တရားမဝင် သစ်မျိုးစုံ၊ တိရစ္ဆာန်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ တိရစ္ဆာန်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ  ၁၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သတ်မှတ်ရက်ထက် ကျော်လွန်၍ လာရောက်ထုတ်ယူခြင်း မရှိသော လျှပ်စစ်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၂၄၆၁၀)ကို  လည်းကောင်း၊ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)နှင့် ကိုက်ညီမှုမရှိသော တံမြက်စည်းနှင့် ဆက်စပ်ပစ္စည်းများ(ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၇၂၁၂၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၉၆၇၃၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြဝတီ-ရန်ကုန် လမ်းကြောင်းတစ်လျှောက် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ EPPEN တံဆိပ်ပါ အချိုမှုန့်(၂၈၅၀၀)ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၈၃၅၀၀၀)နှင့် အဆိုပါ ကုန်စည်များ တင်ဆောင်လာသော  မော်တော်ယာဉ် (၁)စီးနှင့်  နောက်တွဲယာဉ်(၁)တွဲ  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀၀)ကို   အကောက်ခွန်လုပ်ထုံး လုပ်နည်းအရ လည်းကောင်း၊  တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့်  သာယာဝတီခရိုင်များ အတွင်း တရားမဝင် သစ်မျိုးစုံ(၁၀.၈၀၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၁၀၁၇၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း   (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀၃၄၅၁၇၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၁၀ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် (၄)စီးပေါ်ရှိ သံပီပါ အလုံး (၈၀)အတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် (၈၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်(၄)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  အင်းစိန်ခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့နှင့် မင်္ဂလာဒုံခရိုင်ရဲတပ်ဖွဲ့တို့ ဦးဆောင်သော  ပူးပေါင်းစစ်ဆေးရေး အဖွဲ့က အမှတ်(၃)လမ်းဆုံ ပူးပေါင်းစစ်ဆေးရေး ဂိတ်အနီး၊ ရန်ကုန်-ပဲခူးလမ်းမပေါ်၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၂)စီးပေါ်မှ   တရားမဝင်  တင်ဆောင်လာသော  နွားထီး(၆၉)ကောင်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၀၀၀၀၀၀) နှင့် အဆိုပါတိရစ္ဆာန်များ တင်ဆောင်သော မော်တော်ယာဉ်(၂)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်၂၂၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၄၈၄၁၉၀၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။