တိုင်းပြည်အတွက် ခေတ်အဆက်ဆက်မှ အသက်စွန့်လှူသွားကြသော သူရဲကောင်းစစ်သည်များအား နဝမအကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားတက်ရောက်လာကြသူများ၏ စကားသံများ

တိုင်းပြည်အတွက် ခေတ်အဆက်ဆက်မှ အသက်စွန့်လှူသွားကြသော သူရဲကောင်းစစ်သည်များအား နဝမအကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားတက်ရောက်လာကြသူများ၏ စကားသံများ

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား နဝမအကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားအား ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်ရှိ သူရဲကောင်းဗိမာန်၌ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါသည်-

ဦးအောင်မင်းကျော်သူ

ကျွန်တော်ကတော့ YMBA အသင်းကြီး၏ ဗဟိုဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကျော်သူဖြစ်ပါတယ်။ ဒီနေ့တက်ရောက်ရတဲ့ အခမ်းအနား ကတော့ ဂုဏ်ပြုထိုက်တဲ့သူကို ဂုဏ်ပြုရတယ်ဆိုသည့် မင်္ဂလာတရားတော်နဲ့အညီ နိုင်ငံတော်၏အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်သွားသည့် အချုပ် အခြာအာဏာကို မပျောက်ပျက်အောင် ကာကွယ်သွားတဲ့ တပ်မတော်သားတွေ၊ ကျဆုံးသွားတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့ပွဲဖြစ်ပါတယ်။ ဒီလိုဂုဏ်ပြုအခမ်းအနားကို တက်ရောက်ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရသလို ဝမ်းနည်းခြင်း ဆိုသည့် စိတ်ခံစားမှုကိုလည်း ခံစားခဲ့ရပါတယ်။ ဝမ်းသာပီတိ ဖြစ်တယ်ဆိုတာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို   လူထဲကလူတစ်ယောက်ဖြစ်ပေမယ့် လူချင်းမတူတဲ့ မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံပြီး နိုင်ငံတော်ကိုအသက်ပေးပြီးချစ်ပြသွားတဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူခြင်းဖြစ်ပါတယ်။ ဝမ်းနည်းတာကတော့ လူသားအချင်းချင်းဖြစ်တဲ့အတွက် ကိုယ်လည်းအသက်နဲ့ တပ်မတော်သားတွေလည်းအသက်နဲ့၊  တပ်မတော်သားမိသားစုဝင်တွေလည်းအသက်နဲ့၊ အသက်နဲ့အတူတူ မိမိကိုယ်ကိုအားလုံးက ချစ်ကြတာဖြစ်ပါတယ်။ မိမိအသက်ကို ဘာနဲ့မှမလဲနိုင်ကြပါဘူး။ သို့သော် နိုင်ငံတော်အတွက်၊  ပြည်သူ့အတွက်  အသက်နဲ့လဲသွားတဲ့အတွက် အသက်ပေးပြီးကာကွယ်သွားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ဝမ်းနည်းခြင်းကို ခံစားရပါ တယ်။ အဓိက မျိုးချစ်စိတ်ကိုအရင်းခံပြီး  နိုင်ငံတော်နှင့်  နိုင်ငံသားတို့အတွက် အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်ပေး သွားခြင်းဖြစ်ပါတယ်။ တို့မြန်မာနိုင်ငံမှာ ကြေးစားတပ်မတော်ဆိုတာမရှိဘူး။ တို့မြန်မာနိုင်ငံမှာ မျိုးချစ်စိတ်ကိုအရင်းခံပြီး တည်ထောင်ထားတဲ့ မျိုးချစ်တပ်မတော်ပဲ ရှိတယ်။ အဲဒီအတွက် မျိုးချစ်တပ်မတော်ကြီးကို ကျွန်တော်တို့ YMBA အသင်းကြီးက အမျိုးဘာသာ၊ သာသနာပညာနဲ့ မြန်မာပြည် လွတ်လပ်ရေးရှေ့ဆောင်၊ အမျိုးသားရေး ရှေ့ဆောင်ဖြစ်တယ်။ အမျိုးသားရေး ရှေ့ဆောင်၊ လွတ်လပ်ရေး ရှေ့ဆောင်အသင်းကြီးက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ပြီးသည့် အချိန်မှစပြီး ယနေ့ အချိန်ထိ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခဲ့တဲ့ တပ်မတော်သား သူရဲကောင်းများကို YMBA အသင်းကြီး၏ကိုယ်စား  တက်ရောက်ခွင့်ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရပါတယ်။

