၂၀၂၁ ခုနှစ်အတွက် အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိသူတို့၏ ရင်တွင်း စကားသံများ

၂၀၂၁ ခုနှစ်အတွက် အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိသူတို့၏ ရင်တွင်း စကားသံများ

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ ရေးသားပြုစုခဲ့ကြသော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသော အားဖြင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါအမျိုးသားစာပေဆုတွင် စာပဒေသာဆုရ ဖိုးထောင်ဇာတ်လမ်းစုံ စာအုပ်ရေးသားသူ  စိုးတင့်(ဧရာဝတီ)၊ လူငယ်စာပေဆုရ လူငယ် ၁၀၀ မေးခွန်း ၁၀၀ အဖြေ ၁၀၀ စာအုပ်ရေးသားသူ အကြီးကိုကို (ကသာ)နှင့် စာပေဗိမာန်စာမူဆုတွင် လူ့ဘဝခဏတာ မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့ ခေါင်းစဉ်ဖြင့် လူငယ်စာပေပထမဆုနှင့်  အတွေ့အကြုံအဖုံဖုံ ပြည်ပပညာတော်သင် မှတ်တမ်းစုံခေါင်းစဉ်ဖြင့် စာပဒေသာဆု တတိယဆုရရှိသူ နွေကံ့ကော်(မြို့လှ)တို့အား ဆက်သွယ်မေးမြန်းပြီး ရင်တွင်းစကား ကြားသိခဲ့ရမှုအား စာဖတ်သူများအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်-

ဆရာစိုးတင့်(ဧရာဝတီ)

    ဒီစာအုပ်မှာ ဆရာ့ငယ်ဘဝ၊ တပ်မတော်သားဘဝ၊ နယ်ဘက်ဝန်ထမ်းဘဝနဲ့ လုပ်ငန်းရှင်ဘဝများတွင် တွေ့ကြုံရတဲ့အခက်အခဲများ၊ ဒီအခက်အခဲများကို  ကြောက်မနေဘဲ ရဲရဲဝံ့ဝံ့ဖြင့်ရင်ဆိုင် ကျော်လွှားဖြေရှင်းပြီး အောင်မြင်မှုရအောင် ဆောင်ရွက်ခဲ့ပုံများကို အသေးစိတ်မှတ်တမ်းတင် ဖော်ပြထားပါတယ်။ ဆရာ့ငယ်ဘဝ အခြေအနေ၊ ပညာကိုအလေးထား ကြိုးစားခဲ့ပုံ၊ ဇနီးသည် ငယ်သူငယ်ချင်း၊ ငယ်ရည်းစား မဆောင်းနှင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့ပုံတွေ၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်အားကိုးခဲ့ပုံတွေကို ရေးသားခဲ့ပြီး တပ်မတော်သားဘဝတွင် အလုပ်သင်ဗိုလ၊် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆)သို့ တက်ရောက်ခဲ့ပုံတွေ၊  ဗိုလ်လောင်းဘ၀ အမှတ်တရ ရယ်စရာမောစရာတွေ ပါရှိပြီး ဒုဗိုလ်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိတွေ့ကြုံခဲ့သော စွန့်စွန့်စားစား တိုက်ပွဲများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံ၊ နယ်ဘက်တာဝန်များ အောင်မြင်အောင် လုပ်ကိုင်ခဲ့ရပုံများကို ရေးသားထားပါတယ်။ အထူးသဖြင့် တပ်သစ် တည်ဆောက်ရေး အတွေ့အကြုံများ၊ အရှေ့မြောက်စစ်ဒေသတွင် ဗကပပြိုကွဲအောင် တိုက်ပွဲဝင်ခဲ့ပုံများ၊ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလ စစ်ရုံး၌ တာဝန်ထမ်းရွက်ခဲ့ရပုံများ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊  ၈၈ ခုနှစ် အရေးအခင်းကာလ နောက်ပိုင်း တောင်ကတုံးနီးပါး ဖြစ်ခဲ့သော မန္တလေးတောင်အား ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခဲ့ပုံများနဲ့ အခြားသောလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့ပုံများ ပါရှိပါတယ်။

