သွေးတိုးနှလုံးရောဂါရှိသူများအတွက် သစ်သီးဝလံများ

သစ်သီးဝလံတွေဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တာများပါတယ်။ အဆိပ်ရှိတဲ့ အသီးအနှံတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ စားလို့ရတဲ့၊ စားသုံးရန်သင့်လျော်တဲ့ အသီးအနှံတွေကတော့ အကျိုးကျေးဇူးများလှပါတယ်။   အဆာပြေ၊ ရေငတ်ပြေရုံသာမက ရောဂါကာကွယ်တဲ့ ဗီတာမင်ဓာတ်တွေ၊ အင်အားဖြစ်စေတဲ့ အာဟာရ တန်ဖိုးတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တစ်မျိုးစီတစ်မျိုးစီမှာ အထူးပြုတဲ့ ဂုဏ်ထူးဆောင် အစွမ်းသတ္တိတွေ ရှိနေတာကို တွေ့ရပါတယ်။ ဥပမာ- မင်းကွတ်သီးဟာ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်တယ်။ ငှက်ပျောသီးဟာ ဝမ်းမှန်စေတယ်၊ တလည်းသီးဟာ ဆီးချိုရောဂါအတွက် ကောင်းတယ် စသဖြင့်ပေါ့လေ။ ဒီတစ်ခါလည်း သွေးတိုးလူနာတွေ၊ နှလုံးသွေးကြော ရောဂါတွေအတွက် စားသုံးသင့်တဲ့ သစ်သီးဝလံတွေကို ရွေးချယ်တင်ပြပါရစေ။
(၁) ပန်းသီး
အနေတော်ပန်းသီးတစ်လုံးမှာ ကွာစီတင်ဆိုတဲ့ ဖလေဗိုနွိုက်ဓာတ် ၁၃ ဒသမ ၂၁ မီလီဂရမ်ပါဝင်ပါတယ်။ အဲဒီဓာတ်က သွေးကြောထဲမှာရှိတဲ့ မကောင်းတဲ့အဆီဓာတ်တွေကို ဓာတ်မတိုးစေဖို့ တားဆီးပေးပါတယ်။ ဒီအဆီတွေက ဓာတ်တိုးမှုဖြစ်ပေါ်ရင် သွေးကြောတွေ မာပြီးထူလာမယ်။ နောက်ပိုင်းမှာ နှလုံးသွေးကြော ကျဉ်းရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ကွာစီတင်ရဲ့ နောက်တစ်မျိုး အစွမ်းက ပုံမှန်မဟုတ်တဲ့ သွေးခဲခြင်းတွေကို မဖြစ်စေတာပါပဲ။ အဲဒီအချက်နှစ်ချက်ကြောင့်ပဲ ကွာစီတင်ဟာ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းတွေ မဖြစ်စေတာပေါ့။ ၁၉၈၈- ၁၉၉၃ ငါးနှစ်တာကာလအတွင်း အသက် ၆၅ နှစ်မှ ၈၄ နှစ်အတွင်းရှိတဲ့ လူပေါင်း ၈ဝ၅ ယောက်ကို လေ့လာခဲ့ရာမှာ ဖလေဗိုနွိုက်ဓာတ် ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုများရင် နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက်သေဆုံးခြင်းနဲ့ ဦးနှောက် သွေးကြော ပိတ်ပြီး လေဖြတ်ခြင်းတို့ဟာ အတော်လျော့နည်း လာတာကို တွေ့ရပါတယ်။ အမေရိကန် နိုင်ငံကလည်း   အမျိုးသမီးပေါင်း လေးသောင်းနီးပါးကို ခုနစ်နှစ်လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ ဖလေဗိုနွိုက်ပါဝင်တဲ့ အစာတွေကို စားသုံးရင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနှုန်း ၃၅ ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်း တွေ့ရပါတယ်။ အထူးသဖြင့် ပန်းသီးနဲ့ ဂေါ်ဖီပန်းပွင့်စိမ်းတွဲစားရင် ပိုကောင်းပါတယ်။ ပန်းသီးမှာပါတဲ့ ကက်တီချင်နဲ့ အက်ပီကက်တီချင်ဓာတ်တွေကလည်း နှလုံးသွေးကြောကျဉ်းနဲ့ သွေးကြောပိတ်ပြီး သေဆုံးခြင်း တို့ကို လျော့နည်းစေနိုင်ကြောင်း သိရပါတယ်။ ပန်းသီးမှာပါတဲ့ ကက်တီချင်ဓာတ်ဟာ တခြားသော အစားအစာ တွေမှာပါတဲ့ ဓာတ်ထက် ပိုမိုကောင်းမွန် တယ်လို့လည်း ဆိုကြပါတယ်။ ပန်းသီးအခွံမှာ   ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေ ဖြစ်တဲ့ ဖလေဗိုနွိုက်များ၊ ကယ်ရိုတီနွိုက်များ အဓိက ပါဝင်တာကြောင့် အခွံကိုရေ သေချာဆေးပြီး အခွံပါ ဝါးစားရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ပန်းသီးအစေ့မှာ ''ဆိုင်ယာနိုဂျန်းနစ် ဂလိုင်ကိုဆိုက်'' အဆိပ်တစ်မျိုး ပါဝင်တာကြောင့် မစားမိဖို့ အထူးဂရုစိုက်ရပါမယ်။ ပန်းသီးအစေ့များများ စားမိရင် ဆိုင်ယာနိုက်အဆိပ်သင့်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
(၂) သင်္ဘောသီး
အနေတော် သင်္ဘောသီးတစ်လုံးမှာ ဗီတာမင်စီ ၆ဝ ဒသမ ၉ မီလီဂရမ်၊ ပိုတက်စီယမ် ၁၈၂ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၂၁ မီလီဂရမ်၊  ကယ်စီယမ် ၂ဝ မီလီဂရမ်စသဖြင့် ပါဝင်ပါတယ်။ အဲသလို သင်္ဘောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊  ကယ်စီယမ် အစရှိတဲ့ သတ္တုဓာတ်များနဲ့ အခြားသော ဗီတာမင်ဓာတ် များက သွေးပေါင်ကျစေဖို့ အထောက်အကူပြုပါတယ်။ ပိုတက်စီယမ်ဓာတ်က ဆိုဒီယမ်ဓာတ်တွေကို ဆီးမှ တစ်ဆင့် စွန့်ထုတ်စေပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ဟာ သွေးတိုးရောဂါအတွက် အလွန်သင့်လျော်ပါတယ်။ သင်္ဘောသီးဟာ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနဲ့ အဆီကျစေပါတယ်။ ဒါကြောင့် နှလုံးသွေးကြော ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးဟာ အရောင်ရင့်လာလေလေ ကယ်ရိုတီနွိုက် များလေလေ၊ စိမ်းလေလေ ပပိန်းဓာတ်များလေလေ ဖြစ်ပါတယ်။ ပပိန်းဓာတ်က အသားငါးများကို နူးညံ့စေခြင်း၊  ရင်ပြည့်ရင်ကယ် သက်သာစေခြင်း၊ အသားနုတက် အနာကျက်မြန်စေခြင်း၊ အရိုးကျိုးခြင်းနဲ့ အရိုးကျီးပေါင်း တက်ခြင်းကို သက်သာစေခြင်း၊ သန္ဓေတားခြင်း စတဲ့အာနိသင်တွေရှိပါတယ်။ ကယ်ရိုတီနွိုက်ဆိုတဲ့   ဆေးဖက်ဝင် ပစ္စည်းတွေကတော့ ကင်ဆာရောဂါတွေကို ကာကွယ်ခြင်း၊ အရေပြားကျန်းမာရေး၊   မျက်လုံး ကျန်းမာရေး စတာတွေကို အကျိုးပြုပါတယ်။ သွေးတိုးနှလုံးသမားတွေ အနေနဲ့လည်း သင်္ဘောသီးမှည့်ကို စားပေးသင့်ပါတယ်။
