ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခံရသူများ၏ ဝမ်းသာပီတိစကားသံများ

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခံရသူများ၏ ဝမ်းသာပီတိစကားသံများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင် ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍတို့တွင် ထူးခြား ထက်မြက်စွာစွမ်းဆောင် နိုင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့်စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင် နိုင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များ၊ နိုင်ငံတော် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ် သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းထမ်းဆောင်ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြသော နိုင်ငံခြားခေါင်းဆောင်များ၊ နိုင်ငံခြားသံတမန်များနှင့် ပုဂ္ဂိုလ်များကို ထိုက်တန်သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်သည်။

ထိုသို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခံရသူများ၏ ဝမ်းသာပီတိစကားသံများကို စုစည်း ဖော်ပြအပ်ပါသည်-

ဒေါ်ဒေစီကျော်ဝင်း

(အနုပညာထူးချွန်တံဆိပ်-ဒုတိယဆင့်)

သရုပ်ဆောင်

နိုင်ငံတော်က အခုလိုဆုချီးမြှင့်လို့ ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ အနုပညာအလုပ်ကို ၁၉၆၂ ခုနှစ်က စတင်လုပ်ခဲ့ တာပါ။ ကိုဝင်းဦးက မင်းသား လုပ်ချင်တော့ ကျွန်မအမေဆီကို လာပြောတယ်။ ကျွန်မတို့မှာ မြတ်မော်ဦး ကုမ္ပဏီ ရှိပါတယ်။  ဇာတ်လမ်းကို သူယူလာပါတယ်။ သူကရိုက်မယ်ဆိုတာနဲ့ ဒါရိုက်တာ ဦးတင်ယုနဲ့တင်တော့ အမေကလည်း သဘောတူပြီး ရိုက်ဖြစ် သွားပါတယ်။ သမီး နေရာမှာ သရုပ်ဆောင်ဖို့ လူလိုနေတဲ့ အတွက် ကိုယ်ပိုင်ထုတ်လုပ်သူဆိုတော့ ပိုက်ဆံအကုန်အကျနည်းအောင် လုပ်မယ် ဆိုပြီး ဒါရိုက်တာ ဦးတင်ယုက ကိုယ့်သမီး အရင်းရှိနေတာပဲ ထည့်ရိုက်လို့ဆိုပါတယ်။ ကျွန်မက ရုပ်ရှင်ရိုက်ဖို့ အစီအစဉ် မရှိသလို ဝါသနာလည်း မပါပါဘူး။ ဒါပေမဲ့ သမီး အခန်းလိုတယ်ဆိုတော့ ဝင်ရိုက်ဖြစ်သွား တာပါ။ ဝင်ရိုက်ဖြစ်ရင်း၊ အခြားကုမ္ပဏီတွေ က လာငှားရင်း မင်းသမီးဖြစ်လာတာပါ။ အဖေက မြန်မာပြည်မှာ ပထမဦးဆုံး အကယ်ဒမီရပါတယ်။ အမေလည်း အကယ်ဒမီရတယ်။    ကျွန်မလည်း အကယ်ဒမီရတယ်။ အခုလို ဆုချီးမြှင့်တဲ့အချိန်မှာ သူတို့မရှိတော့ စိတ်လည်း မကောင်းပါဘူး။ ဝမ်းနည်းဝမ်းသာပေါ့။  ကျွန်မအနေနဲ့အခုလို  သက်ရှိထင်ရှားရှိတဲ့အချိန်မှာ ဆုချီးမြှင့်ခံရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။

ဦးထွန်းထွန်းဝင်း

(အနုပညာထူးချွန်တံဆိပ်-ဒုတိယဆင့်)

