အမေရိကန်၏ထောက်ပံ့ရေးမူဝါဒများ အနောက်ကမ္ဘာကိုနှစ်ခြမ်းကွဲစေမည်ဟု ပြင်သစ်ဝေဖန်
ငွေကြေးဖောင်းပွမှုလျှော့ချရေးဥပဒေအရ အမေရိကန်ကုမ္ပဏီများကို ငွေကြေးထောက်ပံ့ပေးမည့် အမေရိကန်အစိုးရ၏ မူဝါဒများသည် အနောက်ကမ္ဘာကို နှစ်ခြမ်းကွဲစေမည်ဟု ပြင်သစ်သမ္မတ အမ်မန်နျူယယ်မက်ခရွန်က အပြစ်တင်ဝေဖန်လိုက်ကြောင်း သိရသည်။
အမေရိကန်နှင့် ဥရောပတို့ကြား ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ပြင်သစ်သမ္မတက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး အမေရိကန်၏အစီအစဉ်က ဥရောပစီးပွားရေး လုပ်ငန်းရှင်များအတွက် အလွန်ရန်လိုသော သဘောဆောင်သည်ဟု ဆိုသည်။
ကျွန်တော့်အနေနဲ့ကတော့ သူလိုကိုယ်လိုကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနိုင်နေတဲ့ ဈေးကွက်မှာ အမေရိကန်ကုန်ပစ္စည်းတွေ ချည်းပဲရောင်းချတဲ့ ဈေးကွက်ဖြစ်လာမှာမျိုးကို မလိုလားပါဘူး။ ကိုယ့်ပြဿနာကို
ကိုယ်ဖြေရှင်းဖို့ထုတ်လိုက်တာဆိုတဲ့ ငွေကြေးဖောင်းပွမှုလျှော့ချရေးဥပဒေက ကျွန်တော်တို့ရဲ့ပြဿနာကို ပိုလို့သာတိုးပွားလာစေပါတယ် ဟု ပြင်သစ်သမ္မတကပြောထားသည်။
ပြင်သစ်သမ္မတကအပြစ်တင်ဝေဖန်ထားသည့် ငွေကြေးဖောင်းပွမှုလျှော့ချရေး ဥပဒေဆိုသည်မှာ မြောက်အမေရိကဒေသရှိ ကုန်ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့၏ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် ငွေကြေးအမြောက်အမြား စိုက်ထုတ်ပေးခြင်း ဖြစ်သည့်အပြင် အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်မှုကဲ့သို့ လုပ်ငန်းများကိုအားပေးကာ ဒေါ်လာဘီလီယံပေါင်းများစွာ ထည့်ဝင် ရင်းနှီးမြှုပ်နှံစေသည့်ဥပဒေ ဖြစ်သည်။
ထိုဥပဒေကြောင့် ဥရောပကုမ္ပဏီများအနေဖြင့် ဈေးကွက်ဝေစုကို အမေရိကန်ကုမ္ပဏီများထံ လွှဲပြောင်းပေး လိုက်ရနိုင်သည့် အခြေအနေအပေါ် ဥရောပသမဂ္ဂက စိုးရိမ်ပူပန်နေကာ ကနေဒါနှင့် မက္ကဆီကိုတို့ကို တင်သွင်းခွင့်ရထားပြီးဖြစ်သည့် ကုန်ပစ္စည်းများ ထုတ်လုပ်မှုအပေါ် အစိုးရထောက်ပံ့မှုမှ ကင်းလွတ်ခွင့်ပေးရန် မျှော်လင့်ထားသည်။
ဥရောပနှင့်အမေရိကန်တို့က ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက် ဥရောပဒေသ၏ စီးပွားရေးပေါက်ကွဲမှု အခြေအနေနှင့်ရင်ဆိုင်နေရစဉ် အမေရိကန်နှင့် ဥရောပတို့ကြား စီးပွားရေးတင်းမာမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
၎င်းတို့၏ အရေးယူပိတ်ဆို့မှုကြောင့်ပင် ဥရောပဈေးကွက်တွင် စံချိန်တင်မြင့်မားသည့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာကာ စွမ်းအင်အကျပ်အတည်းကိုလည်း ပေါ်ပေါက်လာစေကြောင်း သိရသည်။
Ref: Sputnik