အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်)

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားတပ်မတော် စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel- General Kim Alexey Rostislavovich က နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံကြောင်း သတင်းကို သတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာများအပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာ ပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ရုရှားနိုင်ငံသို့ မြန်မာ့တပ်မတော်သားပညာသင်များ စေလွှတ်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယဉ်ကျေးမှုပြိုင်ပွဲနှင့် တပ်မတော်အားကစားပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင် ယှဉ်ပြိုင်ခဲ့မှုနှင့် အပြန်အလှန် ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ယနေ့ကမ္ဘာပေါ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နိုင်ငံတိုင်းက အလေးထားဆောင်ရွက်လျက်ရှိမှုနှင့် ယခုကဲ့သို့ မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တို့ကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် သည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြ ကြောင်း အဆိုပါ သတင်းမီဒီယာများတွင် တွေ့မြင်လိုက်ရသည်။

ယနေ့ကမ္ဘာကြီးတွင်လူသားတို့ အဆိုးရွားဆုံးရင်ဆိုင်နေရသည်မှာ အကြမ်းဖက်အဖျက်သမားတို့၏ တိုက်ခိုက်ခံနေရမှုဖြစ်သည်။ အကြမ်းဖက်အဖျက်သမားဆိုသည်မှာ ကမ္ဘာမြေပြင်တွင် မရှိသင့်သောလူသား စိတ်ကင်းမဲ့နေသူများဖြစ်သည်။ မည်သည့် အစိုးရအုပ်ချုပ်သည်ဖြစ်စေ တိုင်းပြည်ကို ထူထောင်ရာတွင် ပြည်သူတို့က ပေးအပ်သောအခွန်အခများလည်း ပါဝင်သည်ဖြစ်သော ကြောင့် အပြစ်မဲ့ပြည်သူတို့အား အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်နေခြင်း၊ နိုင်ငံဘဏ္ဍာဆုံးရှုံးနစ်နာစေရန် ပြည်သူပိုင် အဆောက် အအုံများ၊ လမ်းတံတားများ၊ ဓာတ်အားလိုင်းများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်းတို့မှာ  မလုပ်သင့် မလုပ်ထိုက် မလုပ်အပ် သော အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံပျက်စီးရေးအတွက် အကြမ်းဖက်အဖျက်သမားတို့ကို လက်ခံအားပေးနေသည့် နိုင်ငံများကို လေ့လာကြည့်ပါက အကြမ်းဖက် အဖျက်သမားတို့ကို အားပေးနေခြင်းမှာမြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့ ပျက်စီးရေးကို ဦးတည်ခြင်းသာဖြစ်သည်။  လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးဟုပြောဆိုနေကြသော်လည်း အကြမ်းဖက်လုပ်ရပ်များကို နောက်ကွယ်က ကြိုးကိုင်နေသည်မှာ အပြောနှင့် အလုပ်မညီကြောင်း ပြဆိုနေခြင်း ဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေအစစ်ဖြစ်ပြီး မြန်မာနိုင်ငံ မြန်မာလူမျိုးကောင်းကျိုးကိုသာ ရှေးရှုပြီး အပြန်အလှန်ကူညီမှုပြုလျက်ရှိသည်။ မြန်မာနှင့်ရုရှားနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက် တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မည့် သတင်းစကားသည် ပြည်သူများလိုလားသောဆန္ဒကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ အထောက်အကူပြုမည့် ဆောင်ရွက်ချက်ဖြစ်သည်။

နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့်အခြေအနေများကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။ စတင်ထမ်းဆောင်ခဲ့ရချိန်မှစ၍ ပြည်တွင်း စီးပွားရေးကို အားပေးဆောင်ရွက်ခြင်း ကြောင့် နိုင်ငံ့စီးပွားရေးမှာ ထိုက်သင့်သလောက် တိုးတက်လာနေပြီဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန် လိုအပ်သကဲ့သို့ ဥပဒေအရတည်ငြိမ်အေးချမ်းရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများကိုလည်း အမြဲမပြတ် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ အကြမ်းဖက်မှုဖြစ်စဉ်များ ပပျောက် လျော့နည်း စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ-ရုရှား တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြည်သူတစ်ရပ်လုံးက ကြိုဆိုလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။