ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနက ဦးစီးကျင်းပသော မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်း

 “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနဲ့ ကမ္ဘာ့ကပ်ရောဂါ ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်ဖို့အတွက် (ဝိသမအဖျားပျောက်ဆေး)ကို တိုင်းရင်းဆေးဝါးစက်ရုံက ရှေ့လုပ်ငန်းစဉ် များမှာ စီစဉ်ဆောင်ရွက်ကြိုးစားအားထုတ်နေပါတယ်”

ဦးသန်းထွန်းအောင်

ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနက ဦးစီးကျင်းပသော မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပရာ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်-

ဒေါက်တာသိန်းဇော်လင်း (ပါမောက္ခချုပ်၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်)

ကျွန်တော်ကတော့ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံမှာ မန္တလေးတိုင်းရင်း ဆေးတက္ကသိုလ်မှ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခြင်းဖြစ်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးသမားတော်များ ပေါ်ပေါက်စေဖို့ မြန်မာနိုင်ငံမှာ တစ်ခုတည်းရှိတဲ့ မန္တလေးတိုင်းရင်း ဆေးတက္ကသိုလ်မှ မွေးထုတ်ပေးပါတယ်။ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်းကို ၉.၁.၂၀၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တိုင်းရင်းဆေးတက္ကသိုလ် အဆောက်အအုံကြီးကို ၂၆.၁၂.၂၀၀၄ ခုနှစ်မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တိုင်းရင်းဆေးတက္ကသိုလ်ရဲ့ မျှော်မှန်းချက်က “တိုင်းရင်းဆေးပညာသင်ကြားမှု ဗဟိုဌာန အဖြစ် အမျိုးသားအဆင့်မှ နိုင်ငံတကာအဆင့်အထိ ဦးဆောင်လျက် ဆောင်ရွက်နိုင်ရန်” ဖြစ်ပါတယ်။ တိုင်းရင်းဆေးတက္ကသိုလ်က ပထမနှစ်မှစတုတ္ထနှစ်အထိ စာတွေ့လက်တွေ့များကိုလည်း သင်ကြားပေးပါတယ်။ နောက်တစ်နှစ်မှာ ဆေးရုံမှာ အလုပ်သင်အဖြစ် သင်ကြားပြီး စုစုပေါင်းငါးနှစ် အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးသမားတော်အဖြစ် မွေးထုတ်ပေးပါတယ်။ တိုင်းရင်း ဆေးတက္ကသိုလ်မှာ ပြည်တွင်းက ဆေးပညာရပ်များနဲ့ အနောက်တိုင်းဆေးပညာဘာသာရပ်များ၊ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကိုလည်း စာတွေ့လက်တွေ့သင်ကြားပေးပါတယ်။

တိုင်းရင်းဆေးတက္ကသိုလ်သည် “၂၁ ရာစုနှင့်လိုက်လျောညီထွေစွာ တွေးခေါ်ကြံဆတတ်ပြီး ကိုယ်ရည်ကိုယ်သွေးနှင့် ပညာရပ်ဆိုင်ရာ  အဆင့်အတန်းမြင့်မားသော တိုင်းရင်းဆေးပညာရှင်များ လေ့ကျင့်မွေးထုတ်ရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အရည်အသွေး ပြည့်ဝသော ဆေးပညာရှင်များကိုလည်း ပေါ်ထွက်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အခုလိုမျိုးအခမ်းအနားများကို နိုင်ငံတော်အစိုးရက ကျင်းပပေးတဲ့အတွက် တိုင်းရင်းဆေးဆရာ တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။ တိုင်းရင်းဆေးဆရာများနဲ့ တွေ့ဆုံကြပြီး အချင်းချင်း ဆေးပညာဗဟုသုတ အတွေ့အကြုံတွေကိုလည်း မျှဝေဖြစ်ကြပါတယ်။ ဒီလိုအခမ်းအနားကို ပြုလုပ်ခြင်း ဖြင့် မျိုးဆက်သစ်လူငယ်များလည်း  တိုင်းရင်းဆေးပညာကို ပိုမိုစိတ်ဝင်စားလာမယ်လို့ ယုံကြည်ပါတယ်။  နိုင်ငံတော်ရဲ့ အမျိုးသား ကျန်းမာရေးစီမံချက်များထဲမှာ ပြည်သူများအတွက် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပါဝင်ဆောင်ရွက်နိုင်အောင်ကြိုးစားကြပါလို့  တိုက်တွန်း ချင်ပါတယ်။