(၃) မာလကာသီး
မာလကာသီးဟာ သွေးတိုးကျစေနိုင်တဲ့ အတွက်ကြောင့် သွေးတိုးရောဂါ ရှိသူတွေအနေနဲ့ စားသုံးသင့် တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မာလကာသီး နေ့စဉ်စားပေးရင် သွေးပေါင်ချိန်တဖြည်းဖြည်းကျလာတာကို စမ်းသပ်ချက်များအရ တွေ့ခဲ့ရပါတယ်။ ဘာလို့ ဒီလိုအကျိုးကျေးဇူးတွေ ရရှိသလဲဆိုရင် မာလကာသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ် ဓာတ်တွေကြောင့် ဖြစ်ပါတယ်။ ပိုတက်စီယမ်တွေ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့အခါ မကောင်းတဲ့ ဓာတ်ဆားဓာတ်ဖြစ်တဲ့ ဆိုဒီယမ်ဓာတ်တွေက ဆီးမှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားရပါ တယ်။ ထို့အတူ သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီတွေ ဖြစ်တဲ့ အယ်လ်ဒီအယ်လ်နဲ့  ထရွိုင်ဂလစ်စရိုက်ဒ်များပါ ကျလာပါတယ်။ ဒုတိယအနေနဲ့ မာလကာသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ပက်တင်တွေက ခန္ဓာကိုယ်နဲ့ အဆီစုပ်ယူမှုကို လျော့နည်းစေပါတယ်။ ဗီတာမင်စီက သွေးကြောတွေမာပြီး ထူမလာစေရန်နဲ့ မကောင်းတဲ့ အဆီများ ဓာတ်တိုးမှု မဖြစ်စေရန် ကာကွယ်ပေးပြန်တယ်။ အဲဒီအချက်တွေကြောင့် မာလကာသီးဟာ သွေးတွင်းရှိ မကောင်းတဲ့ အဆီဓာတ်များကို ကျဆင်းစေပြီး သွေးတိုးရောဂါကို သက်သာလာစေတာ ဖြစ်ပါတယ်။ မာလကာသီးကို ဖြည့်စွက်စာအနေနဲ့ သွေးတိုးရောဂါသည်တွေက မကြာခဏ စားပေးသင့် ပါတယ်။ ဒါပေမဲ့ မာလကာသီး အစေ့က မာကျောလွန်းတာကြောင့် အစာကြေညက်ဖို့ ခက်ခဲပါတယ်။ အစာခြေရည် အထွက်နည်းသူ၊ အသက်ကြီးသူများနဲ့ ကလေးငယ်တွေအတွက် ကြေညက်ဖို့ ပိုခက်ပါတယ်။ မကြေညက်တဲ့ အစေ့တွေက အူအတက်ပိတ်ပြီး အူအတက်ရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က မာလကာသီး မှာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတာကြောင့် ကျောက်ကပ်မကောင်းတဲ့သူတွေ မစားသုံးသင့်ပါဘူး။
(၄) နာနတ်သီး
နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမယ်လိန်းဆိုတဲ့ ပရိုတီရိုလိုက်တစ်အင်ဇိုင်း တစ်မျိုးက သွေးကြောထဲမှာ သွေးမခဲ စေရန်နဲ့ သွေးကျဲစေရန် ဆောင်ရွက်ပေးပါတယ်။ သွေးထဲမှာ ပလိတ်လက်ဆိုတဲ့ သွေးဥမွှားလေးတွေ ရှိပါတယ်။ သာမန်အားဖြင့် ဒဏ်ရာ အနာတရဖြစ်ရင် သွေးထွက်မလွန်အောင် ပိတ်ဆို့တားဆီး ပေးတာပေါ့။ သူတို့ အချင်းချင်း ကပ်ပြီးသွေးခဲ သွားရင်တော့ သွေးကြောပိတ်၊ ခန္ဓာကိုယ် တစ်သျှူးတွေဆီ သွေးမရောက် တော့ပါဘူး။  ဥပမာ အနေနဲ့ပြောရရင် နှလုံးကို ထောက်ပံ့ပေးတဲ့ သွေးကြောကလေးတွေ ပိတ်သွားရင် နှလုံး ချက်ချင်းရပ်ပြီး သေဆုံးနိုင်ပါတယ်။ ဦးနှောက်ကို ထောက်ပံ့ပေးတဲ့ သွေးကြောလေးတွေ ပိတ်သွားရင် လေဖြတ်နိုင်ပါတယ်။ နိုင်ငံတကာ သုတေသနစာတမ်းများအရ ဘရိုမယ်လိန်းဟာ ပလိတ်လက်တွေစုခဲ မသွားအောင် ဟန့်တားနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် နာနတ်သီးကို နှလုံးသွေးကြောကျဉ်း ရောဂါ ရှိသူများ၊ ရင်ဘတ်မကြာခဏ အောင့်သူများ၊ သွေးတိုးရောဂါရှိသူများ၊ ခြေထောက်ရှိ သွေးကြောများ သွေးသိပ် မလျှောက်လို့ နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ခြေထောက်များဖောခြင်း၊ သွေးကြောများ ဖောင်းနေခြင်း၊ သွေးကြောများ ရောင်ရမ်းပိတ်ဆို့ခြင်း ရှိသူများအတွက် အထူးသင့်လျော်လှပါတယ်။
(၅) ငှက်ပျောသီး
ငှက်ပျောသီးဟာ ပိုတက်စီယမ် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတိုးရောဂါကို ကာကွယ် နိုင်ရုံမက ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ဓာတ်တွေဟာ ရေကိုဆွဲငင်တဲ့ သတ္တိရှိပါတယ်။ အငန်ဓာတ်များလေ၊ သွေးထဲမှာ သွေးရည်တွေ များလာလေ သွေးပေါင်ချိန် ပိုတက်လာ လေပါပဲ။ အဲဒီဆိုဒီယမ်တွေကလည်း အစားအသောက်ကနေတစ်ဆင့် ဝင်ရောက်လာတာပါပဲ။ ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်စီယမ်ဓာတ်ကတော့ ဆိုဒီယမ်တွေကို မောင်းထုတ်နိုင်ပါတယ်။ ဆီးကနေ ထွက်သွားတဲ့ ဆိုဒီယမ်နဲ့အတူ ခန္ဓာကိုယ်သွေးကြောထဲက ရေဓာတ်များပါ ထွက်သွားတာကြောင့် သွေးပေါင်ချိန် ကျလာနိုင်ပါတယ်။ ငှက်ပျောသီးရဲ့ ထူးခြားတဲ့အာနိသင်ကတော့ ဝမ်းမှန်စေခြင်းပဲ ဖြစ်ပါတယ်။ ငှက်ပျောသီး အခွံမှာပါတဲ့ အမျှင်လေးများက ဝမ်းမှန်စေပါတယ်။ ဝမ်းချုပ်တဲ့ သူတွေအတွက် သင့်လျော်ပါတယ်။ အခွံစိမ်း ငှက်ပျောသီးကို ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့ကလေးတွေကို ကျွေးနိုင်ပါတယ်။ အခွံစိမ်းတဲ့ ငှက်ပျောမှာ အော်လီဂိုဆက်ကရိုက် ဓာတ်ပစ္စည်းက ဝမ်းရပ်စေနိုင်ပါတယ်။ ဝမ်းလျှောရင် ခန္ဓာကိုယ်ထဲက ပိုတက်စီယမ် ဓာတ်များ လျော့သွားတာကြောင့်  အာဟာရဖြည့်တင်းနိုင်ဖို့ မမှည့်သေးတဲ့ ငှက်ပျောသီးကို ကျွေးနိုင်ပါတယ်။ အာဟာရတန်ဖိုး အပြည့်အဝ လိုချင်သူများ အနေနဲ့ သဘာဝအတိုင်း အစိမ်းစားတာ အကောင်းဆုံးပါပဲ။ မီးဖုတ်စားတာမျိုးက ဗီတာမင်စီ၊ ဗီတာမင်ဘီအုပ်စုတွေ  ပျက်စီးဆုံးရှုံးနိုင်ပါတယ်။ ဒါပေမဲ့ မီးဖုတ်လိုက်တာက ခိုက်တီနေ့စ်တွေကို ပျက်စီးစေတာကြောင့် ဓာတ်မတည့်ခြင်းနဲ့ ကင်းဝေးစေပါတယ်။ ငှက်ပျောသီးနဲ့ ဓာတ်မတည့်သူများ မီးဖုတ်စားကြည့်ပေါ့။ ငှက်ပျောသီးကို ပေါင်းခြင်း၊ ကောက်ညှင်းနဲ့ ရောပြီး ငှက်ပျောထုပ် လုပ်စားခြင်းတွေ ကတော့ အာဟာရလေလွင့်မှု မရှိနိုင်ပါဘူး။
(၆) စပျစ်သီး
စပျစ်သီးအခွံမှာ ပေါ်လီဖီနောလစ် အုပ်စုဝင်တွေ ပါဝင်ပြီး ရက်စ်ဗရာထရောနဲ့ ပရိုအင်သို ဆိုင်ရာနီဒင်တို့ ကတော့   အလွန်အစွမ်းထက်တဲ့ အင်တီအောက်ဆီဒင့်တွေပဲ ဖြစ်ပါတယ်။ အင်တီအောက်ဆီဒင့် ဆိုတာ ခန္ဓာကိုယ်ကြီးကို တိုက်ခိုက်ဖျက်ဆီးပြီး ရောဂါဖြစ်စေတဲ့ ဖရီးရယ်ဒီကယ် ဓာတ်ပစ္စည်းတွေကို တွန်းလှန်ချေဖျက် ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေပါပဲ။ အနီရောင်ဝိုင်တွေက နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်တာကို စတင်သိရှိခဲ့ကြပါတယ်။ ၂ဝဝ၁ ခုနှစ်ရောက်မှ စပျစ်ဝိုင်မှာ အဓိကပါဝင်တဲ့ ရက်စ်ဗာရာထရောတွေကြောင့် နှလုံးသွေးကြောတွေ ကောင်းမွန်လာတာကို သိရှိခဲ့ပြန်တယ်။ ဒီအင်တီ အောက်ဆီဒင့်တွေက သွေးကြော ပျက်စီးခြင်းနဲ့ သွေးကြောပိတ်ဆို့ခြင်းတို့ကို မဖြစ်စေပါဘူး။ ၂ဝဝ၅ ခုနှစ်မှာ ရက်စ်ဗာရာထရောက သွေးခဲခြင်း၊ သွေးပျစ်ခြင်းကိုဖြစ်ပေါ်စေတဲ့ ပလိတ်လက်တွေကို မလိုအပ်ဘဲ ခဲမသွားစေရန် ဆောင်ရွက်ပေးနိုင်မှန်း သိရှိပြန်ပါတယ်။ အဲဒီနောက်မှာတော့ စပျစ်သီးမှာ ပါဝင်တဲ့ ရက်စ်ဗာရာ ထရောဟာ နှလုံးနဲ့သွေးကြောရောဂါ ဝေဒနာသည်တွေ အတွက် အစွမ်းလည်းထက်မြက် ဘေးထွက်ဆိုးကျိုး လည်းမရှိတဲ့ သဘာဝ ဆေးစွမ်းကောင်းလို့ သတ်မှတ်ခဲ့ပါတယ်။ သတိထားရမှာက စပျစ်သီးရဲ့ အပေါ်ဆုံးအလွှာက မှိုနဲ့ဆင်တူတဲ့   အဖြူရောင် အမှုန့်လေးတွေပဲ ဖြစ်ပါတယ်။ ဒါလေးတွေကို အန္တရာယ်ရှိတဲ့ မှိုလို့ အထင်မှားနေကြပါတယ်။ တကယ်တော့ ကျန်းမာရေး အထောက်အကူပြု ရိစ်များသာဖြစ်ပါတယ်။ ဝိုင်ဖောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတစ်မျိုးပါ။
ကိုးကား။  ။သစ်သီးများနှင့်ကျန်းမာရေး
(ဒေါက်တာခင်မောင်လွင်- FAME)