နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အတွက် နေပြည်တော်ဒေသတွင်းနဲ့ အနီးပတ်ဝန်းကျင် ဒေသတွေမှာ ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေသာမကဘဲ နိုင်ငံတစ်ဝန်းလုံးမှာရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လေးဘာသာ ပေါင်းရမှတ် အနည်းအများအပေါ်မူတည်ပြီးတော့

နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အတွက် နေပြည်တော်ဒေသတွင်းနဲ့ အနီးပတ်ဝန်းကျင် ဒေသတွေမှာ ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေသာမကဘဲ နိုင်ငံတစ်ဝန်းလုံးမှာရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လေးဘာသာ ပေါင်းရမှတ် အနည်းအများအပေါ်မူတည်ပြီးတော့ လာရောက်ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းတစ်ခု ထပ်မံပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒေါ်နွယ်နီ(ညွှန်ကြားရေးမှူးချုပ်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နေပြည်တော်နည်းပညာတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ်၌ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင်ကျင်းပသည်။ အဆိုပါဖွင့်ပွဲအခမ်းအနား၌ နေပြည်တော်နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါတယ်။

ဒေါ်နွယ်နီ(ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန)

အဆင့်မြင့်သိပ္ပံနဲ့ နည်းပညာဦးစီးဌာန ရဲ့လက်အောက်မှာ အရင်က နည်းပညာတက္ကသိုလ် ၃၃ ကျောင်းရှိပါတယ်။ ဒါပေမဲ့ နေပြည်တော်ပတ်ဝန်းကျင်မှာတော့ တက္ကသိုလ်တွေမရှိသေးပါဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ သိပ္ပံနဲ့နည်းပညာနဲ့ပတ်သက်တဲ့ ထူထောင်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ အခုလိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အရင်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်တွေဖြစ်ကြတဲ့ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တွေမှာ သင်ကြားပေးနေတဲ့ ဘာသာရပ်တွေ အတိုင်း သင်ကြား ပို့ချပေးသွားမှာဖြစ်ပါတယ်။ ပညာသင်ကာလလည်း အတူတူပဲဖြစ်ပါတယ်။ အခု စတင်ဖွင့်လှစ်မယ့် ပညာသင် နှစ်မှာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် တဲ့သူတွေကို  လေးဘာသာပေါင်းရမှတ် အနည်းအများအပေါ်မူတည်ပြီးတော့ ခေါ်ယူထားတာဖြစ်ပါတယ်။ လက်ရှိတက် ရောက်ခွင့်ရရှိထားတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေကတော့ ၄၄ ယောက်ရှိပြီဖြစ်ပါ တယ်။ တခြားကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ပြန်လည်ဝင်ရောက်လာနိုင်တာဖြစ်တဲ့ အတွက် ၇၀ ဦးကနေ ၁၀၀ ဦးပတ်ဝန်းကျင် လောက်တော့ ရှိနိုင်မယ်လို့ထင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် အမှန် တကယ်သင်ယူတတ်မြောက်စေဖို့အတွက် ICT အခြေပြုသင်ကြား၊ သင်ယူမှုစနစ်တွေ ကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားပါ တယ်။ ဒီတက္ကသိုလ်မဖွင့်ခင်တုန်းက နေပြည်တော်မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်၊ တောင်ငူနည်းပညာတက္ကသိုလ်၊ ရမည်းသင်းနည်းပညာတက္ကသိုလ် စသည်ဖြင့် ဒေသအသီးသီးကိုသွားရောက်ပြီး ပညာသင်ယူ ကြရပါတယ်။ အခု နည်းပညာတက္ကသိုလ် နေပြည်တော်ကို ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အတွက် နေပြည်တော်ဒေသတွင်းနဲ့အနီး ပတ်ဝန်းကျင်ဒေသတွေမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေသာမကဘဲ နိုင်ငံတစ်ဝန်းလုံးမှာရှိနေတဲ့ ကျောင်းသား၊ ကျောင်း သူတွေအနေနဲ့ လေးဘာသာပေါင်းရမှတ် အနည်းအများအပေါ်မူတည်ပြီးတော့ လာ ရောက်ပညာသင်ယူနိုင်မယ့် အခွင့်အလမ်း တစ်ခု   ထပ်မံပေါ်ပေါက်လာတာဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ်တွေကနေ နိုင်ငံတော်အတွက်လိုအပ်တဲ့ အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်တွေကို နှစ်စဉ် မွေးထုတ်ပေး လျက်ရှိနေပါတယ်။  အဲဒီ လူ့စွမ်းအားအရင်းအမြစ်တွေကို တိုင်းပြည်အတွက်လိုအပ်တဲ့နေရာမှာ အကျိုးရှိရှိ အသုံးချနိုင်ဖို့ဖြစ်ပါတယ်။  နည်းပညာ တက္ကသိုလ်တွေသာမကဘဲ  ကွန်ပျူတာ တက္ကသိုလ်တွေကလည်း အလားတူ အဖိုး တန်လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးလျက်ရှိနေပါတယ်။ တက္ကသိုလ်တွေကနေ မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အဆင့်မြင့် ပညာတွေကို တတ်မြောက်နားလည်သိကျွမ်း အောင်လေ့လာသင်ယူပြီး နိုင်ငံအတွက်လိုအပ်တဲ့ တစ်ထောင့်တစ်နေရာကနေ နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်နေတဲ့ သူတွေလည်းရှိနေပြီဖြစ်တဲ့အတွက် နေပြည် တော်နည်းပညာတက္ကသိုလ်က မွေးထုတ် ပေးမယ့် ကျောင်းသား၊ ကျောင်းသူတွေကလည်း ကိုယ်ကျွမ်းကျင်တတ်မြောက်ထားတဲ့ အသိပညာအတတ်ပညာတွေကို အကျိုးရှိရှိ အသုံးချပြီး  နိုင်ငံ့အကျိုးကို ဆက်လက်ထမ်းဆောင်နိုင်တဲ့သူတွေဖြစ် လာမှာ အသေအချာပဲဖြစ်ပါတယ်။