ဒေါ်သိန်းထိုက် (ဒုတိယဆေးရုံအုပ်၊ မန္တလေး ခုတင်- ၁၀၀ဆံ့ တိုင်းရင်းဆေးရုံ)

ကျွန်မက (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံမှာ  တိုင်းရင်းဆေးပြခန်းအတွက် တာဝန်ယူရပါတယ်။ ကျွန်မတို့ မန္တလေးတိုင်းရင်း ဆေးရုံက တိုင်းရင်းဆေးညီလာခံမှာ အခုနှစ်မှာ ပထမဆုံးအကြိမ် ခင်းကျင်းပြသထားခြင်းဖြစ်ပါတယ်။ တိုင်းရင်းဆေးရုံဌာနအနေနဲ့ ပဉ္စကမ္မာဌာနနှင့် အနာပေါက်ဌာနကို ကျွန်မတို့က အဓိကထားပြီး ပြသခြင်းဖြစ်ပါတယ်။ ပဉ္စကမ္မာ ဌာနက သဘာဝဆေးမြစ်ဆေးဥများနဲ့ ဆေးအဆီများချက်လုပ်ပြီး အနာများကိုကုသမှာ ဖြစ်ပါတယ်။ အဓိက ရောဂါကုသမှုများ အနေနဲ့ အကြော၊ အရိုး/အဆစ်နဲ့ ပတ်သက်တဲ့ ဒူးနာ၊ ခါးနာ၊ လေငန်း၊ အဆစ်နာ၊ အဆစ်ရောင်၊ အာရုံကြောရောဂါများကို ကုသပေးပါတယ်။ အနာပေါက်ဌာနမှာ ဂရင်ဂျီနာ၊ လိပ်ခေါင်းတို့အတွက် ကြိုးချည်ပြီးတော့မှကုသတဲ့ နည်းစနစ်နဲ့ ဆီးချိုနာ၊ သွေးကြောပိတ်နာ၊ အနာပုပ်၊ အနာဆွေး စတဲ့ ရောဂါတွေကို ကုသပေးတဲ့ ဆေးအမျိုးအစားများကိုလည်း ခင်းကျင်းပြသထားပါတယ်။ ဆေးရုံကိုလာရောက်တဲ့ ပြည်သူများကိုလည်း နွေးနွေးထွေးထွေးကြိုဆိုပြီး အစွမ်းထက်တဲ့ ဗမာ့ရိုးရာစစ်စစ်ဖြစ်တဲ့ တိုင်းရင်းဆေး များနဲ့ကုသပေးပါတယ်။

ဒီလိုကုသပေးတဲ့အတွက် ပြည်သူများကလည်း ယုံကြည်စိတ်ချစွာနဲ့လာရောက် ကုသကြပါတယ်။ အခုလိုနိုင်ငံတော်အဆင့် မြန်မာ့တိုင်းရင်းဆေး ညီလာခံနှင့်နှီးနှော ဖလှယ်ပွဲကို တက်ရောက်ရတဲ့အတွက် ဝမ်းသာပါတယ်။ မြန်မာ့တိုင်းရင်းဆေး ညီလာခံမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာရှိကြတဲ့ ဒေသထွက်ဆေးပင်များ၊ ဆေးမြစ်၊ ဆေးဥများကို ခင်းကျင်းပြသထားတာကို တွေ့ရတဲ့အတွက် တိုင်းရင်းဆေးပညာရှင် တစ်ယောက်အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဆေးပညာဗဟုသုတများလည်း တိုးပွားစေပါတယ်။ နိုင်ငံတော်အစိုးရက မြန်မာ့တိုင်းရင်းဆေးကို အသိအမှတ်ပြုပြီး တိုင်းရင်းဆေးဂုဏ်ကို မြှင့်တင်ပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ ဂုဏ်ယူပါတယ်။ မြန်မာ့တိုင်းရင်းဆေးနဲ့ ပြည်သူလူထုကိုအစဉ်အမြဲ ကျန်းမာရေးဆက်လက် လုပ်ဆောင် စောင့်ရှောက်သွားပါ့မယ်။ ဆေးသုတေသနပညာရပ်များကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ ဆေးပညာရပ်ဆိုင်ရာ ကုသမှု၊ ကုထုံးများကိုလည်း ဒီထက်တိုးတက်အောင် ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်။

