ရိုးသားပါ ကြိုးစားပါ မြင့်မားအောင်စွမ်းဆောင်ပါ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်)

ရိုးသားပါ ကြိုးစားပါ မြင့်မားအောင်စွမ်းဆောင်ပါ

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတမည်မျှပင်ပေါ ကြွယ်ဝစေကာမူ လူသားအရင်းအမြစ်ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပါ။ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံရှိ လူသားအရင်းအမြစ် ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ် လူငယ်များကို ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။

မြန်မာနိုင်ငံတွင်လည်း လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးလျက်ရှိသည်။ ယနေ့လူငယ်များ သည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ်ကြသည်။ မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင် တော်နေ၊ တတ်နေ၊ သိနေဖို့လိုပေသည်။ လူငယ်များ ကိုယ်တိုင်ကြိုးစားရမည်ဖြစ်သလို လူကြီးများကလည်း ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်သည်။ ပညာဆိုသည်မှာ ဘောင်အကန့်အသတ်မရှိ၊ နက်ရှိုင်းကျယ်ပြန့်လှသည်။ မိမိ၏ ကာယ၊ ဉာဏစွမ်းအားအပေါ်မူတည်ပြီး ထူးချွန်ထက်မြက်မည်သာဖြစ်သည်။ ပညာတတ်ချင်းတူလျှင်သော်မှ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေသူက အမြဲသာလွန်နေ ပေလိမ့်မည်။

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင် သကဲ့သို့ အတတ်ပညာတစ်ခုတည်းနှင့်လည်း တည်ဆောက်၍မရနိုင်ပေ။ အသိပညာနှင့် အတတ်ပညာနှစ်မျိုးပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ် ကျွမ်းကျင် တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ပေမည်။ အသိပညာကို အခြေခံပြီး လက်တွေ့နယ်ပယ်တွင် အတတ်ပညာရှင်အဖြစ် အများအကျိုးကို ဖော်ဆောင်ပေးနိုင်အောင် ယနေ့လူငယ်တိုင်း ကြိုးစား သင့်လှပေသည်။

ယနေ့လူငယ်အချို့သည် အတုမြင်လျှင် အတတ်သင်တတ်ကြသည်။ အရာရာကို စူးစမ်းလိုကြသည်။ ကောင်းသောနေရာတွင် အတုယူသည်မှာ ကောင်းသည့်ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်းလျှင်ကား မကောင်းသောကိစ္စဖြစ်လာမည်။ မကောင်း သည့်အရာ အရက်ကလေးတစ်ခွက်လောက်၊ မူးယစ်ဆေးဝါး လေးတစ်ပြားလောက် စူးစမ်းမိလျှင်ကား မိမိဘဝ၏တိုးတက်မှုကို ဖျက်ဆီးနင်းခြေပစ်လိုက်သည်နှင့် တူပေသည်။ အတုယူလွဲမှားခြင်း မရှိအောင် ပြုမူနေထိုင်သင့်လှပေသည်။ အပေါင်းကြောင့် ဂုဏ်ပျက်၊ အပေါင်းကြောင့် ဂုဏ်တက်ဆိုစကားကဲ့သို့ မိမိဂုဏ်တက်စေမည့် အပေါင်းအသင်းမျိုးကိုသာ ပေါင်းသင်းသင့်ပေသည်။

ယနေ့ခေတ်သည် နည်းပညာအမျိုးမျိုး၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် ပညာရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အတုယူ လွဲမှားစေသောအရာများ တွေ့မြင်နေကြရသည်။ ယနေ့လူငယ်များ ဆောင်ရွက်သမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကြီးပွားရေး အတွက်သာဖြစ်သင့်သည်။ လူငယ်တိုင်း စိတ်ဓာတ်ခိုင်မာရမည်။ မိမိနိုင်ငံ၏ ကြီးမားသည့်ယဉ်ကျေးမှု အမွေအနှစ်များ၊ သမိုင်း ကြောင်းများကိုလည်း ထဲထဲဝင်ဝင်လေ့လာ သိရှိထားသင့်သည်။ အမျိုးဘာသာ၊ သာသနာ၊ မျိုးချစ်စိတ်ဓာတ်ဟု ဆိုလိုက်သည်နှင့် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ ကွက်ကွက်ကလေးကိုသာမမြင်ဘဲ အမှန်စင်စစ် အမျိုးဘာသာ သာသနာမျိုးချစ်စိတ်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံ တိုင်းတွင်ရှိနေသော စိတ်ဓာတ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် မျိုးချစ်စိတ်ဓာတ်နှင့် ၎င်းတို့ကိုးကွယ်သော သာသနာကိုဦးစားမပေးသော နိုင်ငံနှင့်လူမျိုးဟူ၍ တစ်နိုင်ငံမျှမရှိသေးပါ။ ရှိလိမ့်မည်လည်းမဟုတ်ပါ။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်တိုင်း တိုင်းပြည်နှင့် လူမျိုးကို ချစ်တတ်သောစိတ်၊ မိမိတို့ကိုးကွယ်သော ဘာသာတရားကို မြတ်နိုးတန်ဖိုးထားသော စိတ်များရှိနေရန် လိုအပ်ပေသည်။

နိုင်ငံတော်တစ်ရပ် စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခြင်း ဖြစ်သည်။ အနာဂတ်တွင် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာကြမည့် လူငယ်အပေါင်းတို့သည် မိမိတို့အတွက် အသိပညာ၊ အတတ် ပညာများတိုးတက်သည်ထက် တိုးတက်အောင် ရှာဖွေဖြည့်ဆည်း နေကြရမည်ဖြစ်သကဲ့သို့ တိုင်းပြည်နှင့် လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာသာသနာကို တန်ဖိုးထားသော စိတ်ဓာတ်များကိုလည်း မွေးမြူရမည်ဖြစ်သည်။ သူများထက်ပိုတော်စေချင်လျှင် သူများထက် ပိုကြိုးစားရပေလိမ့်မည်။ လူငယ်မှန်သမျှသည် အနာဂတ်ကာလတွင် လူရွယ်များအဖြစ်၊ ထိုမှတစ်ဆင့် လူကြီးများအဖြစ် နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။

ယနေ့လူငယ်မောင်မယ်များ တက်ရောက်သင်ကြားခဲ့သော တက္ကသိုလ်ဆိုသည်မှာ ကျွမ်းကျင်မှုအလိုက် အသိအမှတ်ပြု လက်မှတ် ပေးသည်။ ထိုလက်မှတ်နှင့် ကိုက်ညီသော အလုပ်ကိုလုပ်နိုင်မည့် သက်မွေးပညာရေးမျိုးထက်ပိုသော နိုင်ငံတော်အနာဂတ် ဖွံ့ဖြိုး တိုးတက်မှုကို ဦးဆောင်နိုင်မည့် ယှဉ်ပြိုင်နိုင်စွမ်းရည်ပြည့်ဝသော နိုင်ငံသားကောင်း (Good Citizen) များအဖြစ် တွေးခေါ် မြော်မြင်မှုများကို လေ့ကျင့်ပျိုးထောင်ပေးရာနေရာသာဖြစ်သည်။ ဆိုလိုသည်မှာ လူငယ်မောင်မယ်တို့အတွက် သင်ယူ တတ်မြောက် စရာ၊ သင်၍မကုန်နိုင်သော ပညာရပ်များ ရှိနေသေးကြောင်းသိရှိကာ ရိုးသား၊ ကြိုးစား၊ မြင့်မားအောင် စွမ်းဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။