အားကိုးအားထားပြုရာ အားအစစ်အမှန်ပင်ဖြစ်ပါသည်

ကျွန်ုပ်တို့တပ်မတော်ဆိုသည်မှာ ကျွန်ုပ်တို့တပ်မတော်သည် တိုင်းရင်းသားမိဘပြည်သူ အပေါင်းမှ  မွေးဖွားလာခြင်း ဖြစ်သည်။ တိုင်းရင်းသား မိဘပြည်သူအပေါင်း၏ ရင်နှစ်သည်းချာသား လှရတနာများဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့် ပြည်သူအပေါင်းက တပ်မတော်ကြီးကိုချစ်ခင်သည်၊ လေးစားသည်၊ ယုံကြည်အားကိုးသည်။ တပ်မတော်သား အပေါင်းကလည်း မိဘပြည်သူအပေါင်းကို အမြဲဦးထိပ်ပန်ဆင်သည်။ ပြည်သူက တပ်မတော်ကို ချစ်ခင်မြတ်နိုးသကဲ့သို့ တပ်မတော်ကလည်း ပြည်သူကိုလေးစားတန်ဖိုးထားသည်။ မိဘပြည်သူတို့၏အား အစစ်အမှန်သည် တပ်မတော်ဖြစ်သည်။

တပ်မတော်၏အား အစစ်အမှန်သည်လည်း မိဘပြည်သူများပင်ဖြစ်သည်။

အမိနိုင်ငံအပေါ်တပ်မတော်၏ခံယူချက်

အမိနိုင်ငံနှင့်လူမျိုးအပေါ် တပ်မတော်၏အဓိကခံယူချက်နှစ်မျိုးကိုဖော်ပြလိုသည်။ ပထမခံယူချက်မှာ တပ်မတော်သည် နိုင်ငံနှင့်လူမျိုးအတွက် ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်ပေးရမည်။ ဒုတိယခံယူချက်မှာ အမိနိုင်ငံအားဘေးဒုက္ခ၊ အန္တရာယ်ရန်စွယ်အမျိုးမျိုးမှ ကင်းဝေးစေရန် ပေးဆပ်အနစ်နာခံစွန့်လွှတ်စွန့်စားမှု အမျိုးမျိုးကို ဆောင်ရွက်ရမည်ဟူ၍ ဖြစ်သည်။ ဤခံယူချက်နှစ်မျိုးစလုံးသည်  တပ်မတော်သားတိုင်း၏ အသည်းနှလုံးထဲတွင်  ထာဝရတည်ရှိစွဲမြဲနေသည်။

ဤခံယူချက်နှစ်မျိုးကြောင့် တပ်မတော်သည် အမိနိုင်ငံနှင့် တိုင်းရင်းသားညီနောင်ဖွားများ၏ ဘဝတိုးတက်ရာ တိုးတက်ကြောင်း၊ အောင်မြင်ရာအောင်မြင်ကြောင်း မှန်သမျှကို ရိုးသားစွာ အစဉ်ကြိုးပမ်းသည်။ ထို့ပြင်အမိနိုင်ငံနှင့် တိုင်းရင်းသား ညီနောင်ဖွားများအပေါ် ကျရောက်နေသော ဘေးအန္တရာယ်အမျိုးမျိုး၊ အခြေအနေဆိုးအမျိုးမျိုးတို့ အမြန်ဆုံးပပျောက်သွားစေရန် သို့မဟုတ် နောင်တွင်ကျရောက်လာမည့် ဘေးအန္တရာယ် အခြေအနေဆိုး အမျိုးမျိုးတို့ ကျရောက်မလာစေရန်အတွက် ပေးဆပ်မှုအမျိုးမျိုး၊ စွန့်လွှတ်စွန့်စား အနစ်နာခံမှု အမျိုးမျိုးတို့ကို ပြုလုပ်သည်။

