စိတ်ဓာတ်ကောင်းလျှင် အကျင့်ကောင်းသည်

မိဘနှင့်ဆရာများက မိမိတို့၏သားသမီး၊ တပည့်များကို ဗလငါးတန်နှင့် ပြည့်စုံပြီး တိုင်းပြည်က အားထားရသော လူတော်လူကောင်းများ ဖြစ်စေချင်သည်။ စိတ်ရင်းစိတ်ထားကောင်းကောင်းဖြင့် အများအကျိုးသယ်ပိုး လိုသော စိတ်ကောင်းစေတနာကောင်း ရှိသူများ ဖြစ်စေချင်သည်။ စိတ်ကောင်းစေတနာကောင်းမှာ စာရိတ္တကောင်းမွန်ရန် လိုအပ်ပေသည်။ ဗလငါးတန်တွင် အဓိက အကျဆုံးသော အရာမှာ စာရိတ္တဗလဖြစ်သည်။ စာရိတ္တကောင်းမွန်ရန်အတွက် စောင့်စည်းအပ်သည်ကိုစောင့်စည်းရပေမည်။ စာရိတ္တဖြည့်တင်းခြင်းမှာ မကောင်းသည်ကိုရှောင်၍ ကောင်းသည်ကို ဆောင်ခြင်းပင် ဖြစ်လေသည်။

ကောင်းသည်ကို မဆောင်ရွက်သည်ထက် မကောင်းသည်ကို ရှောင်နိုင်ခြင်းမှာ တစ်ဝက်သော အောင်မြင်မှုကို ရယူနိုင်လေသည်။ ကောင်းသော အပြုအမူကိုပြုလျှင် ကောင်းမွန်သည်။ မကောင်းသော အပြုအမူကို ပြုမူလျှင် ဆုတ်ယုတ် ထိခိုက်စေနိုင်ပါသည်။ မကောင်းမှုကို ရှောင်ရန်အရည်အချင်းမှာ မကောင်းမှုနှင့်ကောင်းမှုတွင် မကောင်းမှုဘက်သို့သာ နွယ်တတ်သော လူ့လောကဝယ် အထူးလိုအပ်လေသည်။ မကောင်းမှုကိုရှောင်ခဲ့လျှင် ပြုသမျှသည် ကောင်းမှုများသာဖြစ်နိုင်လေသည်။ မကောင်းမှုကိုရှောင်ရှားရန်မှာ ခိုင်မာသောစိတ်၊ သန့်စင်သော ဆန္ဒဖြင့်နေထိုင်သွားလာရန် ဖြစ်သည်။ မိမိစိတ်ကို ချုပ်တည်းနိုင်ခြင်းသည် အောင်မြင်မှု၏ လမ်းအစကို တွေ့မြင်ရခြင်း ဖြစ်သည်။ စိတ်ပင်ပန်းသည်ဟု ဆိုနိုင်စေကာမူ မကောင်းမှုကိုပြုရန် ဆန္ဒရှိတော့မည် မဟုတ်ပေ။ လူတစ်ဦးတွင် လိုချင်တပ်မက်မှု လောဘနည်းနိုင်သမျှ နည်းအောင် စိတ်ကို ထိန်းချုပ်နိုင်ခြင်းသည် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်မည့်အရေးကို တားဆီးလိုက်ခြင်း ဖြစ်ပေသည်။

မြတ်စွာဘုရား ဟောကြားတော်မူသော သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်တွင် အတ္တသမ္မာ ပဏိဓိစ-မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာစောင့်ထိန်းခြင်း၊ ဝိနယောစသုသိက္ခိတော-ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် လူနှင့်ဆိုင်သော ကျင့်ဝတ်တရားကို ကောင်းစွာသင်ယူခြင်း၊ သုဘာသိတာစ ယာဝါစာ-ကောင်းသော စကားကိုပြောဆိုခြင်း၊ အပြောအဆိုယဉ်ကျေးခြင်း၊ အနဝဇ္ဇာနိကမ္မာနိ-အပြစ်ကင်းသော အမှုတို့ကိုပြုခြင်း၊ အာရတီ-မကောင်းမှုမဖြစ်အောင် ဝေးစွာရှောင်ခြင်း၊ ဝီရတီပါပါ-မကောင်းမှုမဖြစ်အောင် ကိုယ်စိတ်နှစ်ပါးဖြင့် ရှောင်ကြဉ်ခြင်း၊ သန္တုဋ္ဌိစ-ရောင့်ရဲလွယ်ခြင်း (လောဘအလိုမလိုက်ခြင်း) တပေါစ-ခြိုးခြံစွာကျင့်ခြင်း စသည်တို့မှာ စာရိတ္တကောင်းမွန်ရေးအတွက် လမ်းညွှန်ချက်များ ဖြစ်ပေသည်။