ဦးသန်းထွန်းအောင် (စက်ရုံမှူး၊ မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံ)

တိုင်းရင်းဆေးပညာ ဦးစီးဌာနလက်အောက်မှာ တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး)ဆိုပြီး တည်ရှိပါတယ်။ မန္တလေးတိုင်းရင်း ဆေးဝါး စက်ရုံကထွက်ရှိတဲ့ ဆေးများကို တိုင်းရင်းဆေးပညာ ဦးစီးဌာနလက်အောက်မှာရှိတဲ့ ဆေးရုံများ၊ ဆေးကုဌာနများ သုံးစွဲဖို့အတွက် ဌာနသုံးတိုင်းရင်းဆေးဝါးနဲ့ အရောင်းသုံး တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ယခင်နှစ်များမှာလည်း မြန်မာ့ တိုင်းရင်းဆေး ညီလာခံမှာ တက်ရောက်ဖူးပါတယ်။ ယခင်နှစ်အခမ်းအနားမှာ တိုင်းရင်းဆေးဝါးစက်ရုံက ညီလာခံကိုယ်စားလှယ် အနေနဲ့ တက်ရောက်ခြင်းဖြစ်ပါတယ်။ ယခုနှစ်က  ဦးစီးဌာနရဲ့ လမ်းညွှန်ချက်အရ ပြခန်းများ  ပါဝင်ပြသရမှာဖြစ်တဲ့အတွက် တိုင်းရင်း  ဆေးဝါးစက်ရုံ၏ ပြခန်းတစ်ခုအနေနဲ့ ပြသရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက တိုင်းရင်းဆေးဝါးများကို အခမ်းအနားများနဲ့ အသိအမှတ်ပြုတဲ့အတွက် ကောင်းမွန်ပါတယ်။  ဒီလိုမျိုးပြုလုပ်ခြင်းဖြင့်  ပြည်သူလူထုကလည်း မြန်မာ့တိုင်းရင်းဆေးဝါးများ ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းဆေးဝါးစက်ရုံက ဌာနသုံးဆေး ၂၈ မျိုး ထုတ်ပါတယ်။ ဌာနသုံးဆေး ၂၈ မျိုးကိုလည်း တိုင်းဒေသ ကြီးနဲ့ ပြည်နယ်များမှာရှိတဲ့ ဆေးရုံ၊ ဆေးကုဌာနများမှာ အခမဲ့ဖြန့်ဖြူးပေးပါတယ်။

အရောင်းဆေးများကိုလည်း သင့်တင့်တဲ့ ဈေးနှုန်းများနဲ့ ဆေးရုံ၊ ဆေးကုဌာနများ မှာလည်း ဖြန့်ဖြူးပေးပါတယ်။ မြန်မာ့တိုင်းရင်း ဆေးဝါးများကို သုံးစွဲခြင်းအားဖြင့် ပြည်သူလူထုများ ဘေးထွက်ဆိုးကျိုးများကင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများမှာလည်း တစ်ဖက် တစ်လမ်းကနေ အားကိုးအားထားဖြစ်စေပါတယ်။ “တိုင်းရင်းဆေးနှင့် ပြည်သူလူထုကိုစောင့်ရှောက်ဖို့အတွက် တိုင်းရင်း ဆေးပညာရှင်များ အားလုံးဝိုင်းဝန်း ပြီးဆောင်ရွက်စို့” ဆိုသည့် အသိပညာနဲ့ “တိုင်းရင်းဆေးဝါးစက်ရုံမှ ထုတ်လုပ်တဲ့ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ရန်” ဆိုတဲ့ ဆေးအသိပညာ ဗဟုသုတများကို ပိုပြီးသိရှိလာပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရဲ့လမ်းညွှန်ချက်၊  ကျန်းမာ ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်ဖို့အတွက် (ဝိသမ အဖျားပျောက်ဆေး)ကို  တိုင်းရင်းဆေးဝါး စက်ရုံက ရှေ့လုပ်ငန်းစဉ်များမှာ စီစဉ် ဆောင်ရွက် ကြိုးစားအားထုတ်နေပါတယ်။ ပြည်သူလူထုအနေနဲ့ နိုင်ငံတော်အစိုးရက ဖွင့်ပေးထားတဲ့ တိုင်းရင်းဆေးရုံ၊ ဆေးခန်းတွေမှာ ကျွန်တော်တို့စက်ရုံကထုတ်ပေးထား တဲ့ အရည်အသွေးစစ်ဆေးပြီးသား ဆေးဝါးများကို ပို့ပေးထားတဲ့အတွက် ယုံကြည် စိတ်ချစွာ သုံးစွဲကြပါ။ ကျန်းမာရေးစောင့် ရှောက်မှုအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းဆေးရုံ၊ ဆေးခန်းများ ဖွင့်ထားတဲ့ အတွက် ပြည်သူလူထုအတွက် အကျိုးပြုအားကိုးဖွယ်ရာ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ဦးစိုးနိုင်(ကချင်ပြည်နယ် တိုင်းရင်းဆေး ပြခန်းတာဝန်ခံ)

