ကျင့်ဝတ်တီထွင် စွမ်းအားရှင်၊ အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား အောင်စစ်သည်များ၏ စကားသံများ

ကျင့်ဝတ်တီထွင် စွမ်းအားရှင်၊ အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား အောင်စစ်သည်များ၏ စကားသံများ

ဆောင်းနှင်းနှင့်အတူ အအေးဒဏ်ကို အန်တုလို့ နှင်းစက်များအောက်မှာ ကျောင်း ဆင်းစစ်တီးဝိုင်းမှ   တီးခတ်နေသော စည်းချက်နှင့်အညီ တက်ကြွသော ဘယ်ညာ ခြေလှမ်းတို့က   အနာဂတ်တပ်မတော်အတွက် အားသစ်လောင်းမျိုးဆက်သစ် တပ်မတော်   နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄)မှ ကျောင်းဆင်းဗိုလ်လောင်းများ၏ ကျောင်းဆင်းပွဲ အခမ်းအနားကို မြင်တွေ့ရသူတိုင်း အတွက် ပီတိဖြစ်စရာ၊  စိတ်ကြည်နူးစရာ မြင်ကွင်းတစ်ခုပင်ဖြစ်ပြီး အဆိုပါ အခမ်းအနားကို ပြင်ဦးလွင်တပ်နယ် တပ်မတော် နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်းတွင် ယနေ့နံနက်ပိုင်းမှ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားတွင် တာဝန်ရှိသူများနှင့် “ကျင့်ဝတ်တီထွင်  စွမ်းအားရှင်” အနာဂတ်၏ အောင်စစ်သည်များနှင့်   တွေ့ဆုံမေးမြန်းခဲ့မှုများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။

ဗိုလ်မှူးကြီးသောင်းနိုင် (စာပေညွှန်ကြားရေးမှူး)

    တပ်မတော်နည်းပညာ တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်ကတော့ တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက်  လိုအပ်သော အရည်အချင်းနှင့်ပြည့်စုံသည့်  အင်ဂျင်နီယာဘွဲ့ကြိုနှင့်    ဘွဲ့လွန်ဘွဲ့ရအရာရှိများ မွေးထုတ်ပေးရန်ဖြစ်တဲ့အပြင်  ဘွဲ့ကြိုသင်တန်းများမှာ အထူးပြုအင်ဂျင်နီယာ ဘာသာရပ် ၇ မျိုးဖြစ်သည့် Mechanical, Metarial Science and Metallurgical Engineering, Civil, Electrical Power, Electronics,  Mechatronics   နှင့် Chemical ဘာသာရပ်များအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အင်ဂျင်နီယာဘွဲ့ရ အရာရှိများ မွေးထုတ်ပေးလျက် ရှိပါတယ်။

