တစ်နိုင်ငံလုံးစစ်တမ်းကောက်ယူမှုတွင် ထရမ့်ထက် ရမှတ်ကိုးမှတ်သာနေသည့်ဂျိုးဘိုင်ဒင်

အမေရိကန်နိုင်ငံ၌ နိုဝင်ဘာ ၃ ရက်တွင် သမ္မတရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ၁၄ ရက်သာလိုတော့ချိန် သမ္မတလောင်းနှစ်ဦး မဲဆွယ်ပွဲများက ဗိုင်းရပ်ကြားမှ အပြိုင်အဆိုင် ထပ်မံပြုလုပ်လာကြ ပြန်သည်။ လက်ရှိ  တစ်နိုင်ငံလုံးစစ်တမ်းများတွင် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်က ရီပတ်ပလီကန်ပါတီမှ လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ထက် လူကြိုက်ပိုများနေပြီး  ရမှတ်ကိုးမှတ်အထိ အသာရရှိနေသည်။

ထို့ကြောင့် ဒီမိုကရက်တစ်တို့ အောင်နိုင်ရေး မျှော်လင့်နေကြသူများရှိသကဲ့သို့ ထရမ့်ကလည်း ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် ၎င်းပင်အနိုင်ရဦးမည်ဟု ယုံကြည်နေပြန်သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ၌ တစ်နိုင်ငံ လုံးစစ်တမ်းများတွင် ဟီလာရီကလင်တန်က ထရမ့်ထက် ထောက်ခံမဲ ပိုများခဲ့သော်လည်း နောက်ဆုံးတွင် အကြိတ်အနယ်ယှဉ်ပြိုင်ရလေ့ရှိသည့် ပင်ဆာဗေးနီးယား၊ မီချီဂန်နှင့် ဝစ်စ်ကွန်ဆင်ကဲ့သို့ ပြည်နယ်မျိုး၌ မဲဆွယ်ပွဲများ ပြင်းထန်စွာပြုလုပ်ပြီး အနိုင်ရရှိခဲ့သည်။

ထိုရလဒ်များကြောင့် ထရမ့်က ၎င်းကို ဝေဖန်သောစကားလုံးများနှင့် ကြိုတင်မဲခန့်မှန်းချက်များကို ဂရုမစိုက် ဘဲ ဗိုင်းရပ်ကူးစက်ခံခဲ့ရရုံမက ရှေ့တွင် သမ္မတလောင်း နှစ်ဦးစကားစစ်ထိုးပွဲမျိုးရှိနေစဉ်မှာပင် ထရမ့်က မဲဆွယ်ပွဲအတွက် အောက်တိုဘာ ၁၉ ရက်တွင် အရီဇိုးနားပြည်နယ်သို့ သွားခဲ့သေးသည်။

သို့သော်လည်း ယခုတစ်ကြိမ် ရွေးကောက်ပွဲက အမေရိကန်သမိုင်းတွင် အပြောင်းအလဲတစ်ခုဖြစ်လာမည်မှာ သေချာသည်။ ဗိုင်းရပ်အရေးသာမက စီးပွားရေးနှင့် အုပ်ချုပ်ရေး၊ လူဖြူလူမည်းအရေးတို့က ထိပ်ဆုံးမှရောက် နေကာ ကြိုတင်မဲစနစ်ကလည်း ပုံစံသစ်နှင့်ဖြစ်သောကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲသည် ပုံမှန်ထက်  စိတ်ဝင်စားစရာကောင်းနေသည်။