ကျွန်တော်တာဝန်ယူရတဲ့အပိုင်းကတော့ ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီး ဌာနရဲ့ကိုယ်စား လာရောက်ပြီး ခင်းကျင်း ပြသရခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ပေါက်ရောက်တဲ့အပင်တွေရယ်၊ ဆေးဖက် ဝင်ပစ္စည်းတွေရယ်၊ တိုင်းရင်းဆေးဝါးမှတ်ပုံ တင်လိုင်စင်ရရှိပြီးဖြစ်တဲ့ ကချင်ပြည်နယ် က ထုတ်လုပ်တဲ့ အရောင်းတိုင်းရင်းဆေးဝါးတွေကို ခင်းကျင်းပြသခြင်းဖြစ်ပါတယ်။ အရင်ကတော့ ပြည်နယ်ပြခန်းအနေနဲ့ မပြခဲ့ဖူးပါဘူး။ အခုက ပထမဆုံးအကြိမ်ဖြစ် ပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဝန်ထမ်းဆေးဆရာများ၊ ဝန်ထမ်းမဟုတ်တဲ့ ပြင်ပက တိုင်းရင်းဆေးဆရာများအားလုံး ဆုံတွေ့ကြရတာဖြစ်တဲ့အတွက် တိုင်းရင်း ဆေးပညာတိုးတက်ဖို့အတွက် တစ်ဦးနဲ့ တစ်ဦး အသိပညာများ ဖလှယ်လို့ရပါတယ်။ တိုင်းရင်းဆေးအတွက် အသိပညာ၊ ဗဟု သုတများ အများကြီးရရှိခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ထွက်ရှိတဲ့ ပယင်းနဲ့ထုတ်ထားတဲ့ လိမ်းဆေးတွေပါတယ်။ ကချင်ဆေး အများစုကတော့ ဆန်နဲ့စိမ်ပြီး အရက်ကနေချက်တဲ့ ဆေးတွေများတယ်။ လိမ်းဆေး၊ သောက်ဆေးဆိုလည်း ကချင်ပြည်နယ်မှာ နာမည်ကြီးတဲ့ ရှီးပတီး၊ မချစ်ဥတို့ကို စိမ်ပြီး ဆေးဖက်ဝင်ပစ္စည်းတွေ ထုတ်တာများပါတယ်။ ကချင်ပြည်နယ်မှာ တာဝန်ကျတဲ့  ကျွန်တော်တို့က မိခင်ဌာန တိုင်းရင်းဆေး အတွက်ကျရာနေရာမှာ တိုးတက်အောင် ဆောင်ရွက်ရပါတယ်။ ကချင်ပြည်နယ်မှာ မြို့နယ်တိုင်းရင်းဆေးဌာနတွေ၊ ခရိုင်အဆင့်ဌာနတွေ၊ တိုင်းရင်းဆေးရုံတွေရှိတယ်။ အဲဒါကို ကျွန်တော်တို့က စီမံအုပ်ချုပ်ပြီး တော့ တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ် ကိုကိုယ်စားပြုပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ် ပေးတဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးကိုလည်း ကျေးဇူးအများ ကြီးတင်ပါတယ်။

