မျိုးဆက်သစ် လူငယ်များအတွက် အမှောင်ခွင်း၍ အလင်းဆောင်ပေးမည့် စာပေပညာရှင်များ၏ စကားသံများ

မျိုးဆက်သစ် လူငယ်များအတွက် အမှောင်ခွင်း၍ အလင်းဆောင်ပေးမည့် စာပေပညာရှင်များ၏ စကားသံများ

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ရရှိကြသူများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်ဗဟိုဌာန-၂၌ ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ရာ အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ရရှိကြသူများ၏ ဝမ်းသာပီတိ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးကျော်ဇင်ညွန့်(တက္ကသိုလ်မြတ်သူ) (အမျိုးသားစာပေတစ်သက်တာဆု)

    ကျွန်တော် ၁၉၄၅-၁၉၄၆ ခုနှစ်မှာ ကဗျာစရေးပါတယ်။ ဒါကြောင့် အခုဆိုရင် ကျွန်တော့်ရဲ့ စာရေးသက်တမ်းက ၇၇ နှစ်၊ အသက်က ၉၂ နှစ်ရှိပါပြီ။ ဆုကတော့ ၁၉၉၅ ခုနှစ်မှာ ရွှေစောင်းသံကဗျာများနဲ့ အမျိုးသားစာပေဆု၊ ၁၉၉၇ ခုနှစ် ဧပြီ ၂၇ ရက်နေ့မှာ တိုင်းကျိုးပြည်ပြုဆောင်းပါးရှင်ဆု၊ ၂၀၀၇ ခုနှစ်မှာ လူမှုထူးချွန်ဒုတိယဆု၊ ၂၀၁၂ ခုနှစ်မှာ စည်သူဘွဲ့၊ ၂၀၁၈ ခုနှစ်မှာ ပခုက္ကူဦးအုန်းဖေ တစ်သက်တာဆု၊ ၂၀၂၂ ခုနှစ် မတ် ၂၇ ရက်မှာ အလင်္ကာကျော်စွာ ဘွဲ့ရရှိခဲ့ပြီး  ဒီနေ့ချီးမြှင့်ခံရတဲ့ ဆုကတော့ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုဖြစ်ပါတယ်။   ဆုတွေ အများကြီးရတာ တာဝန်တွေအများကြီး ကြီးပါတယ်။  နိုင်ငံတော်က  ကျွန်တော်တို့ကို ဒီလောက်ချီးမြှင့်မြှောက်စားမှတော့ ကျွန်တော်တို့လည်း  တိုင်းပြည်အတွက် ပိုလုပ်ရတော့မယ်။  ပိုရေးရတော့မယ်။  ကျွန်ဘဝရဲ့ ခါးသီးတဲ့ဘဝကို ကိုယ်တိုင် သိတတ်တဲ့အရွယ်မှာ  ကြုံခဲ့တာဖြစ်လို့  သူ့ကျွန်ဘဝကို ကိုယ်လည်း ပြန်မသွားဘူး။ ကိုယ့်မိသားစု၊ ဆွေမျိုးကအစ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသား ဘယ်သူမှ ပြန်မသွားစေချင်လို့ အခုချိန်ထိရေးနေတာ ဖြစ်တယ်။ နောက်လည်း ရေးနေဦးမှာပဲ။ အခု ၉၂ နှစ် ရေးနိုင်သေးတယ်။ တိုင်းပြည်ကြီးက အဲ့လိုနဲ့ပဲ တာဝန်ကိုယ်စီ ထမ်းကြ မယ်ဆိုရင်တော့  ပြောစရာမလိုတော့ဘူး။ ရေမြေသဘာဝ သယံဇာတအလွန်ပေါတဲ့ ကောင်းတဲ့ တိုင်းပြည်ဖြစ်တယ်။ ညီညွတ်ကြမယ်ဆိုရင်၊ သူပုန်မျိုးစုံ မထကြဘူးဆိုရင် ရှိတဲ့ရေမြေသဘာဝ သယံဇာတကောင်းတွေနဲ့ အစောကြီးဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံဖြစ်မှာပါ။  တိုင်းသူပြည်သားအားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ပြည်ထောင်စုကြီးလည်း ထာဝရတည်တံ့ခိုင်မြဲပါစေ။ အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မြင်းမူမောင်နိုင်မိုး(အမျိုးသားစာပေတစ်သက်တာဆု)