၂၀၂၀ ရွေးကောက်ပွဲကို အများစုက မဲပေးသူနည်းမည့် ရွေးကောက်ပွဲအဖြစ် ထင်ကြေးပေးခဲ့ကြကာ ယခုတော့ ကြိုတင်မဲပေးခဲ့သူ အရေအတွက်ကပင် ၂၈ သန်း နီးပါးရှိခဲ့ပြီဖြစ်သည်။ အမေရိကန်သမိုင်းတွင်  အများဆုံး ကြိုတင်မဲပေးသူ အရေအတွက်ဖြစ်ကာ အများစုက ဒီမိုကရက်တစ်တို့ဖြစ်သည်။ ဒီမိုကရက်တစ်တို့၏ ကြိုတင် မဲများစွာပေးရခြင်း၏ အကြောင်းပြချက်က ထရမ့်ကို သမ္မတရာထူးမှ အမြန်ဆုံးဖြုတ်ချလိုသောကြောင့်ဟု ဆိုထားကာ ရီပတ်ပလီကန်တို့က ရွေးကောက်ပွဲကျင်းပချိန်ကျမှသာ မဲပေးမည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကြိုတင်မဲ ၂၈ သန်းမှာ ဒီမို ကရက်တစ်တို့ အင်အားအသာစီးရနေပြီး ထရမ့်က ကြားကာလ အချိန်များကို ပုံအောမဲဆွယ်ခြင်းဖြင့် အသုံးချနေသည်။ သို့သော် သမ္မတလောင်းနှစ်ဦး စကား စစ်ထိုးပွဲ ကလည်း နိုင်ငံတကာမှ လူများစွာ စောင့်ကြည့်ရမည့်ပွဲဖြစ်နေသေးကာ နောက်ဆုံး တတိယအကြိမ်  စကားစစ်ထိုးပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပဦးမည်ဖြစ်သည်။

ရှေ့နှစ်ကြိမ် စကားစစ်ထိုးပွဲတွင် သမ္မတ လောင်းနှစ်ဦးကြား စကားစစ်ထိုးပွဲခေါင်းစဉ်များက ဗိုင်းရပ်အရေး၊   လူဖြူလူမည်းအရေးနှင့် အခွန်၊ နောက်ဆုံး အစိမ်းရောင်စွမ်းအင်နှင့် ဖန်လုံအိမ် ဓာတ်ငွေ့လျှော့ချရေး အကြောင်းပင် အနည်းငယ်သာပါခဲ့သည်။ ထိုကြားထဲ သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးပွဲများက ဖြတ်ဖြတ် ပြောနေသောကြောင့် သမိုင်းတစ်လျှောက် ရုပ်အဆိုးဆုံး သမ္မတလောင်းများ စကားစစ်ထိုးပွဲဖြစ်ခဲ့သည်။

ဒေါ်နယ်ထရမ့်က  ဂျိုးဘိုင်ဒင်ထက် စကားဖြတ်ပြောမှု  ရာနှင့်ချီပိုများပြီး ယခုတစ်ကြိမ်တွင် ထရမ့်အနေဖြင့်  ထိုအပြုအမူမျိုးကို ရှောင်ရှားလိမ့်မည်ဟု  ရီပတ်ပလီကန်တို့က အရိပ်အမြွက်ပြောကြားထားသည်။ ထို့ကြောင့် ထရမ့်၏ စကားဖြတ်ပြောမှုများကို ယခင်အတိုင်းတွေ့ရရန် ရာခိုင်နှုန်းပိုနည်းမည်ဖြစ်ကာ နောက်ဆုံးအကြိမ် နှင့် အရေးကြီးဆုံးအချိန်ဖြစ်သောကြောင့် တချို့အရာများကို  ထရမ့် မဖြစ်မနေထိန်း ချုပ်ရမည်ဖြစ်သည်။

သို့သော်လည်း ထရမ့်ဆိုသည်မှာ မထင်မှတ်ထားသည့်အရာများကို လုပ်ပြတတ်သူဖြစ်သောကြောင့် အားလုံး က  ကြိုတင် ခန့်မှန်းရခက်နေကာ ဂျိုးဘိုင်ဒင်က စကားစစ်ထိုးပွဲအတွက် ၎င်း၏မဲဆွယ်ပွဲများကို ခေတ္တရပ်နား ထားသည်။ သမ္မတဟောင်း အိုဘားမား၊ ဟီလာရီကလင်တန်တို့သာမက ဂျော့ဘွတ်ချ်လက်ထက်ကတည်းက  ရှိခဲ့ သော ဝန်ထမ်းများပင် ယခု ဂျိုးဘိုင်ဒင်ဘက်မှဖြစ်သည်။

