မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုတိုးတက်မြင့်မားရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်)

မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုတိုးတက်မြင့်မားရေး

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ဒီဇင်ဘာ ၈ ရက်တွင်ကျင်းပပြီး မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-2)၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကို ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး နိုင်ငံတော်အဆင့် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအခါ (၂၁)ကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ တိုင်းရင်းဆေးသမားတော်ကြီးများ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်မှုတို့ကြောင့် နှစ်စဉ် ကျင်းပနိုင်ခြင်းဖြစ်သည်။ အဆိုပါ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် မြန်မာ့ တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးဆရာတို့၏ အရည်အချင်းနှင့်ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်မှု နည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်း ပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်သည်။

ထို့အတူ  မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေး ပညာရှင်များ ဖြစ်လာစေရေး လေ့ကျင့်ပေးရန်၊ အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့်  အစွမ်းထက် တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ကျေးလက်ဒေသအထိ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံတိုင်းရင်းဆေးဆရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသော ကိုဗစ်-၁၉ ရောဂါကို တိုင်းရင်းဆေးများဖြင့် ကာကွယ်ကုသနိုင်ရန် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ကိုဗစ်-၁၉ ရောဂါအပါအဝင် ၎င်းနှင့်အလားတူ ရာသီတုပ်ကွေးရောဂါများအား ကုသနိုင်ရေး တိုင်းရင်းဆေးကို အခြေခံကာ တီထွင်ထုတ်လုပ်လျက်ရှိသည်။ “ဝိသမ” အဖျားပျောက်ဆေးဟုအမည်သတ်မှတ်ထားပြီး လူနာများတွင် အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရန် သုတေသနအဆင့်ဆင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါစမ်းသပ်မှု နောက်ဆုံးအဆင့် ပြီးစီးအောင်မြင် နေပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့တိုင်းရင်းဆေးသမားတော်များသည်  ခေတ်အဆက်ဆက် တိုင်းရင်းဆေးဝါးများကို အသုံးပြု၍ ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြသည်။ ရှေးကနန်းတွင်း သမားတော်ကြီးအပါအဝင် သမားတော်ကြီးများ အစဉ်အဆက်ထိန်းသိမ်းကာ လက်ဆင့် ကမ်းပေးခဲ့သော  မြန်မာ့တိုင်းရင်းဆေးများကို မျိုးဆက်သစ်အဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ မြန်မာတို့၏ ရိုးရာအမွေဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ရန် ယခုကဲ့သို့ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို စီစဉ်လုပ်ဆောင်ခြင်း ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးဟူသော ဝေါဟာရအတိုင်း မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအသီးသီးတွင် တိုင်းရင်းသားရိုးရာ ဆေးပညာရပ်များ ရှိကြသည်။ ရိုးရာဆေးဝါးများနှင့်အတူ ရိုးရာဓလေ့ကုထုံးများမှာလည်း ဆေးစွမ်းထက်လှ သည်။ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် တစ်တပ်တစ်အား ပူးပေါင်းစောင့်ရှောက်လျက်ရှိသည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာတိုင်းရင်းဆေးပညာ အစဉ်အလာနှင့် ဆေးဝါးများကို စာပေအထောက်အထားများအရ လေ့လာပြုစု မှတ်တမ်းတင်ထားကြောင်းလည်း သိရှိရသည်။

တိုင်းရင်းသား ဒေသအသီးသီးတွင် အောင်မြင်လျက်ရှိသော လူမျိုးစုဆိုင်ရာ ဆေးနည်း၊ ကုထုံး၊ ကုကွက်များကို အသိအမှတ်ပြု၊ သုတေသနပြုရှာဖွေ ဖော်ထုတ်ခြင်းဖြင့် အစွမ်းထက်မြက်သော အထောက်အထားအခြေပြု ကုထုံးအသစ်များ ရရှိလာမည်ဖြစ်သည်။ ထိုဆေးနည်းများ၊ ကုထုံးများကို ရှာဖွေဖော်ထုတ်ခြင်း၊ မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်များအား လက်ဆင့်ကမ်းခြင်း၊ စနစ်တကျ သုတေသနပြုလုပ်ခြင်းဖြင့် တိမ်မြုပ်ပျောက်ကွယ်နေသော အဖိုးတန်ကုထုံး၊ ကုကွက်များ ပြန်လည်အသက်ဝင်လာကာ ပြည်သူ လူထုကောင်းကျိုးကို ပိုမိုဆောင်ရွက်နိုင်ပေမည်။ ပေါ်ပေါက်လာတတ်သော ရောဂါအသစ်အဆန်းများကိုလည်း ရိုးရာတိုင်းရင်းဆေး ကုထုံးနည်းစနစ်များမှ ထုတ်နုတ်သုတေသနပြုကာ ရောဂါကို ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ဆောင်ရွက်ကာ မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုတိုး တက်မြင့်မားရေးကို အလေးထားလျက်ရှိပါသည်။ ယခုအခါ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုတိုးတက်မြင့်မားပါစေကြောင်း ရေးသား လိုက်ရပေသည်။  ။