ဆရာသည် စက်မှု(၂)၌ ညွှန်ကြားရေးမှူး တာဝန်၊ ပို့ဆောင်ရေး၌ အထွေထွေမန်နေဂျာ၊  ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် တာဝန်များ ထမ်းဆောင်ခဲ့ရာတွင်လည်း တွေ့ကြုံရသည့် အခက်အခဲများ၊ အောင်မြင်စွာ ဖြတ်ကျော်ခဲ့ရပုံများ၊ နိုင်ငံခြားလေ့လာရေး ခရီးစဉ်၊ အစည်းအဝေး ခရီးစဉ်များအဖြစ် စင်ကာပူနိုင်ငံနှစ်ကြိမ်၊ တရုတ်နိုင်ငံသုံးကြိမ်၊ ဂျပန်နိုင်ငံနှစ်ကြိမ်၊ အင်ဒိုနီးရှား နိုင်ငံနှစ်ကြိမ်၊ ကိုရီးယားနိုင်ငံ နှင့် ထိုင်းနိုင်ငံတစ်ကြိမ်စီ သွားရောက်ခဲ့ရပြီး စင်ကာပူနိုင်ငံတွင် MD,DG များသာ တက်ရောက်ခွင့်ရသော   နှစ်ပတ်မွမ်းမံသင်တန်းအား တက်ရောက်ခဲ့ပြီး အောင်လက်မှတ်ရရှိခဲ့ပုံများကို အသေးစိတ်မှတ်တမ်းပြု တင်ပြထားပါတယ်။

ယခုလို ဆရာရေးသားတဲ့ “ဖိုးထောင်ဇာတ်လမ်းစုံ” စာအုပ်ကို နိုင်ငံတော်နှင့်   စာပေစိစစ်ရေး အကဲဖြတ်အဖွဲ့မှ အမျိုးသားစာပေဆု၊ စာပဒေသာဆု ချီးမြှင့်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာပေါ်မှာ ဆက်လက်အကျိုးပြုရန် တာဝန်ကြီးသွားပြီဟူ၍လည်း ပြောကြားချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမွန်မြတ်တဲ့ တာဝန်ကို အထူးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး  ထိုက်ထိုက်တန်တန်ဆု ချီးမြှင့်ပေးတဲ့ နိုင်ငံတော်နှင့် အကဲဖြတ်စာပေ ပညာရှင်ကြီးများအား အထူးကျေးဇူးတင်ရှိပါတယ်။

ဆရာသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတဇာတိဖြစ်သည်။ ၁၄-၉-၁၉၇၆ ခုနှစ်တွင် အလုပ်သင်ဗိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆)သို့ တက်ရောက်ခွင့် ရခဲ့ပြီး တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ စစ်မှုထမ်းသက် ၂၂ နှစ်၊ ဝန်ထမ်းသက် ၁၅နှစ် စုစုပေါင်း လုပ်သက် ၃၇ နှစ်အတွင်း အတွေ့အကြုံများအား အခြေခံ၍ စာပေများ ရေးသားခဲ့ရာ ၂၀၁၆ ခုနှစ်အတွက် ပခုက္ကူဦးအုန်းဖေ စာကြည့်တိုက်စာအုပ်ဆုကို “ချစ်သောဧရာဝတီနှင့် ကျွန်တော့်ဘဝမှတ်တမ်းများ”စာအုပ်ဖြင့်ဆုရရှိခဲ့သည်။ အငြိမ်းစားဘဝတွင်လည်း ကိုယ်ပိုင်ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရင်း အများ ပြည်သူအကျိုးရှိစေမည့် ဆောင်းပါးများ၊ ဝတ္ထုတိုများ၊ ကဗျာများ၊ ဝတ္ထုရှည်များအား အလျဉ်းသင့်သလို   လေ့လာမှတ်သား ရေးသား၍ စာပေတာဝန်ကို  ကြိုးစားထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု စာပဒေသာဆုအား “ဖိုးထောင်ဇာတ်လမ်းစုံ”စာအုပ်ဖြင့် ရရှိခဲ့သည်။

ဆရာအကြီးကိုကို(ကသာ)

    ကျွန်တော်ရေးသားတဲ့ စာပေအမျိုးအစားက   “ယနေ့လူငယ်တွေကောင်းမှ နောင်အနာဂတ် တိုင်းပြည်ကောင်းမယ်”လို့ခံယူတဲ့အတွက် လူငယ်တွေကို အဓိကပညာပေး၊ အတွေးအခေါ်မြင့်မားစေတဲ့ စာမျိုးတွေ အများဆုံးရေးသားဖြစ်ပါတယ်။

အမျိုးသားစာပေဆုဆိုတာ ရုပ်ရှင်လောကအနေနဲ့ ပြောရရင်အကယ်ဒမီပါပဲ။ ဒါကြောင့်အမျိုးသားစာပေဆု ရရှိတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်မိပါတယ်။

