပင်စင်စားပါ။ အချိန်ရရင် စာပဲဖတ်ပါတယ်။ နည်းနည်းအားရင် ခြံလုပ်ငန်းလုပ်ပါတယ်။ သီးပင်စားပင်စိုက်ပါတယ်။ အခြားစီးပွားရေးလုပ်ငန်း ထွေထွေထူးထူးမလုပ်တော့ စာရေးဖို့အချိန်ရပါတယ်။ ၂၀၁၆ ခုနှစ် ပင်စင်ရပြီးကတည်းက ရေးသား ထုတ်ဝေခဲ့တာ စာအုပ် ၇ အုပ်ရှိပါပြီ။ ဒီထဲမှာ ယခုစာပေဆုရတဲ့ အင်္ဂလိပ်လိုရေးတဲ့ စာအုပ်ရယ်၊ မြန်မာလိုရေးခဲ့တဲ့ “ရေချိုကို တန်ဖိုးထား ကမ္ဘာကြီးကို စောင့်ရှောက်” ဆိုတဲ့စာအုပ်ကို “Save The Drop, Save The World” ဆိုပြီး အင်္ဂလိပ်လို ဘာသာပြန်ပြီးရေးတဲ့ စာအုပ်ရယ် နှစ်အုပ်ပါပါတယ်။

“Save The Drop, Save The World” စာအုပ်ဟာ အခု ဆုပေးပွဲနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ပြည်သူတွေရဲ့လက်ထဲကို စပြီးထည့်မယ့် စာအုပ်ပါ။ နောက်ထပ်လည်း နိုင်ငံအကျိုးပြုစာတစ်အုပ်ထပ်ရေးနေပါတယ်။ နောက်နှစ်ဒီလိုအချိန်ဆိုရင် ပြည်သူတွေ ဖတ်ကြရဦး မှာပါ။  အဲဒါဆိုရင်တော့ ၈ အုပ်မြောက် စာအုပ်ဖြစ်မှာပေါ့။ စာပေမြင့်မှ   လူမျိုးတင့်မယ်ဆိုသလို စာဖတ်ပရိသတ်ကို သူ့ဘာသာသူ အကောင်းအဆိုး   ဝေဖန်ဆုံးဖြတ်နိုင်စေမယ့် စာအုပ်မျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ များများလိုနေတာ။ တစ်ဖက်စောင်း အတွေး အခေါ်တွေနဲ့ ကိုယ်ဖြစ်စေချင်တာဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ မှိုင်းတိုက်နေတဲ့ စာအုပ်မျိုးမဖြစ်စေဖို့  မိမိကိုယ်မိမိ အမြဲဆုံးမပါတယ်။    အဓိက စာရေးခြင်းရဲ့ရည်ရွယ်ချက်က နိုင်ငံနဲ့ပြည်သူအတွက် လက်တွေ့ဘယ်နေရာကနေ ပံ့ပိုးနိုင်မလဲ။ နိုင်ငံဖွံ့ဖြိုးရေးမှာ  ဘယ် အကြောင်းအရာတွေဟာ နောက်ပြန်ဆွဲချနေတာလဲ။ ဘာတွေလုပ်ရင် အောင်မြင်မှုအရှိန်ပိုရလာမလဲ။ ကမ္ဘာမှာ ဘာတွေလုပ်နေ သလဲ။ မိမိတို့နိုင်ငံ ဘာတွေလုပ်နေသလဲ။ ကမ္ဘာကြီးက  ဘယ်ကိုဦးတည် လျှောက်လှမ်းနေသလဲ။ မိမိတို့ကရော ဘယ်လို ပန်းတိုင်ကို ရည်မှန်းပြီးလျှောက်ချင်တာလဲ။ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်” ဆိုတဲ့ခံယူချက်တွေရှိတဲ့ ပြည်သူတွေ ဖြစ်လာ စေချင်တာပါပဲ။

“အသိမှန်မှ အလုပ်မှန်မယ်” ဆိုသလို အသိတွေမှန်အောင်ကူညီဖို့ စာရေးသူတွေမှာ တာဝန်ရှိတယ်လို့ခံယူတယ်။

“စာကောင်းရေးချင်ရင် စိတ်ကောင်းအရင်မွေးပါ” ဆိုတဲ့ ဆရာကြီးဇော်ဂျီရဲ့စကားကိုလည်း မြေဝယ်မကျ ရင်ဝယ်ပိုက်ထားကြစေ လိုတယ်။ နောက်ဆုံးပြောလိုတာကတော့ စာဖတ်ပရိသတ်ရဲ့ မေတ္တာနဲ့ နိုင်ငံတော်ရဲ့ စာပေအပေါ် အလေးအနက်ထားမှု၊ စာပေ စိစစ်ရေးအဖွဲ့ရဲ့ စနစ်တကျ ရွေးချယ်ပေးမှု၊ မိဘ၊ အစ်ကို၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးနဲ့ စာဖတ်ပရိသတ်တို့ရဲ့ ကျေးဇူးတွေ ပေါင်းစုမိလို့သာ ဒီဆုကိုရတာပါ။ ဒီအတွက် ဝမ်းသာမှုရော ကျေးဇူးတင်မှုရော ရင်နဲ့အပြည့်ပါလို့ ပြောလိုပါတယ်။

စာရေးသူ-သန်းဝင်းထွန်း(ဆွာ)

(စာအုပ်အမည်- ကြွေလုလုဝေ-၀တ္ထုရှည် ဒုတိယဆု)