ဘွဲ့လွန်သင်တန်းများ အနေဖြင့်  အင်ဂျင်နီယာ ပါရဂူဘွဲ့သင်တန်း၊  မဟာအင်ဂျင်နီယာဘွဲ့သင်တန်း၊ အင်ဂျင်နီယာပညာ သင်ကြားရေး ဒီပလိုမာသင်တန်းနဲ့ အင်ဂျင်နီယာ  ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါတယ်။ တပ်မတော် နည်းပညာတက္ကသိုလ် အနေနဲ့   ဗိုလ်လောင်း သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးရာမှာ စစ်တိုက်နိုင်သော  အင်ဂျင်နီယာအရာရှိများ ဖြစ်ရမည်၊ အရည်အချင်းရှိသော အင်ဂျင်နီယာ   အရာရှိများဖြစ်ရမည်၊ စည်းကမ်းကောင်းသော  အင်ဂျင်နီယာအရာရှိများ ဖြစ်ရမည်ဆိုတဲ့ ဦးတည်ချက်နဲ့  လေ့ကျင့် ပေးလျက်ရှိပါတယ်။   ဒီလိုသင်ကြား လေ့ကျင့်ပေးရာမှာ  အထက်အကြီးအကဲများရဲ့ အမိန့်နှင့် ညွှန်ကြားချက်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံးရဲ့  လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားပါတယ်။ အင်ဂျင်နီယာ ပညာသင်ကြားရေးကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊  အင်ဂျင်နီယာပညာရပ် အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ Engineering  Education Accreditation  Committee, EEAC)ရဲ့  Guideline ဖြစ်တဲ့  “ဘွဲ့ရအမှတ်လက္ခဏာများ   (Graduate Attributes) ၁၂ ချက်နဲ့ ကိုက်ညီအောင် သင်ကြားရေးစနစ်ကို ဖော်ဆောင်လျက် ရှိပါတယ်။ ဒီလိုဖော်ဆောင်ရာမှာ အရည်အသွေးစံနှုန်း(Criteria) ၇ ခုဖြစ်တဲ့ ပညာရေး အစီအစဉ်ရည်ရွယ်ချက် (Program  Education Outcome)၊ ဘွဲ့ရအမှတ် လက္ခဏာ(Graduate Attribute)၊ သင်ရိုးညွှန်းတမ်း (Curriculum)၊ သင်တန်းသား (Student)၊ နည်းပြနှင့် အထောက်အကူဝန်ထမ်း(Teaching Staff)၊အခြေခံ အဆောက်အအုံပြည့်စုံမှု   (Facility)၊ အရည်အသွေးအာမခံမှု ထိန်းသိမ်းသည့် စနစ် (QMS) တို့ကို နှစ်စဉ်ဆန်းစစ် လေ့လာသုံးသပ်ပြီး   စဉ်ဆက်မပြတ် အကဲဖြတ် လုပ်ဆောင်ရပါတယ်။ တပ်မတော်နည်းပညာတက္ကသိုလ် အနေနဲ့  ၂၀၂၂  ခုနှစ်  မတ် ၁၁ ရက်မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊  အင်ဂျင်နီယာ အထူးပြုပညာရပ်ဆိုင်ရာ  အရည်အသွေးစိစစ် အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ (EEAC) မှ အထူးပြုအင်ဂျင်နီယာ ဘာသာရပ် ၇ ခု စလုံးအတွက် Full Accredited  အရည်အသွေး စိစစ်အသိအမှတ်ပြု လက်မှတ်များကို  ရရှိပြီးဖြစ်ကြောင်း ပြောကြားလိုပါတယ်။    ထူးချွန်ဆုရွေးချယ်တဲ့အခါမှာ     တပ်မတော်နည်းပညာ  တက္ကသိုလ် နှစ်စဉ်ကျောင်းဆင်းပွဲများမှာ ထူးချွန်ဆု ၃ ခု ချီးမြှင့်ပေးပါတယ်။ ဒီဆုတွေကတော့ အောင်စစ်သည်ဆုကိုတော့  ဗိုလ်လောင်းသင်တန်းကာလ   ခြောက်နှစ်အတွင်း စစ်ပညာ၊ စာပေပညာ၊ စိတ်ဓာတ်၊ စည်းကမ်း ကဏ္ဍရပ်ကြီး ၃ ခု၏ ရမှတ် အများဆုံးရရှိသည့်   ဗိုလ်လောင်းကို အောင်စစ်သည်ဆုအဖြစ်   ရွေးချယ် သတ်မှတ်ပေးပါတယ်။   အောင်စစ်သည်ဆုရ   ဗိုလ်လောင်းဟာ  ရုပ်ပိုင်းဆိုင်ရာ  ပြည့်စုံအသုံးကျမှု ရှိရပါတယ်။ သင်တန်းသားများကို ဦးဆောင် အုပ်ချုပ်နိုင်စွမ်းရှိပြီး   သင်တန်းသားများ၏  လေးစားခံရသော အရည်အချင်းရှိရန် လိုအပ်ပါတယ်။ လေ့ကျင့်ရေး ထူးချွန်ဆုကိုတော့ ဗိုလ်လောင်းသင်တန်းကာလ ခြောက်နှစ်အတွင်း စစ်ပညာနှင့် စိတ်ဓာတ်၊ စည်းကမ်းတို့တွင် အမှတ်အများဆုံး ရရှိပြီး ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်မှုတို့တွင် စံပြဖြစ်သူကို လေ့ကျင့်ရေး  ထူးချွန်ဆုချီးမြှင့်ပါတယ်။ဗိုလ်လောင်းဟာ သင်တန်းတက်ရောက်စဉ် ကာလတစ်လျှောက်လုံးမှာ  စစ်ပညာ/ စာပေပညာများ၌  စာမေးပွဲ ကျရှုံးခဲ့ဖူးသူ မဖြစ်စေရပါဘူး။  စာပေထူးချွန်ဆုကိုတော့ သင်တန်းကာလ ခြောက်နှစ်အတွင်း အထူးပြု အင်ဂျင်နီယာဘာသာရပ် ၇  ခု ထဲမှ  တက္ကသိုလ်ပညာဆိုင်ရာ အမှတ် အများဆုံးရရှိသော ဗိုလ်လောင်းကို စာပေ ထူးချွန်ဆုချီးမြှင့်ပါတယ်။ ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၄)မှာ  အထူးပြု အင်ဂျင်နီယာဘာသာရပ် ၇ မျိုးအတွက် အင်ဂျင်နီယာဘွဲ့ရအရာရှိ   ၁၄၄   ဦး မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။  စက်မှုအင်ဂျင်နီယာ အထူးပြု B.E(Mechanical)  ၂၅ ဦး၊ သတ္တုဗေဒ အင်ဂျင်နီယာ  အထူးပြု B.E(Metallurgy) ၁၉ ဦး၊ မြို့ပြအင်ဂျင်နီယာ အထူးပြု B.E(Civil) ၈ ဦး၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာအထူးပြု   B.E(Electrical Power) ၆ ဦး၊  အီလက် ထရောနစ်အင်ဂျင်နီယာအထူးပြု   B.E (Electrical Power) ၅ ဦး၊   စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာ အထူးပြု B.E (Mechatronics)  ၇၃ ဦးနဲ့ ဓာတုအင်ဂျင် နီယာအထူးပြု B.E(Chemical)၈ ဦးတို့ဖြစ်ပါတယ်။   ကျောင်းဆင်းအရာရှိများကို မှာကြားလိုတာကတော့ မိမိတို့အားပေးအပ်သော   တာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အရည်အချင်းရှိသော   အင်ဂျင်နီယာ အရာရှိအဆင့်မှ  ထူးချွန်ထက်မြက်သော Excellence    ဖြစ်သော  အရာရှိအဆင့်သို့ရောက်ရှိအောင်  အချိန်ကိုတန်ဖိုးရှိစွာ အသုံးချပြီး စဉ်ဆက်မပြတ် လေ့လာကြိုးစား အားထုတ်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။