အရေးရှိလျှင်ရှေ့ကရပ်ကာအမှန်ပင်ကာကွယ်သည်

တပ်မတော်သည် အမိမြေလုံခြုံရေးအတွက်စစ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေသည့် အချိန်အတွင်းမှာပင် မိဘပြည်သူအပေါင်း၏လူမှုရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး တာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိသည်။ မိဘပြည်သူအပေါင်း၏ဘဝလုံခြုံတည်ငြိမ်အေးချမ်းရေး၊ ဘဝလိုအပ်ချက်အမျိုးမျိုးတို့ကို အတတ်နိုင်ဆုံးကြိုးပမ်း ဖြည့်ဆည်းပေးသည်။ အမိနိုင်ငံတွင် သဘာဝဘေး အန္တရာယ်တစ်မျိုးမျိုး ကျရောက်သည့်အခါတိုင်း သို့မဟုတ် လူတို့၏ ပယောဂကြောင့် ဖြစ်သော အန္တရာယ်တစ်မျိုးမျိုးဖြစ်ပေါ်လာတိုင်း ပထမဦးစွာ သွားရောက်ကယ်တင်သူမှာ တပ်မတော်သားများသာဖြစ်သည်။ ဤသို့အမြန်ဆုံးနှင့်   ပထမဆုံးသွားရောက် ကူညီစောင့်ရှောက်နိုင်ခြင်းမှာ မိဘပြည်သူအပေါင်း၏ ဘဝအခြေအနေအရပ်ရပ်ကို ကြီးစွာသော သတိမေတ္တာဖြင့် ကြည့်ရှုနေသောကြောင့်ဖြစ်သည်။ ဤသို့ကြည့်ရှုနေမှုကြောင့် အရေးအရာတစ်ခုဖြစ်ပေါ်ပြီ ဆိုသည်နှင့် အချိန်မီရောက်ရှိ ကူညီကယ်ဆယ်နိုင်ခြင်း ဖြစ်သည်။တပ်မတော်သည် အမိနိုင်ငံ၏ ပြည်တွင်းပြည်ပရန်သူများကို စစ်ရေးသတိကြီးစွာ တိုက်ခိုက်ချေမှုန်းနေသကဲ့သို့ မိမိ၏ မိဘပြည်သူအပေါင်းကိုလည်းသဒ္ဓါ၊ သတိ၊ ဝီရိယ၊ ပညာတို့ဖြင့် ကာကွယ်စောင့်ရှောက်ပေးသည်။

တပ်မတော်သည် မိမိ၏ညာလက်ရုံးဖြင့် နိုင်ငံ၏အန္တရာယ်ရန်စွယ်မှန်သမျှကို သုတ်သင်ချေမှုန်းပြီး တစ်ပြိုင်နက်တည်း မှာပင် မိမိ၏ ဘယ်လက်ရုံးဖြင့် မိဘပြည်သူအပေါင်းကို ပွေ့ပိုက်ထားသည်ဟူ၍လည်း ဆိုနိုင်သည်။

အမိနိုင်ငံတွင် ဘေးအန္တရာယ်တစ်မျိုးမျိုး ကျရောက်တိုင်း တပ်မတော်သည် မည်သည့်အတွက်ကြောင့် ရှေ့ဆုံးမှ ထွက်ကာကွယ်စောင့်ရှောက်နေပါနည်း။  ဤသို့ကာကွယ်စောင့်ရှောက်နေခြင်းမှာ တပ်မတော်နှင့် ပြည်သူသည် တစ်ထပ်တည်းတစ်သားတည်းကျသည်၊ ပြည်သူတို့ရင်ဆိုင်နေရသော ဘေးအန္တရာယ်ဟူသမျှသည် တပ်မတော်၏ ဘေးအန္တရာယ်များပင် ဖြစ်သည်။

ပြည်သူတို့အပေါ် ကျရောက်နေသော ဖိစီးမှုမှန်သမျှသည် တပ်မတော်ပေါ်ကျရောက်နေသော ဖိစီးမှုများပင် ဖြစ်သည်ဟူ၍ အမြဲခံယူထားသောကြောင့်ဖြစ်သည်။

