အမေရိကန်က စစ်အေးကာလနောက်ပိုင်း ပထမဆုံးဗုံးကြဲလေယာဉ်ကို ထုတ်ဖော်ပြသ

ဝါရှင်တန်၊ စစ်လက်နက်ပစ္စည်း

အမေရိကန်က စစ်အေးကာလနောက်ပိုင်း ပထမဆုံးဗုံးကြဲလေယာဉ်ကို ထုတ်ဖော်ပြသ

အမေရိကန်နိုင်ငံရှိ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Northrop Grunman က အမေရိကန် လေတပ်၏ တာဝေးကိုယ်ပျောက် နျူကလီးယားဗုံးကြဲ လေယာဉ်အုပ်အသစ်အတွက် ပထမဆုံးဖြစ်သော ဗုံးကြဲလေယာဉ် အသစ်တစ်မျိုးကို  ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြသလိုက်ကြောင်းသိရသည်။

B-21 Raider အမည်ရှိအဆိုပါ ဗုံးကြဲလေယာဉ်သည် အမေရိကန်အတွက် စစ်အေးကာလနောက်ပိုင်းထုတ်လုပ်ဖြစ်သည့် ပထမဆုံး ဗုံးကြဲလေယာဉ်ဖြစ်သည်။

ထိုဗုံးကြဲလေယာဉ်၏တောင်ပံပုံစံက ၎င်း၏အရင်ဗုံးကြဲလေယာဉ်ဖြစ်သည့် B-2 ဗုံးကြဲလေယာဉ်၏ တောင်ပံပုံစံနှင့် အလားတူ ဖြစ်သည်။

၎င်း၏စွမ်းဆောင်ရည်များအနက်အချို့မှာ ကမ္ဘာပေါ်ရှိမည်သည့်နေရာသို့မဆို တာဝေးပျံသန်းနိုင်ခြင်း၊ ဝေဟင်တွင် ဆီဖြည့်နိုင်ခြင်း၊ သမားရိုးကျနှင့် နျူကလီးယား လက်နက်များကို တင်ဆောင်ပစ်ခတ်နိုင်ခြင်းတို့ဖြစ်သည်။

ဗုံးကြဲလေယာဉ်တစ်စင်း၏တန်ဖိုးမှာ ၂၀၁၀ ပြည့်နှစ် ငွေကြေးနှုန်းထားနှင့်တွက်ချက်ပါက အမေရိကန်ဒေါ်လာသန်း ၅၅၀ နှင့် ယနေ့ ခေတ် ငွေကြေးဖောင်းပွမှုနှုန်းထားနှင့် တွက်ချက်ပါက ဒေါ်လာသန်း ၇၅၀ ခန့်ရှိမည်ဟုခန့်မှန်းရသည်။

အမေရိကန်လေတပ်အနေဖြင့် အဆိုပါအမျိုးအစားဗုံးကြဲလေယာဉ်အသစ်ကို အစင်းရေ ၁၀၀ အထိဝယ်ယူကာ လက်ရှိ အသုံးပြု နေသော B-1 နှင့် B-2 ဗုံးကြဲလေယာဉ်များနေရာ၌ အစားထိုးသွားမည်ဖြစ်သည်။

ယခုဗုံးကြဲလေယာဉ်သည် ဆဋ္ဌမမျိုးဆက်ဖြစ်ပြီး အခြားသောလေယာဉ်များနှင့် အလွယ်တကူချိတ်ဆက်နိုင်ကာ အနာဂတ်တွင် ထုတ်လုပ်မည့် လက်နက်စနစ်များကိုလည်း အလွယ်တကူတပ်ဆင်နိုင်မည်ဖြစ်ကြောင်း Northrop Grunman ကုမ္ပဏီက ပြောထား သည်။

B-21 ဗုံးကြဲလေယာဉ်၏ မျက်နှာပြင်ကို တာရှည်ခံသော၊ ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိသော ကုန်ကြမ်းပစ္စည်းနှင့် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် ပြုပြင်ထိန်းသိမ်းမှု အနည်းငယ်သာလိုအပ်ကာ ရေရှည်တွင်ပြုပြင်ထိန်းသိမ်းမှုအတွက် ကုန်ကျစရိတ်ကို လျော့နည်း စေမည်ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၂၃ ခုနှစ်အလယ်ပိုင်းတွင် ပထမဆုံးပျံသန်းမှုလုပ်သွားမည့် အဆိုပါလေယာဉ်များအနက် ခြောက်စင်းမှာ  ယခုအခါ အမျိုးမျိုးသော  တပ်ဆင်မှုအဆင့်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ယခုစီမံကိန်းအတွက် လုပ်သားအင်အား ၈၀၀၀ ကျော်ပါဝင် ဆောင်ရွက်နေ ကြောင်း သိရသည်။                     

Ref: TST