ဒီစာအုပ်ကတော့ ကျွန်တော်ရေးနေကျ အတိုင်းပါပဲ။ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ တောထဲမှာကြုံတွေခဲ့ရမှုတွေ၊ ဒုက္ခ ရောက်ခဲ့ပုံတွေ၊ အဲလိုတွေနဲ့ ကျွန်တော်က ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးထားတာပါ။ တောထဲမှာကလေးတစ်ယောက် ကောက်ရတယ်။ သူ့ကိုမွေးစားတယ်။ အဲ့အတွက် သူ့ရဲ့အခြားတစ်ဖက်မှာဆုံးရှုံးမှုတွေ ရှိခဲ့တယ်။ အဲ့ဒါကို သူကဆုံးရှုံးတယ် လို့မထင်ဘဲနဲ့ ဒီကလေးလေးရဲ့ဘဝတစ်ခုလုံးအတွက်ကို သူပေးဆပ်ပြီးတော့ကြီးပြင်းလာခဲ့တယ်။ ဒီကလေးကို သူပြုစုပျိုးထောင် ခဲ့တယ်။ အဲဒါကို ဖခင်မေတ္တာကို ဖော်ကျူးပြီးရေးထားတဲ့ ဝတ္ထုအမျိုးအစား လေးဖြစ်ပါတယ်။ ဒီစာပေဗိမာန်ဆုကိုတော့ စာရေး ဆရာတွေမှန်သမျှလိုချင်တဲ့ဆုပါပဲ။ ကျွန်တော်လည်းလိုချင်ပါတယ်။ နောက်လည်း ဆုတွေရအောင်ကြိုးစားဦးမှာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ ညီငယ်ညီမငယ်တွေလည်း ဒီလိုဆုမျိုးတွေကိုဝင်ပြိုင်ပါ။ အားမငယ်ပါနဲ့လို့ ကျွန်တော်ပြောချင်ပါတယ်။ ဘယ်လိုစာပေ အမျိုးအစားပဲဖြစ်ဖြစ် သုတ ပဲဖြစ်ဖြစ်၊ ရသပဲဖြစ်ဖြစ် နိုင်ငံတော်အတွက် အကျိုးပြုမယ့်  စာကောင်းပေမွန်တွေကို များများရေးပြီး တော့  ဒီလိုပြိုင်ပွဲမှာဝင်ပြိုင် သင့်ပါတယ်လို့ ကျွန်တော့်အနေနဲ့ပြောချင် ပါတယ်။ နောက်ဒီဆုတွေကို ချီးမြှင့်ပေးတဲ့ နိုင်ငံတော် အစိုးရကိုရော ပြန်ကြားရေးဝန်ကြီးဌာနကိုရော စာပေစိစစ်အကဲဖြတ်တဲ့ပုဂ္ဂိုလ်တွေရော၊ စာဖတ်ပရိသတ်ပြည်သူတွေကိုရော အားလုံးကျေးဇူးအထူးတင်ပါတယ်။ ဆရာသန်းဝင်းထွန်း(ဆွာ)သည် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ဇာတိဖြစ်ပြီး စာပေနယ်သို့ ၁၉၉၄ ခုနှစ်တွင်ရေးသားသည့် “ခွင့်လွှတ်ပါရန်” ဝတ္ထုတိုဖြင့် ပြည်သူ့တပ်မတော်စာစဉ် တွင် ဖော်ပြခံရပြီး  စာပေနယ်သို့ရောက်ရှိခဲ့သည်။ ဆရာသည် ၁၉၉၇ ခုနှစ် ပြည်သူ့ တပ်မတော်စာစဉ်၏ တစ်နှစ်တာ “အကောင်း ဆုံးဝတ္ထုတို” ဆု၊ ၁၉၉၇ ခုနှစ် (၅၂)နှစ် မြောက်  တပ်မတော်နေ့တွင် ဆောင်းပါး  “အထူးဆု(၁)”၊ ၂၀၀၄ ခုနှစ် ပြည်သူ့ တပ်မတော်စာစဉ်ဝတ္ထုတို၊ ဆောင်းပါးပြိုင်ပွဲတွင် ဝတ္ထုတိုဒုတိယဆု၊ ၂၀၂၀ ပြည့်နှစ် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့တွင် ဝတ္ထုရှည်နှစ်သိမ့်ဆု(၂)၊ ၂၀၂၁ ခုနှစ်၊ (၇၆)နှစ် မြောက် တပ်မတော်နေ့စာပေပြိုင်ပွဲတွင် ဝတ္ထုရှည်ပထမဆုများရရှိခဲ့သည်။ ဆရာ သန်းဝင်းထွန်း(ဆွာ)သည် ၂၀၂၀ ပြည့်နှစ် တွင် ကျော်ရှိန်းလုံးချင်းဝတ္ထုရှည်၊ ၂၀၂၁ ခုနှစ်တွင် ပန်းတို့၏ အလင်္ကာလုံးချင်း ဝတ္ထုရှည်နှင့် ၂၀၂၁ ခုနှစ်တွင် ချစ်မွှေး လုံးချင်းဝတ္ထုရှည်များ ထုတ်ဝေခဲ့ပြီး စာဖတ် ပရိသတ်များအတွက် နောက်ထပ်စာကောင်း ပေမွန်စာအုပ်များလည်း ရေးသားလျက်ရှိကာ မကြာမီ စာဖတ်သူလက်ဝယ်သို့ရောက်ရှိ လာဦးမည်ဖြစ်သည်။    ။

တွေ့ဆုံမေးမြန်း

အာကာလင်း၊ ဝန်းရံခ

ဓာတ်ပုံ-တင်စိုး