၀င်ငွေနည်းမိသားစုများအား တိုက်ရိုက်ထောက်ပံ့ကြေးပေးအပ်မည့် အစီအစဉ်ကို ပြန်လည်သုံးသပ်နေဟု မလေးရှားဝန်ကြီးချုပ်ပြော

၀င်ငွေနည်းမိသားစုများအား တိုက်ရိုက်ထောက်ပံ့ကြေးပေးအပ်မည့် အစီအစဉ်ကို ပြန်လည်သုံးသပ်နေဟု မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ဝင်ငွေနည်းမိသားစုများအား တိုက်ရိုက်ထောက်ပံ့ကြေး ပေးအပ်မည့် အစီအစဉ်ကို ပြန်လည်သုံးသပ်နေကြောင်း ဝန်ကြီးချုပ်အန်နဝါအီဘရာဟင်က နိုဝင်ဘာ ၂၇ ရက် တွင်ပြောသည်။

ဝန်ကြီးချုပ်အန်နဝါအီဘရာဟင်သည် ၎င်းတာဝန်စတင်ထမ်းဆောင်သည့် အချိန်တွင် နိုင်ငံ့စီးပွားရေး တိုးတက်မှုနှေးကွေးနေပြီး နေထိုင်မှုကုန်ကျစရိတ် ကြီးမားနေသောကြောင့် ထောက်ပံ့ကြေးပေးအပ်မည့် အစီအစဉ်ကို ဦးစားပေးလုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်။

အစိုးရ၏ထောက်ပံ့ကြေးပေးအပ်မည့် အစီအစဉ်အား   အစိုးရအေဂျင်စီများက ရက်သတ္တပတ်ကြာအချိန်ယူ၍ သုံးသပ်မည် ဖြစ်သည်။

မလေးရှားအစိုးရသည် နိုင်ငံသားအားလုံးအတွက် ထောက်ပံ့ကြေးပေးအပ်လျက်ရှိပြီး ယခုပေးအပ်မည့်  ထောက်ပံ့ကြေးသည် ဝင်ငွေနည်းမိသားစုများအတွက် သီးသန့်ပေးအပ်မည်ဖြစ်ကြောင်း အန်နဝါ အီဘရာဟင်က  သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

၎င်းဦးဆောင်သည့် အစိုးရအနေဖြင့် ယခုနှစ်အတွင်း ပြည်သူများအား ထောက်ပံ့ကြေးပေးအပ်ရန်အတွက် ရင်းဂစ် ၇၇ ဒသမ ၇ ဘီလီယံ (ဒေါ်လာ  ၂၄  ဘီလီယံခန့်) သုံးစွဲရန်မျှော်မှန်းထားကြောင်း သိရသည်။

အစိုးရ၏ ဆုံးဖြတ်ချက်အပေါ်  ရင်းနှီးမြှုပ်နှံသူများက ထောက်ခံအားပေးလျက်ရှိပြီး ဝန်ကြီးချုပ်သစ် အန်နဝါအီဘရာဟင် အနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုကို ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်လျက် ရှိကြောင်း သိရသည်။

Ref: ST