ဒေါက်တာနေမျိုးထွန်း(ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန)

ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ နေပြည်တော် နည်းပညာတက္ကသိုလ်ကို နိုင်ငံတော်အတွက်လိုအပ်နေတဲ့ လူ့စွမ်း အားအရင်းအမြစ် တွေကို ပြုစုပျိုးထောင် ပေးတဲ့ကဏ္ဍမှာ အရေးအပါဆုံးကဏ္ဍကြီး တစ်ရပ်ဖြစ်တဲ့ အင်ဂျင်နီယာပညာရှင်တွေကို မွေးထုတ်ပေးနိုင်ဖို့ အတွက် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်လည်း နိုင်ငံတော်အတွက် အင်ဂျင်နီယာ ပညာရှင်တွေ လိုအပ်နေတာဖြစ်တဲ့ အတွက် လူ့စွမ်းအားအရင်းအမြစ်ပျိုးထောင်ရေးအတွက် အခုလို တိုးချဲ့ဖွင့်လှစ်ရတာဖြစ်ပါတယ်။ နေပြည်တော် နည်းပညာ တက္ကသိုလ်မှာ ဘာသာရပ်ခြောက်ခုကို ဖွင့်လှစ်သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ အဲဒီဘာသာ ရပ်ခြောက်ခုမှာ လုပ်ငန်း လိုအပ်ချက်အများဆုံးဖြစ်တဲ့ မေဂျာလေးခုနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းအများဆုံးဖြစ်တဲ့ ဘာသာရပ်နှစ်ခုပါဝင်ပါတယ်။  ဖွင့်လှစ်သင်ကြားပို့ချပေးမယ့် အင်ဂျင်နီယာ ဘာသာရပ်တွေကတော့ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်၊ ကွန်ပျူတာအင်ဂျင်နီယာနှင့်     သတင်းအချက်အလက်နည်းပညာဘာသာရပ်နဲ့ ဗိသုကာဘာသာရပ်တို့ဖြစ်ပါတယ်။