ဗိုလ်မှူးကြီးသက်နိုင်ဦး (နည်းပြအရာရှိချုပ်)

    ဒီကျောင်းတော်မှာ    ခိုလှုံလာတဲ့ ကျောင်းတော်သား ဗိုလ်လောင်းတွေကို လေ့ကျင့်သားပြည့်ဝတဲ့    အရာရှိတွေ ဖြစ်လာဖို့အတွက် ပထမနှစ်မှနောက်ဆုံးနှစ်အထိ   စစ်ရေးပြ၊   လက်နက်ငယ်၊ စစ်နည်းဗျူဟာ  ဘာသာရပ်တွေ  ပို့ချလေ့ကျင့်ပေးရာမှာ သင်တန်းနှစ်အလိုက် စစ်ပညာအဖွဲ့တွေ   ဖွဲ့စည်းပြီးတော့ ကျောင်းဆင်းတဲ့အချိန်မှာ  တပ်စုမှူး အဆင့်ထိ စစ်ပညာရပ်တွေကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။  ဗိုလ်လောင်းတွေ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ပြီး   သတ်မှတ် ကိုယ်အလေးချိန် ကိုက်ညီစေဖို့အတွက် နံနက်၊ ညနေကြံ့ခိုင်ရေး သင်ခန်းစာတွေအပြင် ယုံကြည်မှုလေ့ကျင့်ခန်း၊ စစ်မြေပြင်မှာ အရေးကြုံလာပါက လက်တွေ့အသုံးချနိုင်မယ့် မြန်မာ့သိုင်းသင်ခန်းစာ၊  ရေကူးသင်ခန်းစာတွေကိုပါ  စနစ်တကျ သင်ရိုးဇယားများ ရေးဆွဲပြီးတော့  လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ ဗိုလ်လောင်းတွေ အခြေခံစိတ်ဓာတ် ကောင်းမွန်စေဖို့နဲ့ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေဖို့ အတွက်လည်း သင်တန်းနှစ်အလိုက် အောင်စစ်သည် အားကစားပြိုင်ပွဲတွေ ကျင်းပပြီးတော့ အဖွဲ့အစည်း စိတ်ဓာတ်ရှိလာအောင်   လေ့ကျင့်သင်ကြားပေးလျက် ရှိပါတယ်။   “ဗိုလ်လောင်းမှန်လျှင် စိတ်ဓာတ်၊  စည်းကမ်းကောင်းမွန်ရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဗိုလ်လောင်းတွေ စိတ်ဓာတ်၊  စည်းကမ်းကောင်းမွန်စေဖို့အတွက်    ဝတ်စားဆင်ယင်မှုစည်းကမ်း၊   အိပ်ဆောင်စည်းကမ်း၊ သွားလာမှုစည်းကမ်း၊    စားရိပ်သာစည်းကမ်း၊  စာပေ/ စစ်ပညာသင်တန်းချိန်တွင် လိုက်နာရမည့် စည်းကမ်း စတဲ့ စည်းကမ်းချက်တွေ ချမှတ်ပြီး တပ်စုမှူး၊ တပ်ခွဲမှူး၊  တပ်ရင်းမှူးအရာရှိတွေကို အနီးကပ် ကြီးကြပ်ဆောင်ရွက်စေလျက်ရှိပါတယ်။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ‘စစ်တိုက်နိုင်သော   အင်ဂျင်နီယာအရာရှိများ ဖြစ်ရမည်၊ အရည်အချင်းရှိသော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်၊  စည်းကမ်းကောင်းသော  အင်ဂျင်နီယာအရာရှိများ ဖြစ်ရမည်”ဆိုတဲ့  လမ်းညွှန်ချက်နှင့် အညီ ဗိုလ်လောင်းတွေကို ကျောင်းဆင်းတဲ့အချိန်မှာ    တပ်မတော်အတွက် အားထားရတဲ့  အင်ဂျင်နီယာ အရာရှိကောင်းတွေဖြစ်လာစေဖို့   အဓိကထား လေ့ကျင့်ပေးလျက်ရှိပါတယ်။ လေ့ကျင့်ရေး ထူးချွန်ဆုကို ရွေးချယ်တဲ့အခါမှာ သင်တန်းကာလ ခြောက်နှစ်အတွင်း စစ်ပညာနှင့်စိတ်ဓာတ်/စည်းကမ်း၊ အကျင့်စာရိတ္တအပိုင်းတို့မှာ စုစုပေါင်း အမှတ်အများဆုံး ရရှိသူ ၁၀ ဦးအနက်မှ  အကျင့်စာရိတ္တ၊ စည်းကမ်းနှင့်  ပူးပေါင်းဆောင်ရွက်မှု တို့မှာ စံပြဖြစ်သူ ဗိုလ်လောင်းတစ်ဦးကို  တပ်မတော်နည်းပညာ  တက္ကသိုလ် ဗိုလ်လောင်းသင်တန်း   အမှတ်စဉ်(၂၄)  (ဆဋ္ဌမနှစ်- ဘီအီး) အောင်ရှုံး ဆုံးဖြတ်ရေးနှင့်   ထူးချွန်ဆုရွေးချယ် သတ်မှတ်ရေး အစည်းအဝေးတွင် တပ်မတော်နည်းပညာတက္ကသိုလ်   အောင်ရှုံးဆုံးဖြတ်ရေး ဘုတ်အဖွဲ့မှ  လေ့ကျင့်ရေး ထူးချွန်ဆု ပေးအပ်ချီးမြှင့်ရန်အတွက် စိစစ်ရွေးချယ်ခြင်း ဖြစ်ပါတယ်။    

