ပျော်ပျော်ရွှင်ရွှင် ခရီးသွားနိုင်ရေး

ပျော်ပျော်ရွှင်ရွှင် ခရီးသွားနိုင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်)

ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ခရီးသွားလုပ်ငန်းများ ထိခိုက်နစ်နာမှုများ ရှိခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ လျော့နည်းလာပြီဖြစ်သည့်အတွက် ခရီးသွား လုပ်ငန်းများပြန်လည် စတင်ရန် နိုင်ငံအသီးသီးက ကြိုးပမ်းဆောင်ရွက်လာကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ မရှိသလောက် နည်းပါးနေပြီဟုဆိုနိုင်သည်။ ရောဂါကူးစက်မှုသည် ရက်ပေါင်း ၂၀ ဆက်တိုက် ၁ ရာခိုင်နှုန်းအောက်သာ ရှိတော့သည့်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နောက်ဆုံးထုတ်ပြန်ထားသည့် ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုး တိုးတက်လာစေရန် ကြိုးပမ်းရမည်ဖြစ်သည်။

ကမ္ဘာတွင် အလုပ်အကိုင် ၁၀ မျိုးရှိလျှင် တစ်မျိုးသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသည်။

ခရီးသွားလုပ်ငန်းမှာ ကမ္ဘာတစ်ဝန်းလုံးတွင် အလုပ်အကိုင်ပေါင်း သန်း ၃၂၀ ကျော်ဖန်တီးပေးပြီး ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ မှတ်တမ်းများအရ သိရှိရသည်။ ထို့ပြင် ခရီးသွားလုပ်ငန်းသည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်လာရန် များစွာအထောက်အကူပြုလျက် ရှိသည်။ ကမ္ဘာတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀၀ ကျော်က ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၂၂) သို့ တက်ရောက် အမှာစကား ပြောကြားစဉ် “မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စိုက်ပျိုးရေးနှင့် တွဲဖက် လုပ်ကိုင်နိုင်သည့် Agri Based Tourism ၊ Farming Based Tourism နှင့်ပုပ္ပားတောင် ဘူမိခရီးသွား လုပ်ငန်းကဲ့သို့ Educational Tourism စသည့် ခရီးသွားလုပ်ငန်း အမျိုးအစား အချို့ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အကြံဉာဏ်သစ်များဖြင့် နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ဆက်စပ်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အလားအလာရှိသော မြို့၊ ရွာများကို ခရီးသွားမြို့များ၊ ခရီးသွားကျေးရွာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုပွင့်လင်းရာသီမှ အစပြုပြီး ခရီးသွားလုပ်ငန်းများ ပုံမှန်လည်ပတ်လာပြီဖြစ်ရာ မြန်မာနိုင်ငံနှင့် ရင်းနှီးပြီး ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကို အဓိက ရည်မှန်းချက် ဈေးကွက်အဖြစ် ကနဦး သတ်မှတ်ဖော်ဆောင်မည်ဟု သိရှိရသည်။ ထူးခြားသည့်ခရီးသွား ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုလည်း Digital Platform များမှတစ်ဆင့် ကမ္ဘာ့ခရီးသွား အဝန်းအဝိုင်း သိရှိနိုင်စေရေး ဆက်လက်မြှင့်တင် ကြိုးပမ်းလျက်ရှိသည်။ သက်ဆိုင်ရာနိုင်ငံ အသီးသီးရှိ မြန်မာနိုင်ငံ သံရုံးများမှတစ်ဆင့် မြန်မာ့ခရီးသွား လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်အသိပေး ဖိတ်ခေါ်စီမံမှုကို ဆောင်ရွက်ကာ မြန်မာ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးကို ကြိုးပမ်းရမည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် အခြားသောစီးပွားရေး လုပ်ငန်းများကဲ့သို့ ထုတ်လုပ်သူက စားသုံးသူသို့ပို့ဆောင်ခြင်းမျိုး မဟုတ်ဘဲ စားသုံးသူမှ ထုတ်လုပ်ရောင်းချသူထံသို့ လာရောက်ခြင်းဖြစ်သည်။ ထိုသို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ရိုးရာထုတ်ကုန်များ၊ လက်မှုအနုပညာများကို ကိုယ်တိုင်ဖော်ထုတ် တင်ဆက်ပြသနိုင်သော အားသာချက်များ ရှိသည်။ ဒေသထွက်ကုန်များဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင် စည်းရုံးနိုင်ခြင်းဖြင့် ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများသည် အဓိက မောင်းနှင်အားဖြစ်သည်။ MSMEs လုပ်ငန်းသည် နိုင်ငံတော်နှင့် လူမှုစီးပွားရေး တိုးတက်မှုကိုပါ အထောက်အကူပြုနိုင်သော အဓိက အခန်းကဏ္ဍဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများကလည်း ဆက်စပ်စီးပွား အထောက်အကူဖြစ်နေသည့် အတွက် ခရီးသွား လုပ်ငန်းများမှတစ်ဆင့် MSMEs များကို တိုက်ရိုက် အထောက်အကူပြုနိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

ခရီးသွားလုပ်ငန်းများ၏ အဓိကအချက်မှာ ဝန်ဆောင်မှု ကောင်းပေးနိုင်ရေးဖြစ်သည်။ အိမ်သာ၍ ဧည့်လာသည်။ မိမိထံလာလည်သော ဧည့်သည်ကို ပြုံးရွှင်ဖော်ရွေစွာ ဆက်ဆံရပေသည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်အချိန်မှစ၍ ပြန်လည်ထွက်ခွာသည့် အချိန်ထိ ခရီးသွားဧည့်သည်များဝင်/ထွက်လွယ်ကူရေး၊ တည်းခိုနေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ့ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိနိုင်ငံအတွက် နိုင်ငံခြားငွေပိုမိုရရှိရေးကို ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။