အမိနိုင်ငံအပေါ်ထားရှိသည့် တပ်မတော်၏ သစ္စာအဓိဋ္ဌာန်

ကျွနု်ပ်တို့ အမိနိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေများကို ကြည့်ပါက နယ်စပ်ဒေသအချို့တွင် စစ်မီးများ တောက်လောင်နေသည်။ အမိနိုင်ငံ၏ အနောက်ဘက်တံခါးတွင်လည်း နိုင်ငံရေးမီးနှင့် ပြည်ပစစ်ရေးမီးတောက်လောင်ရန် အရှိန်ယူနေသည်။ သဘောမမှန်သောပြည်ပပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အင်အားစုများကလည်း အင်အားစုဖွဲ့ပြီး ကျွနု်ပ်တို့နိုင်ငံအပေါ်အကျပ်အတည်း အခက်အခဲအမျိုးမျိုးကို ပရိယာယ်ကြွယ်ဝစွာ ဖန်တီးလျက်ရှိသည်။ ပြည်တွင်းရှိသစ္စာဖောက်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အင်အားစုများကလည်း တပ်မတော်အပေါ် လောင်မီးအမျိုးမျိုးကို ရှို့လျက်ရှိကြသည်။ ကျွနု်ပ်တို့၏ အမိနိုင်ငံအနေဖြင့် ပြည်ပမီး၊ နယ်စပ်ဒေသမီး၊ ပြည်တွင်းမီး စသဖြင့် မီးပေါင်းစုံလောင်နေချိန်တွင် ထပ်မံ၍ COVID-19 ဟူသော ကမ္ဘာ့ကပ်ဆိုးမီးတစ်မီးကလည်း ထပ်မံ တောက်လောင်လျက် ရှိနေပြန်သည်။  ယင်း COVID-19 မီးသည် အရှိန်သေမသွားဘဲ အားပိုမိုကောင်းလာပြီး ကျွနု်ပ်တို့နိုင်ငံသူနိုင်ငံသား အပေါင်းအပေါ် အခက်အခဲ အကျပ်အတည်းပေါင်းစုံကို ဆက်စပ်ဖန်တီးပေးလျက်ရှိသည်။ မိဘပြည်သူများ အပူဒုက္ခမျိုးစုံ

နှင့်ကြုံတွေ့နေရချိန်တွင် ရဟန်းသံဃာများအပါအဝင် ပြည်သူအပေါင်း၏ဘဝဒုက္ခကို တပ်မတော်က ထပ်တူထပ်မျှ ခံစားနားလည်သိမြင်သည်။ စစ်ရေးတာဝန်သည်သာ မိမိတို့၏တာဝန်ဖြစ်သည်။ COVID-19 ရောဂါပြဿနာသည် မိမိတို့တပ်မတော်နှင့်မဆိုင်ဟူသော ခံယူချက်မျိုးလုံးဝမထားဘဲ COVID-19 ရောဂါဆိုးကြီး   ကင်းစင်ပပျောက်သွားရေး တာဝန်သည် မိမိတို့ တပ်မတော်တွင်လည်းရှိသည်။ COVID-19 ရောဂါဆိုးကြီးကို တစ်မျိုးသားလုံး၏ ရန်သူကြီးအဖြစ် သဘောထား၍  တိုက်ခိုက်ပစ်ရမည်။ လိုအပ်သော ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို   အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ခံယူသည်။ ဤသို့ခံယူသည့်အတိုင်း  အမိနိုင်ငံအနှံ့သို့   သွားရောက်ပြီး COVID-19 ရောဂါကြောင့် ဘေးဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့နေရသော ဒေသခံပြည်သူများ၊ တိုင်းရင်းသားညီနောင်ဖွားများထံ အရောက်သွားသည်။ လတ်တလော လိုအပ်ချက်၊ တောင်းဆိုချက်အမျိုးမျိုးကို အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ဘေးဒုက္ခမျိုးစုံကို မိဘပြည်သူများ ကြုံတွေ့နေရချိန်တွင် လျစ်လျူရှုမထားဘဲ လိုအပ်သော အကူအညီမျိုးစုံကို ပေးခြင်းသည် မိဘပြည်သူများအပေါ် သစ္စာစောင့်သိခြင်းပင် ဖြစ်သည်။ တပ်မတော်သည် မည်သည့်အတွက်ကြောင့် ဤသို့သစ္စာစောင့်သိနေပါသနည်း။   ဤကဲ့သို့သစ္စာစောင့်သိနေရခြင်းမှာ  ငါတို့သည်  နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကိုစောင့်သိ ရိုသေပါမည်ဟူ၍ သစ္စာအဓိဋ္ဌာန် ပြုထားသောကြောင့် ဖြစ်သည်။ မိမိဆိုထားသည့် သစ္စာကတိအတိုင်း တည်ကြည်စွာဆောင်ရွက်ခြင်းသဘောဖြစ်သည်။ COVID-19 ရောဂါဆိုးကြီး ကျရောက်နေချိန်အတွင်း နိုင်ငံနှင့်ပြည်သူများအပေါ်   တပ်မတော်၏  သစ္စာစောင့်သိပုံများကို  အောက်ပါအတိုင်း ဖော်ပြလိုသည်။

