တရုတ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဘိန်းအစားထိုး သီးနှံ ရော်ဘာတင်ပို့မှု တစ်နှစ်တစ်ကြိမ်ရရှိ

တရုတ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဘိန်းအစားထိုး သီးနှံ ရော်ဘာတင်ပို့မှု တစ်နှစ်တစ်ကြိမ်ရရှိ

တရုတ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့်   ဘိန်းအစားထိုးသီးနှံ မြန်မာ့ရော်ဘာ တင်ပို့မှုအား  တစ်နှစ်လျှင်တစ်ကြိမ်  ရရှိလေ့ရှိကာ လာမည့်လအတွင်း စတင်တင်ပို့နိုင်ပြီ ဖြစ်ကြောင်း  မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်   တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး    ဦးခိုင်မြင့်၏ ပြောပြချက်အရ သိရသည်။

ထိုသို့ တင်ပို့ခွင့်ရရှိရာတွင် တစ်နှစ်လျှင် တန်ချိန် တစ်သောင်းမှ သုံးသောင်းအတွင်း တင်ပို့ရလေ့ရှိသည်။

ပြည်တွင်းမှထွက်ရှိသည့်  ရော်ဘာကို တရုတ်နိုင်ငံသို့  တင်ပို့ရာတွင်  တရားဝင် တင်ပို့လေ့ရှိပြီး ဘိန်းအစားထိုး တင်ပို့ရမည့် ပမာဏမှာ အခွန်ကင်းလွတ်ခွင့်ရှိသော် လည်း  ကျန်အချိန်များတွင် ၂၇ ရာခိုင်နှုန်း  အခွန်ပေးရလေ့ရှိကာ လက်ရှိတွင် အနည်းငယ်သာ တင်ပို့နေကြောင်း သိရသည်။

ထို့ပြင် နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်   တရုတ်နိုင်ငံသို့   ရော်ဘာတင်ပို့ ရာတွင် ယခင်က ဒေါ်လာဖြင့်သာ အသုံးပြုတင်ပို့ခဲ့ရသော်လည်း  ယခုနှစ်   ဖေဖော် ဝါရီလမှစ၍  ယွမ်ဖြင့်  အသုံးပြုတင်ပို့ခွင့် ပြုထားကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက  နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်   ပြည်ပသို့  ရော်ဘာတန်ချိန်  ၁၀၃၂၀ ကျော်တင်ပို့ခဲ့ပြီး တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အများဆုံး တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ စုစုပေါင်း ရော်ဘာတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သို့လည်း တင်ပို့မှုများရှိနေကြောင်း၊ ရော်ဘာကို   မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ အများဆုံး စိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်   ကရင်ပြည်နယ် တို့၌လည်း  စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။