ဒေသတွင်းနှင့်တစ်ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိဟု တရုတ်သမ္မတရှီကျင့်ဖျင်ပြော

ဒေသတွင်းနှင့်တစ်ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိဟု တရုတ်သမ္မတရှီကျင့်ဖျင်ပြော

 

တရုတ်နိုင်ငံသည်   ဒေသတွင်းနှင့်တစ်ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် မြောက်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်အားပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက နိုဝင်ဘာ၂၆ ရက်တွင်ထုတ်ပြန်သည်။

တရုတ်အစိုးရ၏ အဆိုပါ ပြောဆိုချက်သည် မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏အစွမ်းအထက်ဆုံး လက်နက်တစ်မျိုး ဖြစ်သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ပစ်ခတ်စမ်းသပ်ပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယနေ့ကမ္ဘာကြီး၏ခေတ်ကာလ၊ အချိန်နှင့်သမိုင်းကြောင်းတို့သည် မကြုံဖူးသည့် နည်းလမ်းများဖြင့် ပြောင်းလဲလာလျက်ရှိရာတရုတ်အစိုးရအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝရေးအတွက် မြောက်ကိုရီးယားနှင့်အတူ  ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိနေကြောင်း သမ္မတရှီက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံသို့ ပေးပို့သည့် သတင်းစကားတွင်  ဖော်ပြထားကြောင်း သတင်းဌာနကဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံသည် မကြာမီကာလအတွင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းကို စံချိန်တင်လုပ်ဆောင်ခဲ့ပြီး  စတုတ္ထအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်ရန်စီစဉ်လျက် ရှိသည်ဟူသော စိုးရိမ်မှုများကို    ထွက်ပေါ်လာစေခဲ့သည်။

 

လက်ရှိတွင် မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏နျူကလီးယားအစီအစဉ်နှင့် ဒုံးကျည်စမ်းသပ်မှုများကြောင့် အနောက်နိုင်ငံများက ယင်းနိုင်ငံအပေါ်  ပိတ်ဆို့မှုများချမှတ်ထားသည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အဓိကမဟာမိတ်နိုင်ငံ  တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ဒုံးကျည်စမ်းသပ်မှုများကြောင့် အမေရိကန်ဦးဆောင်သည့်အနောက်နိုင်ငံများက ယင်းနိုင်ငံအပေါ် ပိတ်ဆို့မှုများထပ်မံချမှတ်ရန်ကြိုးပမ်းမှုကို တရုတ်နှင့်ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံး၍ တားဆီး နိုင်ခဲ့သည်။

တရုတ်အစိုးရအနေဖြင့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ခြင်းကိုမလိုလားကြောင်း တရုတ်နိုင်ငံအနေဖြင့် သမ္မတရှီက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် G20 ထိပ်သီးဆွေးနွေးပွဲ၏ဘေးပန်းဆွေးနွေးပွဲ၌တွေ့ဆုံစဉ်တွင်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Aljazeera