ဝါးခယ်မမြို့နယ်၌ ဒီဇင်ဘာလ ငါးကန်များဖော်ချိန်တွင် မွေးမြူရေးငါးခူ ဈေးကောင်းရရှိနေ

ဝါးခယ်မမြို့နယ်၌ ဒီဇင်ဘာလ ငါးကန်များဖော်ချိန်တွင် မွေးမြူရေးငါးခူ ဈေးကောင်းရရှိနေ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်  ဝါးခယ်မမြို့နယ်၌ ဒီဇင်ဘာလ ငါးကန်များဖော်ချိန်တွင်  မွေးမြူရေးငါးခူ  ဈေးကောင်းရရှိနေခြင်းကြောင့် ငါးခူမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက် ရှိကြောင်း  ဝါးခယ်မမြို့နယ် မွေးမြူရေး လုပ်ငန်းရှင်များအသင်း   အတွင်းရေးမှူး ဦးအောင်ကျော်ခိုင်၏ ပြောကြားချက်အရ သိရသည်။

ဝါးခယ်မမြို့နယ်၌ စက်တင်ဘာလ ငါးကန်များဖော်ချိန်က မွေးမြူရေးငါးခူ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ မှ  ၅၅၀၀   ဈေးနှုန်းရရှိခဲ့သော်လည်း  ဒီဇင်ဘာလငါးကန်များ ဖော်ချိန်တွင်   မွေးမြူရေးငါးခူ တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ မှ ၉၅၀၀ အထိ ဈေးကောင်း ရရှိလာကြောင်း သိရသည်။

“ဒီဇင်ဘာလက ဝါးခယ်မမြို့နယ်မှာ မွေးမြူရေးငါးကန်တွေ ဖော်တဲ့ကာလဖြစ်ပါတယ်။ ငါးကန်ဖော်တဲ့အချိန်နဲ့ ငါးခူဈေးကောင်းတဲ့အချိန်     တိုက်ဆိုင်သွားတော့ ငါးခူမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေပါတယ်။  လက်ရှိမှာ  ငါးခူတစ်ပိဿာကို ငွေကျပ် ၉၅၀၀ အထိ ဈေး တက်လာတယ်။ ဝယ်လက်တွေကလည်း အဝယ်လိုက်နေပါတယ်။ မနှစ်က အရှုံး ပေါ်ခဲ့တဲ့ ငါးခူမွေးမြူရေး လုပ်ငန်းရှင်တွေ အနေနဲ့ အခုလို ဈေးကောင်းလာတော့ အဆင်ပြေပါတယ်။ ဒီဇင်ဘာလမှာ ငါးခူ ဈေးကောင်းရတဲ့အတွက် နောက်တစ်ကြိမ် ထပ်မွေးရင် ငါးအကောင်ရေ ထပ်တိုးမွေးဖို့ စီစဉ်နေတဲ့သူတွေလည်း ရှိလာတယ်။    ဝါးခယ်မမြို့နယ်မှာက တခြားငါးမွေးမြူရေး လုပ်ငန်းတွေကိုလည်း  လုပ်ကိုင်ပါတယ်။ ငါးခူကိုတော့ အဓိကမွေးမြူတယ်။ ငါးခူက စတင်မွေးမြူချိန်ကနေ  သုံးလကျော်ရင် ရောင်းချနိုင်ပါတယ်။ ငါးခူက အသားတင်ပြီး  တွက်ခြေကိုက်လို့ မွေးမြူတဲ့သူများတယ်” ဟု   ဦးအောင်ကျော်ခိုင်က ပြောသည်။

ဝါးခယ်မမြို့နယ်၌ ဒေသခံများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းကို ပူးတွဲလုပ်ကိုင်ကြပြီး ငါးခူမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း ၆၇   ဦးရှိကြောင်းနှင့်  ဝါးခယ်မမြို့နယ်မှ    ဒေသထွက်မွေးမြူရေး ငါးခူများကို ငါးအဝယ်များဒိုင်မှ တစ်ဆင့် ရန်ကုန်မြို့ရှိ ဈေးကွက်များသို့  တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။