ဗိုလ်လောင်းသင်တန်း ခြောက်နှစ်တာကာလအတွင်း စာပေပညာရပ်များကို အပတ်တကုတ် ကြိုးစားလေ့လာဆောင်ရွက်ခဲ့ခြင်း၊  စစ်ပညာရပ်များတွင်လည်း လေ့ကျင့် သင်ကြားပေးမှုများအား လက်တွေ့လေ့ကျင့် ဆောင်ရွက်နိုင်ခြင်းနှင့် ဗိုလ်လောင်း လုပ်ထုံးလုပ်နည်းများပါ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား တိကျစွာ လိုက်နာပြုမူ နေထိုင်ခြင်းတို့ကြောင့် ဗိုလ်လောင်းသင်တန်းအား အောင်မြင်စွာ တက်ရောက်ပြီးမြောက်ခဲ့တဲ့ အင်ဂျင်နီယာ ကျောင်းဆင်း အရာရှိများဟာ  မကြာမီ ကာလအတွင်း တပ်မတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အင်အားတောင့်တင်းပြီး ခေတ်မီ မျိုးချစ်တပ်မတော် ဖြစ်စေရေးအတွက် အင်ဂျင်နီယာ အခန်းကဏ္ဍမှာ အားသစ်လောင်းတော့မှာ ဖြစ်တာကြောင့် နည်းပြအရာရှိချုပ် တစ်ဦးအနေဖြင့် အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူ ပီတိဖြစ်ကြောင်း ပြောကြားလိုပါတယ်။  ကျောင်းဆင်းပြီး သက်ဆိုင်ရာ(ကြည်း၊ ရေ၊လေ) လက်ရုံးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ကြမယ့် တပည့်အရာရှိတွေကို မှာကြားချင်တာကတော့ “အမိတက္ကသိုလ်မှ သင်ကြားပေးလိုက်တဲ့ စာပေပညာ၊ စစ်ပညာရပ်တွေကို စာတွေ့၊ လက်တွေ့ပေါင်းစပ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုးဖြစ်ထွန်းအောင် ကြိုးစားဆောင်ရွက်ကြပါ၊ အနာဂတ်မှာ စွမ်းရည်စွမ်းအားရှိတဲ့ တပ်မတော်ဖြစ်အောင် နည်းပညာပိုင်းဆိုင်ရာ အခန်းကဏ္ဍ မြင့်မားတိုးတက်ရေးအတွက် “ကျင့်ဝတ်တီထွင်၊ စွမ်းအားရှင်”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံတော်နှင့် တပ်မတော်အတွက် သုတေသနပြု ဆန်းသစ်တီထွင်နိုင်တဲ့ အင်ဂျင်နီယာအရာရှိ ကောင်းတွေဖြစ်အောင် သုတေသနပြု တီထွင်ကြပါ၊ ဗိုလ်လောင်းဘဝမှာ စစ်ပညာနှင့် စာပေပညာတို့ကို လေ့ကျင့်သင်ကြားခဲ့မှု၊ လိုက်နာလုပ်ဆောင် ကျင့်ကြံခဲ့ရတဲ့ နေထိုင်မှု၊ သွားလာမှု စည်းကမ်းတွေကို “စံ” အဖြစ်ထားရှိပြီး မြန်မာ့တပ်မတော်မှာ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ အင်ဂျင်နီယာ အရာရှိကောင်းတွေဖြစ်အောင်  ကျင့်ကြံနေထိုင်သွားကြပါ”လို့ မှာကြားလိုပါတယ်။”ကျေးဇူးတင်ပါတယ်။”

ဗိုလ်လောင်းရဲလင်းထွဋ် (အောင်စစ်သည်ထူးချွန်ဆုရ)                                   