ရီပတ်ပလီကန်ပညာတတ် အသိုင်းအဝိုင်း တချို့ကလည်း ထရမ့်အားမဲမပေးရေး ဝါဒဖြန့်မှုများကို ဒေါ်လာ သန်းချီ အကုန်အကျခံကာ စနစ်တကျဆောင်ရွက်နေပြီး လင်ကွန်းစီမံကိန်းက ထရမ့်အတွက် အထိ ရောက်ဆုံးဟု ဆိုရမည်ဖြစ်သည်။ လင်ကွန်း စီမံကိန်းကို အမေရိကန်အမာခံများက ထရမ့်အား မဲမပေးရေး အတွက် တည်ထောင်ခဲ့ကြပြီး ရန်ပုံငွေအင်အားကလည်း သန်းဆယ်ချီအထိရှိသည်။

ထို့ကြောင့် ရီပတ်ပလီကန်များထဲတွင် မဲမပေးသူနှင့် ဘက်ပြောင်းသူအရေအတွက် အများဆုံးကာလဖြစ် လာမည့် ရွေးကောက်ပွဲဖြစ်လာရန်ပိုများနေကာ ယခု အမေရိကန်၌ အိုးအိမ်ပြဿနာနှင့် အစားအသောက် ရှားပါးမှုပြဿနာများကိုပင် တွေ့ကြုံလာ နေရပြီဖြစ်သည်။

အစားအသောက်ဖြန့်ဝေရေးနေရာတွင် တန်းစီသူ ထောင်ချီရှိကာ ထိုအထဲတွင် အလယ်အလတ်တန်းစားများ လည်း ပါဝင်လာသည်။ တချို့ဆိုလျှင် မာစီဒီး၊ BMW စီးပြီး အစားအသောက်အတွက် လာရောက် တန်းစီ နေကြသည်။ ဆန္ဒပြမှုများ တစ်ကြိမ်မျှမဖြစ်ပွားခဲ့ဖူးသည့် လူချမ်းသာကဲ့သို့ ရပ်ကွက်နေရာများပါ ယခု ဆန္ဒပြမှုများဖြစ်ပွားနေသော ကြောင့် အလုပ်အကိုင်များ ပြန်လည်ဖွင့်လှစ်ပေးရေးက အမေရိကန်အတွက် အနှေးနှင့်အမြန် မဖြစ်မနေလုပ်ရမည်ဖြစ်ကာ ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကလည်း  ရလဒ်စောင့်ဆိုင်းနေရ ဆဲဖြစ်သောကြောင့် အမေရိကန်နိုင်ငံရေးက လိပ်ခဲတည်းလည်း အခြေအနေဖြစ်နေသည်။

ဒီမိုကရက်တစ်တို့ တင်ထားသည့် ဘီလီယံချီသည့် အကူအညီပေးရေး ရန်ပုံငွေအရေးကလည်း ရီပတ် ပလီကန်တို့နှင့် သဘောတူညီချက်မရဘဲ ယခုအချိန်ထိ လွှတ်တော်၌ပင်တင်နေကာ သမိုင်းတွင် အကြီးမားဆုံး အကူအညီပေးရေး ထရီလီယံနှင့်ချီသည့် အစီအစဉ်များလည်း ချခဲ့ရသည်။

ထို့ကြောင့် ရီပတ်ပလီကန်တို့က သဘောမတူနိုင်ဖြစ်နေရကာ အမေရိကန်အကျပ်အတည်းက  ထင်ထားသည် ထက် ပိုမိုဆိုးရွားနေသေးသည်။ သို့သော်လည်း ဗိုင်းရပ်ပြီးလျှင် အမေရိကန်စီးပွားရေးက ၅ ဒသမ ၂ ရာခိုင်နှုန်း အထိ ရုန်းထနိုင်သောကြောင့် လာမည့်အမေရိကန်အစိုးရ လက်ထက်တွင် အမေရိကန်ကို ပြန်လည် ကုစားရတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။   

ရှိန်းထက်

Ref;CNN