အဲဒီအတွက်လည်း စာပေဆုချီးမြှင့်တဲ့သူတွေ၊ တာဝန်ရှိသူတွေနဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။ ယနေ့ခေတ် စာပေလောကအပေါ်  ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် လူကြီးတွေရော၊ လူငယ်တွေပါ စာပေအပေါ်အာရုံစိုက်မှု အလွန့်အလွန်ကို နည်းပါးလွန်းနေတယ်လို့ ပြောချင်ပါတယ်။ လူငယ်တွေကိုစာပေနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ စာပေထဲမှာ အမှန်တရားတွေရှိတယ်။ စာပေဟာအမှန်နဲ့ အမှားကိုခွဲခြားပေးတယ်။ အကြောင်းအကျိုး၊ အကောင်းအဆိုးကို သိမြင်လာတယ်။ ဆောင်ရန်၊ရှောင်ရန်တွေကို အလိုလို သိတတ်လာတယ်။

ဒါကြောင့် ဘဝအတွက် အမှန်တရားတွေကို စာပေထဲမှာရှာဖွေပါ၊ အမုန်းတရားမပါတဲ့ စာတွေကိုများများဖတ်ပြီး    ကမ္ဘာကိုရင်ပေါင်တန်းနိုင်အောင်  ကြိုးစားကြပါလို့ မှာချင်ပါတယ်။

အခုအချိန်အထိ တစ်ယောက်တည်း ရေးသားပြီးစာအုပ် ၁၅ အုပ်၊ ဆရာကြီး ဆောင်းဝင်းလတ်နဲ့ အတွဲနှစ်အုပ်နဲ့ဆိုရင် စုစုပေါင်း ၁၇ အုပ်ရှိပါပြီ။ ထုတ်ဝေပြီး စာအုပ်များ အနက်မှ ၂၀၁၇ ခုနှစ်တွင် ထုတ်ဝေသော “သားနဲ့သမီးဖတ်ဖို့စာ”စာအုပ်ဖြင့် မြင်းမူမြို့နယ် ပွင့်လင်းရောင်ခြည်စာကြည့်တိုက်မှ ချီးမြှင့်သော လူငယ်စာပေစာအုပ်ဆု၊ ၂၀၁၇ ခုနှစ် ပခုက္ကူဦးအုန်းဖေ စာကြည့်တိုက်ဆု၊ ၂၀၂၁ ခုနှစ် ဇူလိုင်လထုတ် ပြိုပျက်ခဲ့သော သက္ကရာဇ်များ(မြန်မာ+အင်္ဂလိပ်)စာအုပ်ဖြင့် မဲခေါင်စာပေဆု(လာအိုနိုင်ငံ)၊ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလထုတ် လူငယ် ၁၀၀ မေးခွန်း ၁၀၀ အဖြေ ၁၀၀ စာအုပ်ဖြင့် အမျိုးသားစာပေဆု(လူငယ်စာပေဆု)တို့ကို ရရှိခဲ့သည်။ ဆက်လက်၍လည်း လူငယ်များအတွက် အမုန်းတရား မပါသည့် စာပေဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  အကြီးကိုကို စာကြည့်တိုက်များကိုလည်း နိုင်ငံတစ်ဝန်း ဆက်လက်ဖွင့်လှစ်ဖို့ကြိုးစားနေသူဖြစ်သည်။ ဆရာအကြီးကိုကို(ကသာ)သည် စစ်ကိုင်းတိုင်းဒေသကြီးကသာမြို့နယ် အင်းရွာဇာတိဖြစ်သည်။ 

ဆရာနွေကံ့ကော်(မြို့လှ)

    ကျွန်တော့်အနေနဲ့  ဒီ ၂၀၂၁ ခုနှစ် စာပေဗိမာန်စာမူဆုမှာ လူငယ်စာပေပထမဆုနဲ့ စာပဒေသာ ဘာသာရပ်မှာ တတိယဆု ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ဝတ္ထုရှည် ပထမဆု၊ ၂၀၂၀ ပြည့်နှစ်မှာ လူငယ်စာပေ တတိယဆုတွေ ရခဲ့ဖူးပါတယ်။ ဒီနှစ်တော့ လူငယ်စာပေ ပထမဆုကို ထပ်မံဆွတ်ခူးနိုင်တာရယ် မထင်မှတ်ဘဲ တစ်နှစ်ထဲ ဆုနှစ်ဆုရခဲ့တဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။

