အမေရိကန်အနေဖြင့် နိုင်ထက်စီးနင်းပြုသောသံတမန်ရေးကို စွန့်လွှတ်ရန် တရုတ်တောင်းဆို

ပေကျင်း၊ သံတမန်ရေး

အမေရိကန်အနေဖြင့် နိုင်ထက်စီးနင်းပြုသောသံတမန်ရေးကို စွန့်လွှတ်ရန် တရုတ်တောင်းဆို

အမေရိကန်နိုင်ငံအနေဖြင့် နိုင်ထက်စီးနင်းပြုသော သံတမန်ရေးကိုစွန့်လွှတ်ရန် တရုတ်အစိုးရက တောင်းဆိုလိုက်ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် ရန်လိုသောနိုင်ငံခြားရေးမူဝါဒကို ချမှတ်ကိုင်စွဲထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထောက်ပြထားသည်။

တရုတ်နိုင်ငံသည် စည်းမျဉ်းစည်းကမ်းများကို အခြေခံသည့် နိုင်ငံတကာ အခင်းအကျင်းကိုခြိမ်းခြောက်နေကြောင်း အမေရိကန် ထိပ်တန်း တာဝန်ရှိသူတစ်ဦးကပြောပြီးနောက် တရုတ်အစိုးရ၏ တောင်းဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် NATO အုပ်စုနှင့် ယင်းနှင့်ဆက်စပ်နေသော နယ်ပယ်များအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ ပြောဆိုမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီ ကျန်းက ယခုကဲ့သို့တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်၏ ပြောဆိုမှုများသည် အချက်အလက်အပေါ် အခြေခံခြင်းမရှိကြောင်း၊ စစ်အေးခေတ်သဘောထားကို ထင်ဟပ်စေခြင်း ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသာလျှင် နိုင်ထက်စီးနင်းပြုသော သံတမန်ရေးကျင့်သုံးမှု၏ မူလအစနှင့် ထိုသို့ကျင့်သုံးမှုကို ကျွမ်းကျင်သူ ဖြစ်ကြောင်း ကျောင်းလီကျန်းက ပြောသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀ နီးပါးကို ပြန်ကြည့်မည်ဆိုပါက အမေရိကန်အနေဖြင့် စစ်ပွဲမဆင်နွှဲသည့်ကာလမှာ ၁၆ နှစ်မျှသာ ရှိကြောင်းနှင့် ပြည်ပစစ်အခြေစိုက်စခန်းပေါင်း ၈၀၀ ကျော်ကို ဖွင့်လှစ်ထားကြောင်း ကျောင်းလီကျန်းကပြောဆိုကာ  တုံ့ပြန်ထား သည်ဟုသိရသည်။                       

Ref: RT