လူလည်းကျန်းမာ စိတ်လည်းချမ်းသာ

လူသားတိုင်း၏တူညီသောစိတ်မှာ ကျန်းမာချင်သည်၊ ချမ်းသာချင်သည်။ တင့်တင့်တယ်တယ်နေထိုင်လိုသည်။ မည်သူတစ်ဦး တစ်ယောက်ကမျှ မိမိဖြတ်သန်းရမည့်ဘဝခရီးကို ဆင်းရဲပင်ပန်းခက်ခဲစွာ ဖြတ်သန်းချင်ကြမည် မဟုတ်ကြပါ။ မိမိဘဝကို အကောင်းဆုံးဖြစ်ရန် ရည်မှန်းထားသလို မိမိနေထိုင်ရာနိုင်ငံကိုလည်း အကောင်းဆုံး ဖြစ်စေချင်သည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသဖြင့် အရာရာတွင် အခြားသော နိုင်ငံများထက် သာလွန်ချင်သည်။ ကမ္ဘာနှင့်ရင်ပေါင်တန်းလိုက်လျှင် မြန်မာသည် ပထမတန်းစား သာလွန်သောနိုင်ငံ ဖြစ်စေချင်သည်။  တစ်ဦးချင်းစီက ကိုယ်ကျင့်သိက္ခာကောင်းအောင်၊ အသိပညာ၊ အတတ်ပညာဗဟုသုတတိုးပွားအောင် အမြဲကြိုးပမ်း နေကြရမည်။ အထူးအရေးကြီးသော အချက်မှာ ကျန်းမာရေးဖြစ်သည်။

ကျန်းမာအောင်နေသင့်သည်။ သန်စွမ်းအောင်လေ့ကျင့်သင့်သည်။ သန်စွမ်းအောင်ဆိုရာ၌ ကိုယ်ကာယသန်စွမ်းရေး၊ ဉာဏ်အမြော်အမြင်သန်စွမ်းရေးဖြစ်သည်။ ကိုယ်ကာယသန်စွမ်းရေးအတွက် ကျန်းမာရေးလိုက်စားမှုရှိရမည်။ ဉာဏ်အမြော်အမြင်သန်စွမ်းရေးအတွက် စာပေဗဟုသုတ လိုက်စားမှုရှိရမည်။ စာများများဖတ်မှ အသိဉာဏ် ဦးနှောက်သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာပေမည်။ ထိုအခါ အမှားနှင့်အမှန်ကို စဉ်းစားသုံးသပ်နိုင်ပေလိမ့်မည်။

နေ့စဉ်နေ့တိုင်း တပ်မတော်သားတို့ရွတ်ဆိုနေသော ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည် ဟူသည့် သစ္စာအဓိဋ္ဌာန်သည် တပ်မတော်သားများသာမက မြန်မာနိုင်ငံသား အားလုံးက စွဲမြဲစွာလိုက်နာ ကျင့်သုံးရမည့်သစ္စာ ဖြစ်ပေသည်။ နိုင်ငံတော်အကျိုးပျက်စီးစေမည့် လုပ်ရပ်များကို ရှောင်ရှားခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည့် ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံသားတိုင်း လုပ်ဆောင်ရမည့် ဝတ္တရားဖြစ်သည်။ နိုင်ငံတော်အပေါ် သစ္စာရှိခြင်းလည်း ဖြစ်ပေသည်။ ငါ့နိုင်ငံတော်အတွက် ငါကောင်းအောင်လုပ်မည် ဟူသော မိမိကိုယ်ကို မိမိယုံကြည်မှု ရှိနေခြင်းသည် မွန်မြတ်သောစိတ်ထားဖြစ်ပေသည်။