ဒေါက်တာနိုင်ဆွေဦး

ကျွန်တော်ကတော့ ဒေါက်တာနိုင်ဆွေဦးဖြစ်ပါတယ်။  ယနေ့ကျင်းပတဲ့  အခမ်းအနားကတော့  ခေတ်အဆက်ဆက်က တိုင်းပြည် အတွက် အသက်စွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်းစစ်သည်များအား နဝမအကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားဖြစ်ပါတယ်။ ကျွန်တော်တာဝန်ယူရတဲ့အပိုင်းကတော့ အခမ်းအနားမှူးအဖြစ် တာဝန်ယူ ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်   တိုင်းပြည်အတွက်အသက်စွန့်လွှတ်ခဲ့ကြတဲ့   သူရဲကောင်းစစ်သည်တွေဆိုတာ သမိုင်းစဉ် တစ်လျှောက်ရှိခဲ့တာဖြစ်ပါတယ်။ အောက်မေ့သတိရခြင်းများဖြင့် ကျွန်တော်တို့တွေ သက်ရှိထင်ရှားပုဂ္ဂိုလ်တွေက ဂုဏ်ပြုပေးခြင်း ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကိုးကြိမ်မြောက်ဖြစ်ပါတယ်။ ယခင်  ခုနစ်ကြိမ်မြောက်အထိကတော့ ရန်ကုန်မြို့မှာရှိတဲ့  သူရဲကောင်း စစ်သည်ဗိမာန်မှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၂ ခုနှစ်ကတော့ ကိုးကြိမ်မြောက် ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံတော်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းတဲ့ကာလတွေ၊ ခေတ်အဆက်ဆက် ပြည်တွင်း သောင်းကျန်းမှု ကာလတွေမှာရော တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတာ အများကြီးရှိပါတယ်။ ဘွဲ့ထူး၊ ဂုဏ်ထူး၊ နာမည်ကျော်ကြားတဲ့ သူတွေလည်းရှိသလို ဘယ်သူမှမသိဘဲ ကွယ်လွန်သွားခဲ့တဲ့ ကျဆုံးသွားတဲ့ စစ်သည်တွေလည်း  အများကြီး ရှိခဲ့ပါတယ်။ သူတို့ကို လွမ်းဆွတ်တမ်းတ အောက်မေ့ခြင်းအားဖြင့် တပ်မတော်သားဟောင်းများ၊  လက်ရှိတာဝန် ထမ်းဆောင် နေသူများ၊ တပ်မတော်ကို ချစ်ခင်မြတ်နိုးသူများက အမြဲတမ်းသတိရ အောက်မေ့နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က တိုင်းပြည် အတွက် ခေတ်အဆက်ဆက်မှ အသက်စွန့်လှူသွားကြသော  သူရဲကောင်းများအား နှစ်စဉ်ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း ဒီလိုပွဲမျိုးကို နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့လည်း စုစုစည်းစည်းဒီမှာပဲ လုပ်ဖို့ရည်ရွယ်ထားပါတယ်။

ဦးမောင်မောင်အောင်

ကျွန်တော့်နာမည်ကတော့ ဦးမောင်မောင် အောင်ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှ ကျဆုံးသွားသည့် သူရဲကောင်းစစ်သည်များအား အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲ နှင့်အလေးပြုခြင်း အခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌဖြစ်ပါတယ်။ ဒီပွဲကိုကျင်းပခဲ့တာ ဆိုရင် ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခုနှစ်ဆို ကိုးကြိမ်မြောက် ကျင်းပခဲ့တာဖြစ်ပါတယ်။  ၂၀၁၄ ခုနှစ် ကနေ ၂၀၁၉  ခုနှစ်ထိ  ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီးတော့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ နေပြည်တော်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ခုနစ်ကြိမ်၊ နေပြည်တော်မှာ နှစ်ကြိမ် စုစုပေါင်းကိုးကြိမ်ဖြစ်ပါတယ်။ တိုင်းပြည်လွတ်လပ်ရေး မရခင်ကတည်းက တက်လာမည့် အစိုးရကို တော်လှန်ဖို့ သောင်းကျန်းသူအဖွဲ့အစည်းက ပေါ်ပေါက်နေပြီးသားဖြစ်တဲ့အတွက် တပ်မတော်ရဲ့ အခန်းကဏ္ဍ ဘယ် လောက်အရေးကြီးသလဲဆိုတာ အသေးစိတ်တင်ပြဖို့တောင် မလိုပါဘူး။ ဒါ့ကြောင့် တပ်မတော်ဟာ ပြည်ထောင်စုမပြိုကွဲရေး အတွက် ထိပ်ဆုံးကနေပြီး ကာကွယ်ရမည့် အဖွဲ့အစည်းဖြစ်ပါတယ်။ ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် ခေတ်အဆက်ဆက် ကျဆုံးသွားသည့် တိုင်းပြည်တာဝန် ထမ်းဆောင်သွားကြသည့် သူရဲကောင်းစစ်သည်များကို ရင်ထဲကနေ ထာဝရ အသိအမှတ်ပြု နေမယ်။  ဒီလိုဂုဏ်ပြုပွဲတွေကိုလည်း နှစ်စဉ်ကျင်းပပေးပြီး  ကျွန်တော်တို့ရဲ့ညီအစ်ကိုများကိုလည်း လက်ဆင့်ကမ်းအမွေပေးပြီးတော့ ဒီပွဲကို နှစ်စဉ်နှစ်တိုင်း စီစဉ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

မသန်းသန်းအေး

ကျွန်မနာမည်ကတော့ မသန်းသန်းအေး ဖြစ်ပါတယ်။ ပျဉ်းမနားမြို့ တောင်သာ ရပ်ကွက်က  လာရောက်ခြင်းဖြစ်ပါတယ်။ ယခုလို အခမ်းအနားကို နှစ်စဉ်နှစ်စဉ်တိုင်း ပြုလုပ်ပေးနိုင်လျှင်ပိုပြီးတော့ ကောင်းပါတယ်။ နောင်နှစ်များမှာလည်း  တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ သူရဲကောင်းများအား လာရောက်ဂါရဝပြုချင်ပါသေးတယ်။    ။

ဖိုးနိုင်