လူသားများ အနေဖြင့် မိမိတို့၏ စားဝတ်နေရေးအတွက် အလုပ်ကိစ္စများကို လုပ်ဆောင်နေရာတွင် စိတ်အလိုသို့ မလိုက်ဘဲ စောင့်ထိန်းခြင်းသည် စိတ်အေးချမ်းမှုကိုရရှိစေမည်။ ရောင့်ရဲမှု အဆုံးအပိုင်းအခြား မရှိလျှင်လောဘကို သတ်၍ရမည် မဟုတ်ပေ။ လောဘမသတ်နိုင်သလောက် စာရိတ္တပျက်ပြားမှုနှင့် အကျိုးမဲ့မှုတို့ ဖြစ်ပေါ်လာနိုင်ပေသည်။ ဖြစ်လာသမျှ အခြေအနေကို ကျေနပ်နှစ်သိမ့်နိုင်ခြင်းသည် ရောင့်ရဲမှုကို ရရှိစေခြင်းပင်ဖြစ်သည်။ အလိုအလျောက်ခြိုးခြံစွာ ကျင့်ဆောင်နိုင်စေပြီး စာရိတ္တကိုခိုင်မတ်အောင် အထောက်အပံ့ပြုနိုင်စွမ်းရှိလေသည်။

စာရိတ္တကောင်းသူတစ်ဦးသည် အိမ်၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ ဘဝလမ်းကြောင်းနှင့် ဆက်ဆံရေး ပြင်ပလောက၌ ဖြစ်စေ ချစ်ခင်သူများပြားပေမည်။ စာရိတ္တကောင်းခြင်းသည် တစ်နေ့အမှု၊ တစ်လအမှု မဟုတ်ပေ။ တစ်သက်တာ အမှုပင်ဖြစ်လေသည်။ အကျင့်ကောင်းခြင်းသည် စိတ်ကောင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

စိတ်ဓာတ်ကောင်းသူသည် အတတ်ပညာထူးချွန်သူထက် ပေါင်းသင်းအပ်သော မိတ်ဆွေဖြစ်လေသည်။ လူငယ်တစ်ယောက် စာရိတ္တကောင်းသည်ဟု ပြောဆိုချီးမွမ်းရာ၌ သူသည်စာရိတ္တဟူသော အရည်အချင်းကို စောင့်စည်းမှု၊ လိုက်နာမှု၊ သိမြင်မှု၊ ပြုပြင်မှု၊ ထိန်းသိမ်းမှုတို့ဖြင့် ပေါင်းဖွဲ့ထူထောင်ထား၍ ချီးမွမ်းခံရခြင်း ဖြစ်သည်။

လူတစ်ဦးနှင့်တစ်ဦး အကဲဖြတ် စဉ်းစားဆုံးဖြတ်ကြသည့်အခါ စာရိတ္တကောင်းခြင်း၊ မကောင်းခြင်းသည် အဓိက ဆုံးဖြတ်ရာဖြစ်သည်။ လူတို့သည် အသက်ရှင်နေသမျှ ကာလပတ်လုံး လှုပ်ရှားဆောင်ရွက်ရန်ကိစ္စအ၀၀ရှိသမျှအတွက် အရည်အချင်းသုံးစွဲရမြဲဖြစ်လေသည်။ ထိုသို့အမျိုးမျိုးကို သုံးစွဲရာတွင် စာရိတ္တသည် လူတို့အတွက် လိုအပ်သော ပဲ့ကိုင်အရည်အချင်း ဖြစ်သည်။ မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်းဟူသော  ဟီရိသြတ္တပ္ပ တရားနှစ်ပါးကို   စောင့်ထိန်းလိုက်နာ ကျင့်ကြံသူသည် စာရိတ္တကောင်းသူအဖြစ် အများသတ်မှတ် ကြပေလိမ့်မည်။

စာရိတ္တ ကောင်းခြင်းသည် သာမန်လူများတွင် ထင်ထင်ရှားရှား မသိသာသော်လည်း နိုင်ငံ့ဝန်ထမ်းများအုပ်စုတွင် လွန်စွာအရေးပါလှပေသည်။ အထူးသဖြင့် အရုပ်ဆိုး အကျည်းတန်ဆုံးသော လုပ်ရပ်များမှာ နိုင်ငံနှင့်လူမျိုးအတွက် အရေးကြီးသော အကြောင်းအရာအချက်အလက်များကို မသိသင့်သူများအား သိစေခြင်းမျိုးဖြစ်သည်။ သတင်းရောင်းစားခြင်း မျိုးသည် စာရိတ္တပျက်ယွင်းခြင်း ဖြစ်သည်။ ထို့ထက်ပိုမို၍ ငွေကြေးလက်ခံရယူကာ နိုင်ငံတော်နှင့် နိုင်ငံသားအပေါ် သစ္စာစောင့်သိရန်ပျက်ကွက်ခြင်း မျိုးသည်လည်း စာရိတ္တချို့ယွင်းခြင်းဖြစ်ပေသည်။ ကေသရာဇာခြင်္သေ့မင်းတို့သည် ဘယ်တော့မှမြက်ကို မစားဟူသော စကားကဲ့သို့ စာရိတ္တကောင်းမွန်သူသည် မိမိ၏စာရိတ္တကို ငွေကြေးဖြင့် ဘယ်သောအခါမှ အလဲအလှယ်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် လူငယ်ထုတစ်ရပ်လုံး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ပြည့်စုံပြီး နိုင်ငံတော်အတွက် အားကိုးထိုက်သူများ ဖြစ်ပါစေကြောင်း ရေးသားလိုက်ရပေသည်။