ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူစီးနင်း အသုံးပြုလျက်ရှိသည့် YBS  ခရီးသည်တင် ယာဉ်များပေါ်၌ အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူစီးနင်း အသုံးပြုလျက်ရှိသည့် YBS  ခရီးသည်တင် ယာဉ်များပေါ်၌ အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၆

          ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် ခရီးသွားပြည်သူများ သွားလာလှုပ်ရှား ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် တာဝန်ရှိသူများမှ YBS ခရီးသည်တင်ယာဉ်များအား မြို့နယ်အနှံ့ ပြေးဆွဲပေးလျက်ရှိ သကဲ့သို့ မသမာသူလူအုပ်စုများ အနေဖြင့်လည်း အဆိုပါ YBS ခရီးသည် တင်ယာဉ်များအား စီးနင်းအသုံးပြုသည့် ခရီးသွားပြည်သူများအား လူအုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် ဒုစရိုက်ကျူးလွန်မှုများအား သတင်းဖော်ထုတ်ခြင်း၊ စောင့်ကြည့် စုံစမ်းဖမ်းဆီးခြင်း များအား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ နေ့ ညမပြတ် သတင်းဖော်ထုတ်၊ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ရာ YBS ယာဉ်များ ပေါ်၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများသည် ပြစ်မှုကျူးလွန်ပြီးနောက် YGN 3H-4879 နံပါတ်တပ်ဆင် ထားသည့် TOYOTA Probox အဖြူရောင်အငှားယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့က ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ပြည်လမ်းနှင့် ခရေပင်လမ်းဆုံ မီးပွိုင့်၊ ခရေပင်လမ်းနှင့် ဒညင်းကုန်းလမ်းဆုံမီးပွိုင့်တို့တွင် အဖွဲ့ငယ်များခွဲကာ သတင်းအရ စောင့်ဆိုင်းလျက်ရှိစဉ် နံနက် ၈ နာရီခွဲအချိန်တွင် အဆိုပါယာဉ်အား ပြည်လမ်းနှင့် ခရေပင်လမ်းဆုံမီးပွိုင့်၌ တွေ့ရှိစစ်ဆေးရာ ယာဉ်ပေါ်မှ ယာဉ်မောင်းနှင်သူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၆၄)နေ ဘိုဘိုပြည့်(ခ) ကိုပြည့် (၃၂)နှစ် (ဘ)ဦးမြင့်ဦးနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ ပဒုမ္မာလမ်းနေသူများဖြစ်သည့် ကိုကိုအောင်(ခ) ကိုအောင် (၃၂)နှစ် (ဘ) ဦးအောင်ညွန့်၊ စိုးပိုင်(ခ) ဗိုက်ပူ (၂၅)နှစ်၊ (ဘ)ဦးစစ်ငြိမ်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ မိုင်းပွန် စော်ဘွားလမ်းနေ ခိုင်မင်းဦး(ခ) ဖိုးသား (၂၁)နှစ် (ဘ) ဦးစိန်မြ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ထောင်ကျော်ရပ်ကွက်၊ ရွှေစံပါယ်လမ်းနေ ပြည်ဖြိုးကို(ခ) ကုလား (၂၈)နှစ် (ဘ)ဦးမောင်ကို၊ ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်၊ ပန်းခြံ (၂၆)၊ အောင်ချမ်းသာလမ်းနေ ညီညီ (၄၂)နှစ်တို့ ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

          တွေ့ရှိဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ ၎င်းတို့ ခါးပိုက်နှိုက်မှုများ ကျူးလွန်ခဲ့ရာမှ ရရှိခဲ့သည့် အလေးချိန်တစ်ပဲ ၄ ရွေးခန့်ရှိ မောင်းကွင်းပုံ ရွေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ၈ လုံးနှင့် ငွေက္ကူရောရာ ၈၀၀၀၀ ကျပ်တို့အား ထမ်မံသိမ်းဆည်းရရှိခဲ့သည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့ ၆ ဦးသည် ကိုကိုအောင်(ခ) ကိုအောင်  ၏ ဦးဆောင်မှုဖြင့် YBS ယာဉ်များပေါ်သို့ တက်ကာ ခရီးသွားပြည်သူများထံမှ ငွေ၊ လက်ကိုင်ဖုန်းနှင့် တန်ဖိုးရှိပစ္စည်းများအား ခါးပိုက်နှိုက်မှုများ ကျူးလွန်ခဲ့ကြကြောင်း၊ ထိုသို့ကျူးလွန်ရာတွင် ညီညီ၊ ခိုင်မင်းဦး(ခ) ဖိုးသားနှင့် ပြည်ဖြိုးကို(ခ) ကုလားတို့မှ လူကာပေးပြီး ကိုကိုအောင်(ခ) ကိုအောင်နှင့် စိုးပိုင် (ခ)ဗိုက်ပူတို့က ခါးပိုက်နှိုက်ယူကာ ဘိုဘိုပြည့်(ခ) ကိုပြည့် မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူတရားခံ (၆) ဦးနှင့် ကျူးလွန်ရာမှ ရရှိသည့် အလေးချိန် တစ်ပဲ ၄ ရွေးခန့်ရှိ မောင်းကွင်းပုံရွေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ၈ လုံးနှင့် ငွေက္ကူရောရာ ၈၀၀၀၀ ကျပ်၊ ၎င်းတို့စီးနင်းအသုံးပြုခဲ့သည့် YGN 3H-4879 TOYOTA Probox တစ်စီးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ်နိုင်ရေး ဆောင်ရွက်ခဲ့မှုများကြောင့် ဖော်ထုတ်ဖမ်းဆီးရမိသည့် ခါးပိုက်နှိုက်မှုများ ပူးပေါင်းကျူးလွန်သူ တရားခံ ၆ ဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများတားဆီးဖော်ထုတ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ဒုစရိုက်သမားများ၏ သတင်းများရရှိပါက နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။