COVID-19 ကုသရေးစခန်းများဖွင့်လှစ်ဆောင်ရွက်ခြင်း

COVID-19 ရောဂါ ကူးစက်ပျံ့ပွားနှုန်းသည် မြင့်မားလာသည့်အတွက်  ရောဂါကူးစက်ခံရသူ အရေအတွက်လည်း အဆမတန်များပြားလာသည်။

ဤသို့ များပြားလာမှုကြောင့် တပ်မတော်အနေဖြင့် ကုသရေးဌာနများ  တိုင်းစစ်ဌာနချုပ် အသီးသီးတွင် ဖွင့်လှစ်ပြီး ရောဂါဝေဒနာသည်များကို လက်ခံကုသပေးသည်။ ကုသစဉ်ကာလအတွင်း ဝေဒနာသည်များ၏ စားရေးသောက်ရေးနှင့် အခြားသော လိုအပ်ချက်အမျိုးမျိုးကို တပ်မတော်က တာဝန်ယူ ဆောင်ရွက်ပေးသည်။ ရောဂါပျောက်ကင်းသည့်အခါ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည်။ တပ်မတော်သားဆရာဝန်များ၊ တပ်မတော်သားသူနာပြုများ၊ စားရေးသောက်ရေး အုပ်ချုပ်ရေးကို တာဝန်ယူပေးရသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအနေဖြင့် COVID-19 ဟူသော ရောဂါဆိုးကြီး အမိနိုင်ငံအတွင်းမှ အမြန်ဆုံးကင်းစင်ပပျောက်သွားရေး၊ ရောဂါဝေဒနာသည်များ အမြန်သက်သာ ချမ်းသာရာရရေးကိုသာ အဓိကဦးတည်ချက်ထားသည်။ COVID-19 ရောဂါကူးစက်ခံရမည့် အရေးကိုအလေးမထား၊ COVID-19 ရောဂါကူးစက်ခံရပြီး သေဆုံးမည့်အန္တရာယ်ကိုလည်းမကြောက်၊ အထက်မှ ပေးအပ်သောအမိန့်နှင့် တာဝန်အောင်မြင်ရေးကို ဦးစားပေးဆောင်ရွက်သည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို

စွန့်လွှတ်ရန်အဓိဋ္ဌာန်ပြုပါ၏ ဟူသောသစ္စာအဓိဋ္ဌာန်အတိုင်း မိမိနိုင်ငံသားများဖြစ်ကြသော COVID-19 ရောဂါဝေဒနာ သည်များအတွက် မိမိတို့၏အသက်ကို စွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်ကြသည်။

