အမျိုးသားရေး စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်

အမျိုးသားရေး စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်)

    မြန်မာ့သမိုင်းကို ဆစ်ပိုင်း၍လေ့လာလျှင် အင်အားတောင့်တင်း ခိုင်မာသော တပ်မတော်နှင့်အတူ အင်ပါယာ နိုင်ငံကြီး သုံးနိုင်ငံပေါ်ထွန်းခဲ့ကြောင်း တွေ့ရှိရသည်။ အနော်ရထာမင်းမြတ်၏ ပုဂံခေတ် ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်မင်းတရားကြီး၏  တောင်ငူခေတ် ဒုတိယမြန်မာနိုင်ငံတော်နှင့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်တို့သည် မြန်မာတို့ အထူးအလေးအမြတ်ဂုဏ်ယူအပ်သော နိုင်ငံတော်ကြီးများဖြစ်ခဲ့သည်။

ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းခြင်း၊ အင်အားတောင့်တင်း ခိုင်မာသော တပ်မတော်ရှိခြင်း၊ ပြည်သူတစ်ရပ်လုံးက အုပ်ချုပ်သူ၏ လက်အောက်တွင် စည်းလုံးညီညွတ်စွာ ရှိခြင်းတို့သည် အင်ပါယာနိုင်ငံများ အဖြစ် ထင်ရှားရခြင်းဖြစ်သည်။ ထိုအချက်များ ချို့ယွင်းလျော့နည်းလာသောအခါ နောက်ဆုံးတွင် တစ်နိုင်ငံလုံး သူ့ကျွန်အဖြစ် နွံနစ်သွားရသည်။ ထို့ကြောင့် ဆုံးရှုံးသွားရသော လွတ်လပ်ရေး ပြန်လည်ရရှိအောင် ကြိုးစားရသောအခါ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ဖြစ်ရပ်များ ပေါ်ပေါက်လာတော့သည်။

ယနေ့ကာလတွင် နိုင်ငံတော်၏ အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေသော တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းနှင့် အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့သည့် တပ်မတော်ဖြစ်သည်။

ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)အဖြစ် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဗမာ့ကာကွယ်ရေး တပ်မတော်(BDA)၊ ဗမာ့အမျိုးသား တပ်မတော်(BNA)၊ မျိုးချစ်ဗမာ့တပ်မတော်(PBF)၊ ဗမာ့ပ်မတော်(Burma Army)အဖြစ် အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးများမှ လွတ်လပ်ရေးရသည်အထိ ပြည်သူကိုဦးဆောင် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တပ်မတော်ဖြစ်သည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားရာ၌ “နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေး မူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးသည် အနိမ့်ဆုံးအဆင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်ပြီး တပ်မတော်သားများသည် ကိုယ်ပိုင်ဆန္ဒနှင့်အညီ အများအကျိုးအတွက် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း”ပြောကြားခဲ့သည်။

တပ်မတော်သားများသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းဥပဒေများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရသည့်အပြင် နိုင်ငံတော်ကချမှတ်ထားသည့် ဥပဒေနှင့် စည်းကမ်းများကိုလည်း လိုက်နာကြရသည်။ စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည့်အတွက် တပ်မတော်၏ ကောင်းမွန်သော အစဉ်အလာ (၁၂)ရပ်တွင် စည်းကမ်းကောင်းသော တပ်မတော်ဖြစ်သည်ဟူသော အစဉ်အလာတစ်ရပ်ကို ဖော်ပြထားခြင်းဖြစ်သည်။

စည်းကမ်းကောင်းမွန်ကြရသလို စိတ်ဓာတ်လည်း ကောင်းမွန်ကြရသည်။ စိတ်ဓာတ်နှင့်စည်းကမ်းသည် အမြဲဒွန်တွဲလျက်ရှိသည်။ ထို့အတူ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမှာလည်း အမြဲရှိနေသည့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀(စ)တွင် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိကြောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့်နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက်  ကာကွယ်စောင့်ရှောက်သူ (Guardian)အဖြစ် အဆိုပါတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့် အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်အတွက်  အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် အပြုအမူမှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးလျက်ရှိသည်။ ထိုသို့ကာကွယ် တားဆီးခြင်းမှာ နိုင်ငံ့ကောင်းကျိုးအတွက် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ခေတ္တတာဝန်ယူနေစဉ် အတွင်း၌လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို ချမှတ်ကာ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် အားသွန်ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် ယခုနှစ်မှစတင်၍ ခြေလှမ်းသစ်များဖြင့် ဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် အမျိုးသားရေး စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။