နိုင်ငံသားတစ်ဦးချင်းလိုက်နာရမည့် ကျင့်ဝတ်များအဖြစ် အမျိုးအနွယ်စောင့်ထိန်းခြင်း၊ တရားဥပဒေကိုလေးစားခြင်း၊ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားခြင်း၊ အကြားအမြင် ဗဟုသုတပွားများအောင် ဆည်းပူးခြင်း၊ တစ်ကိုယ်ရေ ကျန်းမာကြံ့ခိုင်အောင် နေထိုင်ခြင်း၊ ကိုယ်စီတာဝန်ကျေပွန်ခြင်း၊ အများအကျိုးကိုရှေးရှု၊ အများနှင့် ညီညွတ်အောင် နေထိုင်ခြင်း၊ မိမိနှင့်မိသားစုကို ကာကွယ်စောင့်ရှောက်ခြင်း၊ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိခြင်း၊ မိမိသားသမီးများ၏ ကျန်းမာရေး၊ ပညာသင်ကြားရေးကို တာဝန်ယူခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကာကွယ် စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့် လျှို့ဝှက်ချက်များကို အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ တမင်ဖြစ်စေ ကျူးလွန်ဖောက်ဖျက်မှုမပြုခြင်း၊ တရားသဖြင့် မိမိအပေါ် ကျရောက်လာသည့် အမိန့်နှင့်တာဝန်များကို ဖီဆန်ခြင်း၊ ရှောင်လွှဲခြင်း၊ ငြင်းဆန်ခြင်း၊ ပျက်ကွက်ခြင်းမရှိအောင် ဆောင်ရွက်ခြင်း၊ အများအကျိုးကို ထိခိုက်နစ်နာပျက်စီးစေမည့် ဆောင်ရွက်ချက်မှန်သမျှကို မပြုလုပ်ခြင်း၊ ဥပဒေအရ တားမြစ်ထားသည့် မူးယစ်ဆေးဝါးများကို မသုံးစွဲခြင်း၊ တစ်ကိုယ်ကောင်းစိတ်ထားကာ ကိုယ်ကျိုးမရှာခြင်း၊ လာဘ်ပေးလာဘ်ယူမှုမပြုလုပ်ခြင်း၊ အများပြည်သူအနှောင့်အယှက် ဖြစ်စေမည့် ဆူပူအော်ဟစ်ဆဲဆို မူးယစ်ရမ်းကားမှု မလုပ်ခြင်း၊ ရပ်ရွာလုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမည့် အပြုအမူ၊ အပြောအဆိုများကို အားပေးအားမြှောက်မပြုခြင်း၊ မတည်မငြိမ်ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေမည့် လုပ်ရပ်မှန်သမျှကို တားဆီးကာကွယ်ရာတွင် အများပြည်သူ တို့နှင့်အတူ  ပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဖော်ပြထားသည်။

အထက်အကြောင်းအရာပါ အချက်များကို ပြည်သူတစ်ဦးချင်းက လိုက်နာကျင့်ကြံလုပ်ဆောင်ကြမည်ဆိုလျှင် မိမိတို့နိုင်ငံသည် ကမ္ဘာတွင် အကောင်းဆုံး ဖြစ်စဉ်များတွင် နံပါတ်တစ်နေရာ၌ ရပ်တည်နေပေလိမ့်မည်။ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင်လည်း မြန်မာတိုင်းရင်းသား အပေါင်းတို့သည် အရေးကြီးလျှင် သွေးစည်းခဲ့ကြသည်။ အမျိုးဘာသာ သာသနာရပ်တည်စည်ပင်ရေး၌ အဆီးအတားရှိလျှင် အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ခဲ့ကြသည့် အစဉ်အလာရှိပါသည်။ ဤသို့ ကာကွယ်စောင့်ရှောက်နိုင်ရန်မှာ လူတိုင်းအနေဖြင့်  လူလည်းကျန်းမာ၊  စိတ်လည်း ချမ်းသာအောင် ကြိုးစားအားထုတ် နေထိုင်ကြပါရန်  တိုက်တွန်းရေးသား လိုက်ရပေသည်။