သရုပ်ဆောင်

ကျွန်တော် တက္ကသိုလ်ဒုတိယနှစ်လောက်က ရုပ်ရှင်မင်းသားရွေးတယ်ဆိုပြီး ကုမ္ပဏီ ကခေါ်တော့ “ဘယ်ဆုတောင်းမလဲချစ်သူ” ဆိုတဲ့ဇာတ်ကားနဲ့ ဇော်လင်း၊ ထွန်းထွန်းဝင်း၊ ခင်သန်းနုဆိုပြီး အရွေးချယ်ခံရပါတယ်။ အဲ့ဒီကစပြီး ရုပ်ရှင်လောကကို ခြေချခဲ့တာပါ။ ၂၂ နှစ်အရွယ်လောက်က မင်းသားဖြစ်ခဲ့တာဆိုတော့ အခုဆို  ရုပ်ရှင်အနုပညာ သက်တမ်းနှစ် ၅၀ ကျော်လာပါပြီ။ အသက်ကလည်း ၇၃ နှစ်ထဲကိုရောက်ပါပြီ။ သရုပ်ဆောင် အတတ်ပညာနဲ့ပဲ အသက်မွေးဝမ်း ကျောင်းပြုခဲ့ပါတယ်။ အခြားစီးပွားရေးတွေလည်း မရှိပါဘူး။ ရုပ်ရှင်ကိုတော်တော် ဝါသနာပါတဲ့အတွက် အမူအရာလုပ်ရရင်  အမြဲတမ်းသဘောကျပါတယ်။ ကင်မရာရဲ့ နောက်ကွယ်က ညွှန်ကြားတာထက်စာရင် ကင်မရာရှေ့မှာ အမူအရာလုပ်ရတာကို အင်မတန်မှ သဘောကျပါတယ်။ ဒီလို ရိုက်ရင်းနဲ့ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေများလာတော့ အခုလို အသိအမှတ်ပြုပြီး ချီးမြှင့်ခြင်း ခံရတယ်လို့ထင်ပါတယ်။

ဒါရိုက်တာအေဝမ်းသိန်းထွဋ်

(အနုပညာထူးချွန်တံဆိပ်-တတိယဆင့်) ဒါရိုက်တာ၊ အမှုဆောင်အဖွဲ့ဝင်

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ကျွန်တော့်အနေနဲ့ ဘာမှမျှော်လင့်ထားတာမရှိခဲ့ပါဘူး။ ကိုယ့်အနုပညာအပေါ်မှာ ငယ်ငယ်က တည်းက လုပ်လာရတဲ့  ကိုယ့်ရဲ့သမိုင်းပေးတာဝန်တစ်ခု လုပ်နေရတာပဲဖြစ်ပါတယ်။ ဒါကလည်း အေဝမ်းမိသားစုအမွေအနှစ်အနေနဲ့ လုပ်တဲ့အပေါ်မှာ  အခုလို  အသက်အရွယ်ရလာတဲ့အချိန်  ရုပ်ရှင်အနုပညာထူးချွန်ဆုဆိုပြီး   ကိုယ့်ကိုသတ်သတ် မှတ်မှတ်ချီးမြှင့်ခြင်း ခံရတာ ဖြစ်ပါတယ်။

ဒေါက်တာချစ်

(စာပေထူးချွန်တံဆိပ်-ဒုတိယဆင့်)

စာရေးဆရာ

ကျွန်တော်ရတဲ့ဆုက စာပေထူးချွန်ဆု (ဒုတိယဆင့်)ဖြစ်ပါတယ်။ နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့များ၊  ဂုဏ်ထူးဆောင် တံဆိပ်များ ကို ချီးမြှင့်အပ်နှင်းလိုက်သည် ဆိုတဲ့သတင်းကို ကြားလိုက်တဲ့အချိန်မှာ ဝမ်းသာပီတိဖြစ်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ နောက် ဆက်ပြီးနားထောင် လိုက်တော့ ဘွဲ့တံဆိပ်အမျိုးအစားပေါင်း ၂၆ မျိုးကျော်၊ လူပုဂ္ဂိုလ်က ၁၀၉၉ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်မယ်ဆိုတော့ ဝမ်းသာပီတိပိုဖြစ်ရပါတယ်။ ဒီအထဲမှာ သက်ရှိထင်ရှားရှိနေတဲ့ လူပုဂ္ဂိုလ်တွေ သာမက ကွယ်လွန်ပြီးဖြစ်တဲ့ လူပုဂ္ဂိုလ်တွေ ကိုပါ ဘွဲ့တံဆိပ်ချီးမြှင့်တယ်ဆိုတော့ သူတို့ရဲ့မိသားစုဆွေမျိုးတွေပါ အံ့သြဝမ်းသာ နေကြမယ်ဆိုတာ တွေးပြီး ဝမ်းသာရပါတယ်။

ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်က စာပေ ထူးချွန်ဆုရတယ်။ ကျွန်တော့်သမီးအကြီး မစန္ဒာခင်ကလည်း ဝဏ္ဏကျော်ထင်ဘွဲ့ရတဲ့ အတွက် မပြောပြနိုင်လောက်အောင် ဝမ်းသာပါတယ်။ အရင်ကလည်းပဲ အမျိုးသားစာပေဆုပေးပွဲမှာ ၂၀၀၈ ခုနှစ်တုန်းက  ကျွန်တော်တို့ သားအဖနှစ်ယောက်  အတူတူဆုရခဲ့ဖူးပါတယ်။ ဝမ်းသာပီတိဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဝမ်းသာပီတိဖြစ်တာထက် အခု တစ်ကြိမ်ဖြစ်တဲ့ ဝမ်းသာမှုကပိုမိုပါတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်။ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို အထူးကျေးဇူးတင်ပါတယ်။

ဒေါ်စန္ဒာခင်

(ဝဏ္ဏကျော်ထင်ဘွဲ့)

ဒုတိယဝန်ကြီး(ငြိမ်း)

ယဉ်ကျေးမှုဝန်ကြီးဌာန

အခုကျွန်မချီးမြှင့်ခံရတဲ့ဘွဲ့တံဆိပ်ကတော့ ဝဏ္ဏကျော်ထင်ဘွဲ့ဖြစ်ပါတယ်။ ဒီဘွဲ့နဲ့  ပတ်သက်တယ်ဆိုရင်တော့ အများပြည်သူတို့ရဲ့ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာဆောင်ရွက်ခြင်း အတွက် ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်တယ်လို့ ကျွန်မအနေနဲ့ သိရှိမှတ်သားရပါတယ်။  ကျွန်မအနေနဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ် အသက် ၂၄ နှစ်ကစပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအောက်မှာ အချိန်ပိုင်း သရုပ်ပြဆရာမအဖြစ်နဲ့ စတင်ခဲ့တာဖြစ်ပါ တယ်။ နောက်ပိုင်း ယဉ်ကျေးမှုဝန်ကြီးဌာနကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီမှာ ကျွန်မက ဓာတုဗေဒနဲ့မဟာသိပ္ပံဘွဲ့  ရရှိထားတာဖြစ်တဲ့အတွက် ပထမတော့ နံရံ ဆေးရေးပန်းချီ ထိန်းသိမ်းရေးရှေးဟောင်း အဆောက်အအုံတွေမှာရှိနေတဲ့ အနုလက်ရာ တွေကို ဓာတုဗေဒနည်းပညာနဲ့ ထိန်းသိမ်းတဲ့လုပ်ငန်းကို  စပြီးတာဝန်ယူရပါတယ်။ နောက်ပိုင်း ထိန်းသိမ်းရေးတွေကို တာဝန်ယူပါတယ်။ နောက်ရှေးဟောင်း သုတေသနရဲ့ အောက်မြန်မာပြည်တာဝန်ခံ (ဒုတိယ ညွှန်ကြားရေးမှူးချုပ်)အဖြစ် ဆောင်ရွက်ပါတယ်။ နောက်အမျိုးသား ယဉ်ကျေးမှုနဲ့  အနုပညာတက္ကသိုလ်မှာ  ပါမောက္ခချုပ် အဖြစ်နဲ့ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဝန်ထမ်းဘဝကြာလာတဲ့အခါမှာ ဌာနရဲ့ လုပ်ငန်းတွေ၊ အခြေအနေတွေကိုကြည့်ပြီး ကျွန်မတို့ရဲ့ ခံယူချက်တွေကလည်း ပိုပြီး လေးနက်လာခဲ့ပါတယ်။

အခုအခါမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အသိအမှတ်ပြုပြီး ကျွန်မတို့ကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းတဲ့အတွက် ပိုပြီးကျေနပ်ပီတိဖြစ်ရပါတယ်။ ဒီဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းဟာ ကျွန်မနဲ့အတူ ပူးပေါင်းပါဝင် ပတ်သက်တဲ့သူတွေ  အတွက်လည်း ဝမ်းသာကျေနပ်မှုတွေဖြစ်ရပါတယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင် မျိုးဆက်သစ်တွေအတွက် အားကျအတုယူဖွယ်ရာ တွေလည်း ဖြစ်စေမှာဖြစ်ပါတယ်။ နိုင်ငံကောင်းကျိုးအတွက်  ကျရာကဏ္ဍကနေ အလုပ်တွေပိုပြီးတော့ အားစိုက် ဆောင်ရွက်ကြဖို့ အတွက် တွန်းအားတစ်ခုလို့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံ့တာဝန်ကို အားစိုက်ဆောင်ရွက်ခဲ့တဲ့ ကျွန်မတို့ကို အခုလို ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဂုဏ်ထူးဆောင် တံဆိပ်တွေ ချီးမြှင့်ပေးခြင်းအတွက် ဝမ်းသာဂုဏ်ယူရသလို ကျေးဇူးလည်းအထူးတင်ရှိ ပါတယ်လို့ ပြောကြားပါရစေ။ 

ဦးဇော်ဌေး

(စီမံထူးချွန်တံဆိပ်-ပထမဆင့်)

ဒုတိယအမြဲတမ်းအတွင်းဝန်(ငြိမ်း)

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

ကျွန်တော်က ၁၉၇၈ ခုနှစ်ကစပြီးတော့ ဝန်ထမ်းစလုပ်တာပါ။ ၂၀၁၅ ခုနှစ်မှာ ဝန်ထမ်းလုပ်သက် ၃၈ နှစ်နဲ့ ပင်စင်ယူခဲ့တာပါ။ ပြည်သူ့ဝန်ထမ်းဘဝက ပေးတဲ့တံဆိပ်တွေကို ကျွန်တော်ရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စီမံထူးချွန်တံဆိပ်(တတိယဆင့်) ရခဲ့ပါတယ်။ ကျွန်တော်အခုလို ဆုချီးမြှင့်ခံရမယ်လို့ တကယ်မမျှော်လင့်ပါဘူး။ အမျိုးသားအောင်ပွဲနေ့မှာ ကျွန်တော့်ကို စီမံထူးချွန်ပထမအဆင့် ပေးတဲ့အတွက် အတိုင်းမသိဝမ်းမြောက် ဂုဏ်ယူပါတယ်။ ကျွန်တော်လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုအပေါ် နိုင်ငံတော်ကတန်ဖိုး ထားပြီး ချီးမြှင့်တယ်လို့ ခံယူပါတယ်။ အခုလို ချီးမြှင့်တဲ့အတွက် နိုင်ငံတော်ကို  ကျေးဇူးတင်ပါတယ်။ ချီးမြှင့်ထိုက်သူတွေကို ချီးမြှင့်တဲ့ အတွက် အတိုင်းမသိဝမ်းမြောက်သလို ချီးမြှင့်ခံရတဲ့သူတွေကိုယ်စားလည်း ဝမ်းသာတယ်။ ဆုတံဆိပ်ချီးမြှင့်ပေးတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကိုလည်း ကျေးဇူးတင်ပါတယ်။   ။         

 (သတင်းစဉ်)