နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်)

နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး

နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ နိုင်ငံတကာနှင့်အာဆီယံဒေသအတွင်း တိုးတက်များပြားလာသည့် ကုန်သွယ်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက်လည်းကောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့၏  ပြန်လည်သုံးသပ်ပြင်ဆင်ထားသော ကျိုတိုသဘောတူညီချက်၊ အထွေထွေ နောက်ဆက်တွဲပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အရနှင့်  အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်အရလည်းကောင်း မြန်မာနိုင်ငံအနေဖြင့်  နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးအတွက် အရင်းအမြစ်ကောင်းများဖြစ်သည့် စိုက်ပျိုးမြေနှင့် သဘာဝသစ်တောဧရိယာများ၊ သဘာဝမြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်ကမ်းရိုးတန်းများဖြင့် ပြည့်စုံသည့် နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံအတွင်း စိုက်ပျိုးမြေ ဟက်တာ ၁၃ သန်းကျော်ရှိပြီး ဆန်၊ ပဲနှင့်ပြောင်းတို့ကို ပြည်ပသို့တင်ပို့သည့် နိုင်ငံဖြစ်သည်။ ရေအရင်းအမြစ်များစွာရှိသည့် အားလျော်စွာ စပါး၊ ပဲမျိုးစုံ၊ ပြောင်းအပြင် နှမ်းနှင့်ဝါသီးနှံတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိသည်။

မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံသည့်အပြင် ပိုလျှံသောစိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန် များအား အိမ်နီးချင်းနိုင်ငံများ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အခြေခံ စားနပ်ရိက္ခာ ထုတ်လုပ်သည့် ပင်မနိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကို ပိုင်ဆိုင်ထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ယနေ့ကာလတွင် နိုင်ငံအတွက် အမှန်တကယ်လိုအပ်သည့် ကုန်ပစ္စည်းမျိုးသာ ဝယ်ယူတင်သွင်းရန် စိစစ်လုပ်ဆောင်သလို ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်သည် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များတွင် အချိန်နှင့် ကုန်ကျ စရိတ်များ သက်သာစွာ လျင်မြန်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်အကောင်အထည်ဖော်သည့်စနစ်တစ်ခုဖြစ်သည်။ တစ်ဖက်တွင် လည်း ကုန်သွယ်မှုလုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သော ထိရောက်မှုရှိသည့် ခေတ်မီကုန်စည် ရှင်းလင်းရေးစနစ်ဖြစ်၍ အဆိုပါလုပ်ငန်းစဉ်တွင် ကုန်သွယ်မှုဆက်စပ်ဌာနများ၊ ပုဂ္ဂလိကကဏ္ဍများအားလုံး ထိရောက်စွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ရသည့် စနစ်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှဒေသသည် သဘာဝပထဝီဝင်အရ သမုဒ္ဒရာကြီးနှစ်ခုကိုဆက်သွယ်ပေါင်းကူးပေးရာတွင် အချက်အချာကျသည့် နေရာ၌တည်ရှိနေသည့်အားလျော်စွာ အင်ဒို-ပစိဖိတ်ဒေသကြီးတွင် အရေးပါသောနေရာမှ ပါဝင်နေလျက် ရှိသည်။ ထို့အတူ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့(ASEAN)၏ အဖွဲ့ဝင်နိုင်ငံများသည်လည်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေး အတွက် များစွာအရေးပါပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာရှိသော နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်။ အာဆီယံအဖွဲ့ကြီးတွင် အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံပါဝင်ပြီး လူဦးရေစုစုပေါင်း သန်း ၆၆၀ ကျော်မှီတင်းနေထိုင်လျက်ရှိသည်။ အာဆီယံသည် မြန်မာတို့အတွက် အနီးကပ်ဆုံးစီးပွားရေး ဈေးကွက်တစ်ခုဟု ဆိုနိုင်သည်။ ထို့အတူ အိမ်နီးချင်းနိုင်ငံများတွင်လည်း လူဦးရေများပြားသည့် နိုင်ငံများရှိနေပေရာ ဤသည်မှာလည်း မြန်မာတို့အတွက် ဈေးကွက်ကြီးတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတော်ပြတင်းပေါက် စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် “နိုင်ငံတော်ပြတင်း တစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ” ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၁၇၇/၂၀၂၂ ဖြင့်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်ပြတင်းတစ်ပေါက် စနစ်အကောင်အထည်ဖော်မည့် နည်းပညာပုံစံနှင့် လုပ်ငန်းအစီအမံများကို အတည်ပြု ချမှတ်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများက ပူးပေါင်းပါဝင်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် တွန်းအားပေးကြပ်မတ်ခြင်း၊ စနစ်အကောင် အထည်ဖော်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများကို စောင့်ကြည့်သုံးသပ်၍ လိုအပ်သော လမ်းညွှန်မှုများ ချမှတ်ခြင်း၊ နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် တည်ထောင်နိုင်ရေးအတွက် လိုအပ်သော ရန်ပုံငွေတွက် ချက်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အစီရင်ခံတင်ပြခြင်း  စသည်တို့ကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ့စီးပွားရေးစဉ် ဆက်မပြတ်တိုးတက် အောင်မြင်ရေးအတွက် နိုင်ငံတော်ပြတင်း တစ်ပေါက်စနစ်ကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။