ကျောင်းသား၊ကျောင်းသူလက်ခံမယ့်ပမာဏအနေနဲ့ ပညာသင်နှစ်တစ်နှစ်အတွက် မေဂျာတစ်ခုကို ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးနှုန်းနဲ့ စုစုပေါင်း ၂၄၀ ဦး လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အတွက်လိုအပ်နေတဲ့ အင်ဂျင်နီယာပညာရှင်တွေကို မွေးထုတ်ပေးနိုင်ဖို့အတွက် လုပ်ငန်းလိုအပ်ချက်အများဆုံး မေဂျာလေးခုနဲ့ အလုပ်အကိုင်အခွင့်အလမ်းအများဆုံးဖြစ် တဲ့ မေဂျာ နှစ်ခုကို အခုဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ နေပြည်တော် နည်းပညာတက္ကသိုလ်ကနေ အကောင်းဆုံးသော သင်ကြားသင်ယူမှု နည်းစနစ် တွေနဲ့ လေ့ကျင့်သင်ကြားပို့ချ ပေးသွားမှာဖြစ်ပါတယ်။ သင်ကြားတဲ့အချိန်မှာလည်း Online စနစ်နဲ့သာမက Offline စနစ်နဲ့ပါ သင်ကြားပို့ချပေးဖို့အတွက် စီစဉ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ တက္ကသိုလ်တွေမှာပါအသုံးပြုနေတဲ့ Learning Management System တွေကိုအသုံးပြုပြီးတော့လည်း သင်ကြားသင်ယူ မှုပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ဖို့အတွက် ဖန်တီးထားပါတယ်။  ICT Infrastructure တွေကိုလည်း အကောင်းမွန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အောင် ဖြည့်ဆည်းထားပါတယ်။ Lab လုပ်မယ့်ပစ္စည်းတွေ ကိုလည်း ခေတ်အမီဆုံးနဲ့ အကောင်းဆုံး Lab ပစ္စည်းတွေ  ဖြည့်ဆည်းဆောင်ရွက်ထားသလို ဆက်လက်ပြီးဖြည့်ဆည်းပေးဖို့လည်း စီစဉ် ထားပါတယ်။ သင်ကြားသင်ယူမှုစနစ်မှာ ပါဝင်မယ့်  ဆရာ၊ ဆရာမတွေကိုလည်း အတွေ့အကြုံရှိပြီး သင်ကြားမှုအကောင်း ဆုံးဆောင်ရွက်နိုင်တဲ့ ဆရာ၊ ဆရာမတွေ ကို စိစစ်ရွေးချယ်ထားပြီး သင်ကြားရမယ့်ဘာသာရပ်တွေကို သေသေချာချာလေ့ကျင့် သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ နေပြည်တော်နည်းပညာတက္ကသိုလ်ကို ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ မန္တလေး နည်းပညာ တက္ကသိုလ်တွေနည်းတူ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်ကြား၊ သင်ယူမှုစနစ်တွေ ကိုလည်း အကောင်းဆုံး၊ အထိရောက်ဆုံး၊ အကျိုးအရှိဆုံးကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေး သွားမှာဖြစ်ပါတယ်။  ICT Infrastructure တွေနဲ့  Lab နဲ့ပတ်သက်တဲ့ Infrastructure တွေကိုလည်း အကောင်းဆုံးဖြည့်ဆည်း ပေးသွားမှာဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေနည်းတူ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ် တွေနဲ့နည်းတူ အဆင့်မြှင့်တိုးချဲ့  ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ နေပြည်တော် နည်းပညာ တက္ကသိုလ်မှာ ပျော်ပျော်ရွှင်ရွှင် လာရောက်လေ့လာသင်ယူကြပြီး နိုင်ငံတော် အတွက်လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တဲ့ အင်ဂျင်နီယာပညာရှင် တွေ ပေါ်ထွန်းလာစေဖို့အတွက် အကောင်း ဆုံးပြင်ဆင်ဆောင်ရွက်ထားပါတယ်လို့ ပြောချင်ပါတယ်။

ဦးရန်နောင်စိုး(တွဲဖက်ပါမောက္ခ၊ IT ဌာန)