သွေးလိုအပ်ချက်နှင့်တပ်မတော်၏အလှူဒါန COVID-19 ရောဂါဆိုးကြီးက  မိဘပြည်သူအပေါင်းကို အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေချိန်တွင် ဆေးရုံအသီးသီးရှိ အခြားသောရောဂါဝေဒနာရှင်များအတွက် သွေးလိုအပ်မှုပြဿနာကြီးက ပေါ်လာပြန်သည်။ ဤသို့ အသက်သွေးလိုအပ်နေသည့် ပြဿနာကြီးကို တပ်မတော်က အမြန်ဆုံး ကူညီဖြေရှင်းပေးသည်။ သွေးလိုအပ်နေသော ပြည်သူ့ဆေးရုံအသီးသီးသို့ တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များက အမြန်ဆုံးသွားရောက်ပြီး မိမိတို့၏သွေးများကို လှူဒါန်းကြသည်။ တပ်မတော်သားများသည် ရှေ့တန်းစစ်မြေပြင်တွင် မိမိတို့၏အသက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အမိနိုင်ငံအတွက် စွန့်လွှတ်လှူဒါန်းသည်။  နောက်တန်းအမိမြေတွင်  မိဘပြည်သူများအတွက်  မိမိတို့၏အသက်သွေးကို လှူဒါန်းသည်။တပ်မတော်သည် အမိနိုင်ငံတော်ကြီးအတွက် မိမိတို့၏ အသက်နှင့်သွေးများကို လှူဒါန်းရန်အမြဲအသင့်ဖြစ်နေသည်။ 

ယခုအချိန်တွင် COVID-19 ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသူများအတွက်နှင့် အခြားသော ရောဂါဝေဒနာသည် များအတွက် ပြည်သူ့ဆေးရုံအချို့တွင် အောက်ဆီဂျင်ဓာတ်ငွေ့     လိုအပ်လျက်ရှိသည်။

အောက်ဆီဂျင်ဓာတ်ငွေ့သည် အသက်ဓာတ်ငွေ့ဖြစ်သည်။

လူနာသည် အောက်ဆီဂျင်မရလျှင် မလွဲမသွေသေဆုံးရမည်။ ဤသို့ အောက်ဆီဂျင်ဓာတ်ငွေ့များ အရေးပေါ် လိုအပ်နေသည်ကို သိသည်နှင့်တစ်ပြိုင်နက် တပ်မတော်သည်   အောက်ဆီဂျင်လိုအပ်နေသည့် ဆေးရုံများသို့ အောက်ဆီဂျင်ဘူးများ အမြန်ဆုံး သွားရောက်ပို့ဆောင်ပေးသည်။  တစ်ကြိမ်တစ်ခါတည်း ပို့ဆောင်ပေးခြင်း မဟုတ်ပါ။     လိုအပ်ချက်ရှိနေသမျှကာလပတ်လုံး တပ်မတော်က ကူညီပို့ဆောင်ပေးနေမည်သာဖြစ်သည်။

ရာသီဥတုဖောက်ပြန်မှုအပေါ် တပ်မတော်၏ ကူညီပံ့ပိုးမှု

ယခုနှစ်မိုးရာသီအတွင်း အချို့သော ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုသည်၊ မြစ်ရေများ လျှံတက်သည်၊ မြို့နှင့်ကျေးရွာအချို့ ရေနစ်မြုပ်ကြသည်။ ဤသို့အဖြစ်မျိုး ကြုံနေရသည်ကို သိသည်နှင့် တစ်ပြိုင်နက် တပ်မတော်သားများသည် ဘေးအန္တရာယ် ကျရောက်ရာနေရာသို့  အမြန်ဆုံး သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ ပြည်သူများအန္တရာယ် တစ်မျိုးမျိုး ကျရောက်သည်ဟု ကြားသည်နှင့် အမိန့်စောင့်စရာမလို အမြန်ဆုံး သွားရောက်ကယ်ဆယ်ရမည်ဟု အမိန့်နှင့်ညွှန်ကြားချက် ထုတ်ပြန်ထားသောကြောင့် ဖြစ်သည်။ သို့သော်အချို့သောနေရာဒေသများတွင်     မိုးခေါင်သည့်ဒဏ်ကို ပြင်းထန်စွာခံစားရသည်။ မိုးရေလုံလောက်စွာ မရရှိမှုကြောင့် သီးနှံများ ပျက်စီးရသည်။ ယင်းမိုးခေါင်မှုဒဏ်ကို ပြင်းထန်စွာခံစားရသော ဒေသမှ တောင်သူများနှင့် နယ်မြေလူထုများထံသို့ တပ်မတော်ကသွားရောက်ပြီး လိုအပ်ချက်များ၊ လူမှုရေးအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးသည်။ ထို့အတူ COVID-19 ရောဂါကြောင့် အသွားအလာများ ရပ်ဆိုင်းပြီး စိုက်ပျိုးထားသော သီးနှံများပျက်စီးရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် နေရာဒေသများ ရှမ်းပြည်နယ်တွင်ရှိသည်။