ဒေါ်အိမ့်အိမ့်သူ(တာဝန်ခံ၊ နေပြည်တော် တိုင်းရင်းဆေးပြခန်း)

ကျွန်မကတော့ နေပြည်တော်တိုင်းရင်း ဆေးပြခန်းတာဝန်ခံဖြစ်ပါတယ်။ အရင် နှစ်တွေကတော့ မပြခဲ့ဖူးပါဘူး။ ဆေးတွေ ကတော့ နေပြည်တော်တိုင်းဒေသကြီးအတွင်း မှာထုတ်လုပ်တဲ့ ဆေးဝါးလုပ်ငန်းရှင်တွေရဲ့ ဆေးဝါးတွေကိုပဲ ပြပေးတာဖြစ်ပါတယ်။ ထိုက်သူ ပန်တိုင်းရင်းဆေးကထုတ်တဲ့ တိုင်းရင်းဆေးဝါးတွေ၊ ဟိန်းရွှေရောင်က ထုတ်လုပ်တဲ့ တိုင်းရင်းဆေးတွေ၊ သာထူးစိန်တို့က ထုတ်တဲ့ဆေးဝါးတွေ၊ တပ်ကုန်းကထုတ်တဲ့ ဆေးတွေလည်း ပါပါတယ်။ ဒီလိုခင်းကျင်း ပြသရတာကတော့ နေပြည်တော်အတွင်းမှာ ထုတ်လုပ်တဲ့ဆေးတွေ၊ နေပြည်တော် မှာပေါက်ရောက်တဲ့ အပင်တွေ၊ ထွက်ရှိတဲ့ ဆေးပစ္စည်းတွေကိုလည်း အကုန်လုံးသိ သွားအောင်  ခင်းကျင်းပြသခြင်းဖြစ်ပါ တယ်။ အခုဆိုရင် ပြည်သူတွေက ကျွန်မတို့ တိုင်းရင်းဆေးတွေကို သုံးစွဲလာကြတာ လည်း အများကြီးမြင်ရ၊ တွေ့ရပါတယ်။ ပြည်သူတွေအတွက်၊ လူနာတွေအတွက် လူနာတွေဖြစ်တဲ့ရောဂါနဲ့ ကိုက်ညီအောင် ပါဝင်တဲ့ ဆေးပစ္စည်းတွေကို ထည့်သုံးထားတာဖြစ်တဲ့အတွက် ပြည်သူများသုံးစွဲနိုင်အောင် ထုတ်လုပ်ပေးထားပါတယ်။ အခုဆိုရင် ပြည်နယ်အသီးသီး၊ တိုင်းဒေသ ကြီး အသီးသီးကို ရောက်ဖူးသွားသလိုပါပဲ။ အထင်ကရနေရာတွေ၊ ဆေးဝါးတွေလည်း တွေ့မြင်ရပါတယ်။ ပြည်နယ်အသီးသီး၊ တိုင်းဒေသကြီး အသီးသီးကထွက်ရှိတဲ့ တိုင်းရင်းဆေးပစ္စည်းများကို တစ်ယောက် နဲ့တစ်ယောက် ဆေးပညာနှီးနှောတိုင်ပင် ဆွေးနွေးကြပြီး ဗဟုသုတအများကြီး အကျိုး ကျေးဇူးတွေရရှိပါတယ်။ တိုင်းရင်းဆေးက ဘေးထွက်ဆိုးကျိုးအများကြီး မရှိပါဘူး။ ဆေးတိုင်းမှာ တန်ဆေးလွန်ဘေးလို့ပြောတဲ့အတွက် အများကြီးသုံးစွဲရင်လည်း လွန်တတ်တယ်။ ကြာရှည်သုံးစွဲရင် သက်သာပျောက် ကင်းစေပါတယ်။ ပြည်သူတွေ ယုံယုံကြည်ကြည်နဲ့ သုံးစွဲလို့ရပါတယ်။ ဆေးပစ္စည်းများကလည်း သဘာဝကထွက်တဲ့ ပစ္စည်းပဲ ထုတ်လုပ်တာဖြစ်တဲ့အတွက်  ယုံယုံကြည် ကြည်သုံးစွဲလို့ရပါတယ်။

လဲ့ရည်လှိုင်