လူငယ်စာပေနဲ့ ပတ်သက်ပြီး အကြောင်းအရာ မထူးဆန်းပေမယ့် ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဘဝအမှန်ကိုပဲ အရိုးရှင်းဆုံးနဲ့ စာဖတ်သူတိုင်း စိတ်ပါဝင်စားမှုရှိအောင် ရေးသားတင်ပြခဲ့တာပါ။ စာဖတ်သူတိုင်း ဆိုတဲ့နေရာမှာ အဓိကကတော့   လူငယ်တွေပေါ့နော်။ ဘဝလမ်းကို လျှောက်လှမ်းတဲ့နေရာမှာ လူတိုင်းဟာ သူ့ဟာနဲ့သူ မတူညီတဲ့အခက်အခဲ အဆင်မပြေမှုမျိုးစုံနဲ့ ချီတက်နေရ တာကို လူငယ်တွေ သိနားလည်ပြီး အခက်အခဲကြားကနေပဲ ဘယ်လိုအောင်မြင်မှုရအောင် ထိုးဖောက်မလဲဆိုတာကို ရေးသားထားတာဖြစ်ပါတယ်။ လူငယ်တွေအတွက် ဦးတည်တာဖြစ်တဲ့အတွက် လူငယ်တွေ သိသင့်သိထိုက်တဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ ထားရှိအပ်တဲ့ ဟီရိသြတ္တပ္ပတရားတွေကို ဖတ်လို့မပျင်းရလေအောင် တတ်နိုင်သမျှ ကြိုးစားရေးသားပါတယ်။ အကဲဖြတ်ဆုပေးခဲ့ကြတဲ့ ဆုရွေးချယ်ရေး အဖွဲ့ဝင်ပညာရှင်များကို ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ နောက်တစ်ဆုဖြစ်တဲ့ စာပဒေသာဆုကတော့ ကျွန်တော်ရုရှားနိုင်ငံမှာ ပညာသင်ခဲ့စဉ်တုန်းက  ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းသဖွယ်ပြုစုပြီး ရေးသားခဲ့တဲ့စာမူပါ။ သုံးနှစ်တာ ကာလအတွင်း ရုရှားနိုင်ငံသားတို့ရဲ့ လူနေမှုစနစ်တွေ၊ အမျိုးသားရေး ခံယူချက်တွေကို တွေ့ရှိခဲ့ရာကနေ ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ ချိန်ထိုးကြည့်ချင်လာပါတယ်။ နောက်နောင် ရုရှားကိုအကြောင်း အမျိုးမျိုးနဲ့ သွားရောက်ကြမယ့်သူတွေ အတွက်လည်း တစ်ထောင့်တစ်နေရာက အထောက်အကူပြုကောင်း ပြုစေရဲ့ဆိုပြီး ဒီစာမူကိုရေးသား ပြိုင်ပွဲဝင်ဖြစ်ခဲ့တာပါ။ ရုရှားနိုင်ငံဟာဆိုလည်း တစ်ချိန်တုန်းက စစ်ဘေးစစ်ဒဏ်ကို နင့်နေအောင် ခံခဲ့ရပါတယ်။ ဒါပေမဲ့  မှန်ကန်တဲ့ ခေါင်းဆောင်တွေ၊ အမျိုးသားရေး ခံယူချက်အားကောင်းတဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကြောင့် ဒီနေ့မှာဆို သူတို့ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်နေပါပြီ။

ကိုယ့်နိုင်ငံကျမှ  နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရပြီး အဆိုးတွေနဲ့ရင်ဆိုင်ခဲ့ ရတယ်လို့မမှတ်ဘဲ ရောက်ရာနေရာကနေ အားလုံးညီညွတ်ကြမယ်ဆိုရင် တစ်နေ့နေ့မှာ ဒေသတွင်းကနေ ကမ္ဘာ့တန်းဝင်နိုင်ငံတစ်ခု ဖြစ်လာမယ်ဆိုတဲ့ မက်ဆေ့ကိုပေးချင်တာလည်း ပါပါတယ်။

စာပဒေသာ စာမူဆုအတွက်လည်း  အကဲဖြတ်ဆုရွေးချယ်ပေးကြတဲ့ ပညာရှင်အပေါင်းကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဆရာနွေကံ့ကော်(မြို့လှ)သည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့ ကျွန်းပင်စုကျေးရွာ ဇာတိဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် စစ်တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရုရှားနိုင်ငံ မော်စကို မီးရထားတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ကာ  မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်ထုတ် ငွေတာရီမဂ္ဂဇင်းပါ “အမေ့ကိုသာအပြစ်တင်ပါ”  ဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ စာပေဗိမာန်စာမူဆုများ အပြင် ၂၀၁၇ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ စာပေဆု ဝတ္ထုရှည် တတိယဆု၊ ၂၀၂၀ ပြည့်နှစ် (၇၅)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာမူပြိုင်ပွဲတွင် ဝတ္ထုရှည်တတိယဆု၊ ၂၀၂၁ ခုနှစ် (၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာမူပြိုင်ပွဲတွင် ဝတ္ထုရှည်နှစ်သိမ့်ဆုတို့ကို ရရှိခဲ့သည်။ လက်ရှိနေပြည်တော်တွင် တာဝန်ထမ်းဆောင်ရင်း  စာပေများ ရေးသားလျက်ရှိသည်။                        

ဝန်းရံခ