    ကျွန်တော်ကတော့ မြင်းမူမောင်နိုင်မိုး ဖြစ်ပါတယ်။ လက်ရှိတော့ မြန်မာနိုင်ငံ စာရေးဆရာအသင်းရဲ့ ဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။ အခုနှစ်မှာ ရရှိခဲ့တဲ့ ဆုကတော့ အမျိုးသားစာပေတစ်သက်တာ ဆုဖြစ်ပါတယ်။ ကျွန်တော်အရင်ကတော့ အမျိုးသားစာပေဆုကို ၁၉၈၁ ခုနှစ်မှာ သံလွင်ကမ်းမှ ပန်းအိပ်မက်၊ ၁၉၉၁ ခုနှစ်မှာတော့ နာဂတောင်တန်းပွင့်တဲ့ပန်း၊ ၁၉၉၈ ခုနှစ်မှာ ခယောင်းလမ်းနဲ့ပန်းသပြေ၊ အဲ့ဒီ နောက်မှာ လောကနီတိကဗျာများ၊ နွေမိုးဖျန်းပက် ပန်းတစ်ခက်၊ အလွမ်းသတင်း ပန်းတစ်ခင်း၊ ဘဝကျောင်းမှ စောင်းခတ်သံ အစရှိတဲ့ ကဗျာစာအုပ်များနဲ့ အမျိုးသား စာပေဆု (၇)ကြိမ် ရရှိခဲ့ပါတယ်။  ကျွန်တော် စာပေလောကကို  စတင်ဝင်ရောက်ခဲ့တာ ကတော့ ၁၉၆၅ ခုနှစ်လောက်ကဖြစ်ပြီး အခုဆိုရင်တော့ စာရေးသက်နှစ်ပေါင်း ၄၆ နှစ် ၄၇ နှစ်လောက်ရှိပါပြီ။  ခုလို  အမျိုးသားစာပေ တစ်သက်တာဆု ရရှိတဲ့အတွက်လည်း နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူး အထူးတင်ပါတယ်။

မော်သာထွေး(မန္တလေး)(အမျိုးသားစာပေ ဆု၊ အင်္ဂလိပ်ဘာသာ(သုတ)ဆု)

    ကျွန်တော် ဒီအခမ်းအနားမှာ ရတဲ့ဆုက တော့ အမျိုးသားစာပေအင်္ဂလိပ်ဘာသာ (သုတ)ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ စာအုပ်ရဲ့နာမည်က GLOBAL  PERSPECT-IVE  VIEWS  ON ENERGY  AND ELECTRICITY ဆိုတဲ့ စာအုပ်နဲ့ ရရှိခဲ့ တာဖြစ်ပါတယ်။ ကျွန်တော် ၂၀၁၆ ခုနှစ် မတ်လနောက်ပိုင်း အငြိမ်းစားယူပြီး စာအုပ်တွေရေးဖြစ်ခဲ့ပါတယ်။ စာအုပ်တွေရေးတဲ့အခါမှာ ပြည်သူတွေအတွက် အကျိုးရှိစေ မယ့် နိုင်ငံတော်အတွက် လတ်တလောရော ရေရှည်အတွက် အကျိုးရှိမယ့်စာအုပ်တွေကို ရွေးထုတ်ပြီးရေးတဲ့အခါမှာ စွမ်းအင်နဲ့ လျှပ်စစ်က နိုင်ငံအတွက် တအားအရေးကြီးနေတာ ဖြစ်တဲ့အတွက် ဦးစားပေးရေးခဲ့ တာဖြစ်ပါတယ်။ ပထမကတော့ ဒီစာအုပ်က မြန်မာလို ရေးပြီးသားဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ထုတ်လိုက်ပြီး ၂၀၁၉ ခုနှစ်မှာ  ထွန်းဖောင်ဒေးရှင်း စာပေဆုရရှိခဲ့ပါတယ်။ အဲဒါကို အင်္ဂလိပ်လိုပြန်ရေးလိုက်တာ အခု အချိန်မှာ အင်္ဂလိပ်ဘာသာရေးတဲ့ စာအုပ်က ဆုရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ဝမ်းသာပါတယ်။ နိုင်ငံတော်က ဒီလိုကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကိုပဲ ထိထိရောက်ရောက် အားပေးနေတယ်ဆိုတာ ကိုသိရလို့ ဝမ်းသာပါတယ်။ ကျွန်တော် ပထမပြောချင်တာက ပြည်သူတွေ ဗဟုသုတ အတွေ့အကြုံအများကြီးရစေဖို့ အတတ်နိုင်ဆုံး စာလေးတွေ ဖတ်ပေးကြပါလို့ ပြောချင်ပါတယ်။

ရွှေကူနန်းနွဲ့နွဲ့(အမျိုးသားစာပေဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေဆု) 

    ကျွန်မက ကလောင်ရှင် ရွှေကူနန်းနွဲ့နွဲ့ ဖြစ်ပြီး မဟာဂီတသီချင်းလည်း ဆိုပါတယ်။ စာတမ်းပြုစုရေးသားပြီး သီချင်းလည်း ဆိုပါ တယ်။  ယခုရရှိခဲ့တဲ့ဆုက ၂၀၂၁ ခုနှစ် အတွက် အမျိုးသားစာပေဆုမှာ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အခုလို ဆုချီးမြှင့်တဲ့ အတွက် အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ကျွန်မက အသက် ၁၇ နှစ်၊ ၁၈ နှစ်လောက်ကစပြီး စာကို ကလောင်စမ်းရေးတာ အသက် ၈၀ ကျော်တဲ့အချိန်မှာ  ဒီလိုအဆင့်မြင့်တဲ့ အမျိုးသားစာပေဆုကြီးကို ရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။

အခုဆုရတဲ့စာအုပ်က ညောင်ရမ်းခေတ်တုန်းက အကြောင်း ရေးသားထားပါတယ်။ အဲဒီမှာ ဝန်ကြီးပဒေသရာဇာက မြန်မာတို့ရဲ့ မြန်မာစာပေနဲ့ ရေးသားထားခဲ့တဲ့ ပထမဆုံး မြန်မာပြဇာတ်ဖြစ်ပါတယ်။ ပြဇာတ်စာပေ အနေနဲ့ မဏိကက်ပြဇာတ်က ပထမဆုံး စာပေနဲ့ပေါ်လာတဲ့ ပြဇာတ်ဖြစ်တဲ့အတွက် အခုခေတ်လူငယ်တွေ သိဖူး၊ ကြားဖူးစေချင် ပါတယ်။ အဲဒါကြောင့် ပြဇာတ်စာအုပ်မူရင်း ကိုကြည့်ပြီး အဖွင့်အနေနဲ့ ပြန်ရေးသား ထားပါတယ်။ မူရင်းစာအုပ်ကို ဝန်ကြီး ပဒေသရာဇာက ကဗျာတွေ၊ အလင်္ကာနဲ့ ရေးသားခဲ့တာဖြစ်တဲ့အတွက် လူငယ်များ ဖတ်ရခက်တော့ ပျင်းသွားပြီးမဖတ်ဖြစ်ဘူး ဖြစ်နေတယ်။ အဲဒီစာအုပ်ကို အခုခေတ် လူငယ်တွေအတွက်   အဖွင့်အနေနဲ့ သဘောပေါက်အောင် ရေးထားပါတယ်။စာများများဖတ်ပြီး မိမိကိုယ်ကို အလိမ္မာတိုးအောင် နေထိုင်ကြပါလို့ လူငယ်များကို ပြောချင်ပါတယ်။  ။ 

လဲ့ရည်လှိုင်