အဓိကသင်ကြားပေးမယ့် ဘာသာရပ် ကတော့ ကွန်ပျူတာနည်းပညာဘာသာရပ်နဲ့ ကွန်ပျူတာသိပ္ပံဘာသာရပ်တွေ ဖြစ်ပါတယ်။   အခုလက်ရှိခေတ်က  IT နဲ့ကင်းကွာလို့မရတဲ့  ခေတ်တစ်ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့  IT စနစ်နဲ့ အမြဲမပြတ် ထိတွေ့နေဖို့လိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း IT နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အပြည့်အဝမဟုတ်ရင်တောင်မှ  အတန်အသင့် လောက်နားလည်ထားဖို့ လိုအပ်ပါတယ်။ IT ဆိုတာက ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုသာမကဘဲ ကမ္ဘာကြီးကို ပါပြောင်းလဲပစ်လို့ရနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ နေပြည်တော် နည်းပညာတက္ကသိုလ်မှာ ပညာသင်ယူကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျွန်တော်တို့ဌာနက သင်ကြားပေးမယ့် ဘာသာရပ်တွေကလည်း အထက်မှာကျွန်တော်ပြောခဲ့သလိုပဲ လက်တွေ့နယ်ပယ်အတွက် အသုံးဝင်မယ့် ဘာသာရပ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျွန်တော်တို့ သိထားသမျှ၊ ကျွန်တော်တို့ လေ့လာထားသမျှ၊ ကျွန်တော်တို့တတ်သမျှအသိပညာ တွေကို အစွမ်းကုန်သင်ကြားပို့ချပေးသွားမှာ ဖြစ်တဲ့အတွက် လာရောက်ပညာဆည်းပူးကြမယ့် ကျောင်းသား၊ ကျောင်းသူတွေကလည်း ဆရာ၊ ဆရာမတွေရဲ့သင်ကြားပို့ချမှုတွေကို စနစ်တကျလိုက်နာ သင်ယူကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်တဲ့ အဖိုးတန် လူ့စွမ်းအား အရင်းအမြစ် တွေကိုမွေးထုတ်ပေးဖို့အတွက် နည်းပညာတက္ကသိုလ် နေပြည်တော်မှာရှိတဲ့ ဆရာ၊ ဆရာမတွေက ကျောင်းသား၊ ကျောင်းသူ တွေကို အင်အားသစ်တွေ နွေးနွေးထွေးထွေး  ကြိုဆိုနေပါတယ်လို့ ပြောချင်ပါတယ်။

ဒေါက်တာလဲ့လဲ့ဖြိုး(ဌာနကြီးမှူး)

နေပြည်တော်နည်းပညာတက္ကသိုလ် အတွက် ကျောင်းသား၊ ကျောင်းသူတွေ ရွေးချယ်တဲ့နေရာမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ လေးဘာသာပေါင်း ရမှတ်အနိမ့်ဆုံး ၃၀၀ နဲ့ရွေးချယ်ခဲ့ပါတယ်။ ကျောင်းလာအပ်တဲ့ကျောင်းသား၊ ကျောင်းသူ တွေအထဲမှာ လေးဘာသာပေါင်းရမှတ် အများဆုံးကတော့ ၃၅၂ မှတ်ဖြစ်ပါတယ်။ အခုလက်ရှိအချိန်အထိ ဝင်ခွင့်ရရှိထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၄၄ ဦး ဝင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။ ယောကျ်ားလေး ၁၆ ဦး၊ မိန်းကလေး ၂၈ ဦး ဖြစ်ပါတယ်။ သင်ကြားသင်ယူမှုတွေကို  အခုလ ၂၁ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ သင်ကြားသင်ယူမှုအပိုင်းအတွက်ကတော့ ကျောင်းသား၊ ကျောင်းသူတွေကို သင်ခန်းစာတွေ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးနိုင်ဖို့အတွက် လက်တွေ့ခန်းတွေကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါတယ်။ YTU နဲ့ MTU ပြီးရင် Center Of Excellence လို့ခေါ်တဲ့ အမြင့်ဆုံးကျောင်းတစ်ကျောင်းဖြစ်တဲ့ အတွက် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စည်းကမ်းကောင်းကောင်းနဲ့ သင်ယူကြ စေလိုပါတယ်။ အခြားသင်ကြားသင်ယူမှု အခွင့်အလမ်း ကောင်းတွေကိုလည်း ထပ်ပြီးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက် အင်ဂျင်နီယာဘာသာရပ်ကို စိတ်ပါဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ လာရောက်လျှောက်ထားကြဖို့ ဖိတ်ခေါ် ချင်ပါတယ်။ နေပြည်တော် နည်းပညာ တက္ကသိုလ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အခုလိုဖွင့်လှစ်လိုက်တဲ့အတွက် နီးစပ်ရာ ဒေသတွေမှာရှိကြတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ သားသမီးတွေ ဖြစ်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်  ပညာသင်ယူမှု အခွင့်အလမ်းတွေ ပိုမိုရရှိစေမှာဖြစ်သလို ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အများကြီး အထောက်အကူရလိမ့်မယ်လို့ ထင်ပါတယ်။    ။      

ပြည့်ဖြိုး(မြဝတီ)