စည်းလုံးညီညွတ်ခြင်းသည် တိုင်းပြည်၏အားဖြစ်သည်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်)

စည်းလုံးညီညွတ်ခြင်းသည် တိုင်းပြည်၏အားဖြစ်သည်

ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏အငွေ့အသက်များ ခံစားနားလည်နိုင်စေရန်ရည်ရွယ်ချက်များဖြင့် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး ဦးစီးကော်မတီကကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့ ပဒေသာကပွဲဖွင့်ပွဲ အခမ်းအနားကို၂၀၂၂  ခုနှစ် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပသည်။ ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန်အတွက်  နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ်  စည်းကားသိုက်မြိုက်စွာ ကျင်းပပေးသော အကြီးအကျယ်ဆုံး ပဒေသာကပွဲကြီးဖြစ်သည်။

အဆိုပါကပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်အားပေးကြည့်ရှုသည်။ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ ပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှု အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပဒေသာကပွဲတွင် ပါဝင်သီဆိုကပြ ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာကပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် စည်ကား သိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်သည်။ စိန်ရတုဆိုသည်မှာ လူ့သက်တမ်းအရကြုံတောင့် ကြုံခဲသောနှစ်ကာလဖြစ်သည်။ လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲနေရေးအတွက် ပြည်သူတစ်ရပ်လုံးတွင် တာဝန်ရှိသည်ကို သိစေချင်သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွင် မွေးဖွားခဲ့သူများမှာ လွတ်လပ်ရေးမရမီကာလ ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရသည်များကို သိရှိနိုင်မည် မဟုတ်သော် လည်း စာပေအနုပညာ ရုပ်ရှင်ဂီတတို့၏ ဖော်ထုတ်ပြသမှုကြောင့် စိတ်ဖြင့် ခံစားသိရှိနိုင်ကြပြီဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးဆိုသည်မှာ ရက်ပိုင်းလပိုင်းအတွင်း ဆုံးရှုံးသွားနိုင်သော်လည်း ဆုံးရှုံးသွားသောလွတ်လပ်ရေးကို ပြန်လည်ရရှိရန်မှာ နှစ်ပေါင်းများစွာကြာမြင့်သည်။ ကျစ်လျစ်ခိုင်မာကာအင်အား တောင့်တင်းသော တပ်မတော်တစ်ရပ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်သော တိုင်းသူပြည်သားများ များစွာရှိနေမှသာ လွတ်လပ်ရေးကို မဆုံးရှုံးအောင် ကာကွယ်နိုင် ပေလိမ့်မည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကိုပြန်ကြည့်လျှင်  ပြည်သူလူထုသည် မိမိတို့ကျရာ အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြ သည်။ တပ်မတော်သို့ဝင်ရောက်ကာ တိုက်ပွဲဝင်ခဲ့ကြသော လူငယ်လူရွယ်များ၊ အမျိုးသားပညာရေးနယ်ပယ်တွင် တိုက်ပွဲဝင်ခဲ့ ကြသောကျောင်းသား၊ ကျောင်းသူများ၊ စာပေ၊ ရုပ်ရှင်၊ သဘင်ဂီတနယ်ပယ်တွင် ပါဝင်ခဲ့ကြသော မျိုးချစ်စာဆိုရှင်များ၊ အနုပညာရှင်များသည် မိမိတို့တတ်ကျွမ်းရာ နယ်ပယ်များတွင်ပါဝင်ကာ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြသည်။

နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲများတွင် တပ်မတော်နှင့်ပြည်သူစည်းလုံးညီညွတ်စွာတိုက်ပွဲဝင်ခဲ့မှုများကြောင့် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ နိုင်ငံတစ်နိုင်ငံသည် ပြည်သူတို့ စည်းလုံးညီညွတ်မှု မရှိသောအခါ လွတ်လပ်ရေးကို လက်လွတ်ဆုံးရှုံးရသည်။ စည်းလုံးညီညွတ်မှုရှိသောအခါ လွတ်လပ်ရေးကိုရယူပိုင်ဆိုင်ရသည်။  တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် နိုင်ငံတော်အတွက် အဓိကအကြောင်းအချက်ဖြစ်သည်။

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုကို နေပြည်တော်မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ည ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ညစဉ်ဖျော်ဖြေတင်ဆက်လျက်ရှိသည်။ အဆိုပါ ဖျော်ဖြေတင်ဆက်မှုများကို ရုပ်မြင်သံကြားများမှ တိုက်ရိုက်ထုတ်လွှင့်ပေးနေသည့်အတွက် ပြည်သူအများ ကြည့်ရှုနားဆင် နိုင်ကြပြီဖြစ်သည်။ အနုပညာရှင်များ၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို ထင်ရှားစွာတွေ့မြင်ကြရသည်။ နိုင်ငံတော်အကြီးအကဲ၏ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်လောကသားတို့အား တန်ဖိုးထားမှုကိုတွေ့မြင်ကြရသည်။ စည်းလုံးညီညွတ်ခြင်း သည်အောင်မြင်မှု ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ “တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်စကားအတိုင်း နိုင်ငံကောင်းရာကောင်းကျိုးအတွက် တိုင်းရင်းသား လုပ်သားပြည်သူ၊ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ အတွေးအခေါ်၊ အယူအဆ စသည့်ပြည်သူများ၏ ရပ်တည်လုပ်ဆောင်မှု ကဏ္ဍသည်အရေးကြီးပါကြောင်း၊ ပြည်သူများကို အသိပညာဗဟုသုတနှင့် စိတ်ဓာတ်မြင့်မားရေးကို စာပေအနု ပညာရှင်ကြီးများအားဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့နိုင်ငံကြီးသည် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်ဟု တိုက်တွန်းမှာကြားလိုပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် တိုင်းရင်းသားအားလုံး၊ အသိ ပညာရှင်၊ အတတ်ပညာရှင်များအားလုံး  စုစည်းညီညွတ် စည်းလုံးမှုရှိနေသရွေ့ နိုင်ငံတော်၏ လွတ်လပ်ရေးမှာ တည်တံ့ခိုင်မြဲနေမည် သာဖြစ်ပါကြောင်း။   ။