မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲသို့ တက်ရောက်အားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲသို့ တက်ရောက်အားပေး

နေပြည်တော်  ဒီဇင်ဘာ  ၄

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများ (ပြည်နယ်အဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းခန်းမဆောင်၌     ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်က  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးပြီး  ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်း ရတနာ၊ သမီးကောင်း ရတနာလေးများဖြစ်လာစေရန် ကြိုးစား အားထုတ်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးက  အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍  ရှင်းလင်း တင်ပြပြီး  ကျောင်းသား၊ ကျောင်းသူများ၏ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို   ကြည့်ရှု အားပေးကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြဆည်းဆာပရိယတ္တိ စာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ ဂေဟာအတွင်း ဆောက်လုပ် လှူဒါန်းပြီးစီးခဲ့သည့် ထွန်းသမဏသုခ ကျောင်းဆောင် အမှတ်(၁)နှင့် အမှတ်(၂)၊ အဘွားဆောင်၊ ဝန်ထမ်းဆောင်၊ အုတ်တံတိုင်းခြံစည်းရိုးနှင့် မုခ်ဦးတို့အား ဆောက်လုပ် လှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော  ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်း (ငရုတ်သီးမှုန့်လုပ်ငန်း) မိသားစုမှ စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း ၁၁၄၀၀ ကျော်ဖြင့် ဆောက်လုပ် လှူဒါန်းပြီးစီးခဲ့သည့် ကျောင်းဆောင်သစ်များ အပါအဝင် အခြားလှူဒါန်း မှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညိုပြီး ရေစက်သွန်းချအမျှပေး ဝေကာ ဆရာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။