ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုး

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

          ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ ယနေ့နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၄)ရပ်ကွက်၊ အင်းဝလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဧည့်သည်နားနေဆောင်သို့ ရောက်ရှိနေသည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ယုဇနလမ်း၊ အမှတ်(၅၁၈) နေသူများဖြစ်သည့် ဦးဝင်းထက်ဦး (၄၃)နှစ် (ဘ) ဦးမောင်သော်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းတို့တွင် လည်းကောင်း၊ မခင်တွယ်တာဦး(၂၀)နှစ်(ဘ)ဦးထွန်းထွန်းဦး၏ ဝဲ/ ယာခြေထောက်တို့တွင် လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

          အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးကာ တပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။