ယင်းဒေသများသို့ တပ်မတော်ကသွားရောက်ပြီး တိုင်းရင်းသားတောင်သူများထံမှ သီးနှံများကို ယင်းတို့ ရောင်းချနိုင်သည့်ဈေးဖြင့်      ဝယ်ယူပေးခဲ့သည်။

တပ်မတော်သည် မိမိ၏ညီနောင်တိုင်းရင်းသား သွေးချင်းတို့၏  လိုအပ်ချက်များ၊     အခက်အခဲများကိုလည်း စေတနာမေတ္တာအပြည့်ဖြင့်   ဖြည့်ဆည်းပေးသည်။

ထို့ပြင်   COVID-19 ရောဂါဆိုးကြီးကြောင့်   ဆွမ်းကွမ်းအခက်အခဲရှိနေသော  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ      ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များကိုလည်း ဆွမ်းကွမ်းဖြည့်ဆည်းပေးပြန်သည်။    ထို့ကြောင့်   တပ်မတော်သည်  အမိနိုင်ငံနှင့်လူမျိုးအပေါ်   စစ်ရေးတာဝန် တစ်မျိုးတည်းကိုသာ ထမ်းဆောင်နေသည့် တပ်မတော်မဟုတ်ပါ။ နိုင်ငံနှင့်လူမျိုးအပေါ်ကျရောက်နေသော သဘာဝဘေးဒဏ်၊ ရာသီဥတုဖောက်ပြန်မှုဒဏ်၊ COVID-19  ရောဂါဆိုးကြီး၏ ဒဏ်တို့ကိုပါ ကုစားပေးပြီး နိုင်ငံသူနိုင်ငံသား အပေါင်း၏ ကောင်းကျိုးချမ်းသာအပေါင်းကို အစွမ်းကုန် ဆောင်ရွက်ပေးသည်။

အားကိုးအားထားပြုရာ အားအစစ်အမှန်

နိဂုံးချုပ်အားဖြင့်တင်ပြရမည်ဆိုပါက တပ်မတော်၏ ယနေ့ကြိုးပမ်းဆောင်ရွက်နေမှု မှန်သမျှသည် နိုင်ငံနှင့်လူမျိုးအပေါ် ရွတ်ဆိုနေသည့် သစ္စာအဓိဋ္ဌာန်လေးချက်နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်သည်။ အမိနိုင်ငံနှင့်လူမျိုးအပေါ် သစ္စာတရားစောင့်သိနေခြင်း ဖြစ်သကဲ့သို့ အမိနိုင်ငံနှင့်လူမျိုး၏ ကြီးမားသောကျေးဇူးတရားကို ပြန်လည်ပေးဆပ်နေခြင်း ဖြစ်သည်။ နိုင်ငံနှင့်လူမျိုးအပေါ် ထာဝရသစ္စာ စောင့်သိပြီး ကျေးဇူးတရား ပြန်လည်ပေးဆပ်နေသော တပ်မတော်ကြီးကို ကျွနု်ပ်  တို့အားလုံးက လေးစားတန်ဖိုးထားသည်။ ဂုဏ်ယူမြတ်နိုးသည်။ထိုမျှသာမကဘဲ ကျွန်ုပ်တို့နိုင်ငံသူနိုင်ငံသား အားလုံး၏ အားကိုးအားထားပြုရာ အားအစစ်အမှန်ပင် ဖြစ်သည်ဟု စွဲမြဲစွာမှတ်ယူထားပါကြောင်း တင်ပြအပ်ပါသည်။   ။

 

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)