    ငယ်ငယ်က နိုင်ငံ့တာဝန်ထမ်းဆောင်နိုင်တဲ့ စစ်သားကြီး ဖြစ်ချင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က အင်ဂျင်နီယာ ဘာသာရပ်ကို စိတ်ဝင်စားပါတယ်။ ဒီလိုနဲ့ ၁၀ တန်းတက်စဉ်ကာလမှာ  တပ်မတော်နည်းပညာ တက္ကသိုလ် အမှတ်စဉ်(၁၈) ဗိုလ်လောင်းသင်တန်းဆင်းပွဲကိုကြည့်ရှုပြီး အကောင်းဆုံး အင်ဂျင်နီယာဆုရ ဗိုလ်လောင်းကို အားကျပြီး ကျွန်တော်ငယ်ငယ်က ဖြစ်ချင်တဲ့ စစ်သားကြီးရော ကျွန်တော်စိတ်ဝင်စားတဲ့ အင်ဂျင်နီယာ ဘာသာရပ်ကိုပါ သင်ကြားခွင့်ရရှိမယ့် တပ်မတော်နည်းပညာ တက္ကသိုလ်ကို တက်ရောက်ခွင့်ရရမယ်၊ အကောင်းဆုံး အင်ဂျင်နီယာ ဗိုလ်လောင်းဆုပါ ရရမယ်ဆိုပြီး ၁၀ တန်းဘဝကစလို့ စတင်ကြိုးစားခဲ့ ပါတယ်။ ၁၀ တန်းအောင်လို့ တပ်မတော် နည်းပညာတက္ကသိုလ် စတင်တက်ရောက်မယ် ဆိုကတည်းက မိဘဆွေမျိုးတွေက(အထူးသဖြင့် အမေပေါ့) ဆုရအောင်ကြိုးစားပါလို့ ဝိုင်းဝန်း တိုက်တွန်းကြပါတယ်။ ကျွန်တော် တပ်မတော်နည်းပညာ တက္ကသိုလ်ကို စတင် တက်ရောက်ချိန်ကစပြီး ကျွန်တော့်ရဲ့ သန္နိဋ္ဌာန်ဖြစ်တဲ့ အကောင်းဆုံးအင်ဂျင်နီယာ ဆုရ ဗိုလ်လောင်း ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး စာပေပညာ၊ စစ်ပညာတွေကို အပတ်တကုတ် ကြိုးစားသင်ယူပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း သေချာလိုက်နာပြီး ကြိုးစားခဲ့ရပါတယ်။ငယ်ငယ်ကတည်းက ဖြစ်ချင်တာနဲ့ စိတ်ဝင်စားတဲ့ပညာရပ်ကို    အသုံးချခွင့်ရမယ့် အင်ဂျင်နီယာ အရာရှိတစ်ဦး ဖြစ်လာသည့် အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော့်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေဖြစ်ချင်ခဲ့တဲ့ အရာရှိတစ်ဦးဖြစ်ခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာမိပါတယ်။ အင်ဂျင်နီယာ အရာရှိတစ်ဦးအနေနဲ့ အမေ့ကို အကောင်းဆုံးပြုစု လုပ်ကျွေးပြီး နိုင်ငံ့တာဝန်တွေကို အစွမ်းကုန်ကြိုးပမ်းအားထုတ် ကျေပွန်စွာ ထမ်းဆောင်သွားမယ်လို့ ကတိပြုပါတယ်။ အခုလို အင်ဂျင်နီယာ အရာရှိဖြစ်အောင် ငယ်ငယ်ကတည်းက အခုချိန်ထိ အစစအရာရာ ထောက်ပံ့ပေးခဲ့သူ အားလုံးနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ ညီငယ်ဗိုလ်လောင်းတွေ အနေနဲ့ ဖြစ်ချင်တဲ့အရာအတွက် အစွမ်းကုန် အပတ်တကုတ်ကြိုးစားကြပါ။ တွေ့ကြုံလာမယ့်ပြဿနာတွေကို ကိုယ့်ရဲ့ပင် ကိုဉာဏ်နဲ့  ဆရာတွေပေါင်းစပ်ပေးတဲ့ ပညာရပ်တွေနဲ့ပေါင်းစပ်ပြီး  ရင်ဆိုင်ဖြေရှင်းကြပါ။  အဓိကကတော့ မိဘကျေးဇူးကို  သိတတ်ပြီး   အကောင်းဆုံးကြိုးစားကြပါ။ ကြိုးစားသူတိုင်းတွင်  နေရာတစ်ခုက ရှိပါတယ်။

ဗိုလ်လောင်းနိုင်နိုင်ဟန်ထွန်း (စာပေထူးချွန်ဆုရ)

    ကျွန်တော့်ရဲ့ အထူးပြုဘာသာရပ်ကတော့ စက်မှုအင်ဂျင်နီယာ ဘာသာရပ် ဖြစ်ပြီးတော့ ကျွန်တော့်အနေနဲ့ စက်မှုနည်းပညာပိုင်း ဆိုင်ရာများကို ငယ်စဉ်ကတည်းက စိတ်ပါဝင်စားခဲ့တဲ့အတွက် ဒီဘာသာရပ်ကို သင်ယူခဲ့ရခြင်းဖြစ်ပါတယ်။ အခုလိုခြောက်နှစ် တာ ကာလအတွင်း ကြိုးစားသင်ယူခဲ့မှုတွေက ထူးချွန်စွာဆုရရှိအောင် ကိုယ့်ရဲ့ကြိုးစား အားထုတ်မှုနဲ့ ထိုက်တန်တဲ့ ဆုလာဘ်ကို ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော်ကငယ်ငယ်ကတည်းကဖြစ်ချင်ခဲ့တဲ့  စစ်သားကြီးရော ဖြစ်ခွင့်ရမယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ စက်မှုနည်းပညာဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားခွင့်ရရှိမယ်။ တက္ကသိုလ်ကိုလည်း တက်ရောက်ခွင့် ရရှိနိုင်ရမယ်ဆိုတဲ့ ရည်ရွယ် ချက်တွေနဲ့ စစ်အင်ဂျင်နီယာ အရာရှိကောင်းတွေကို မွေးထုတ်ပေးနေတဲ့ တပ်မတော် နည်းပညာတက္ကသိုလ်ကို တက်ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ စာပေပညာ ထူးချွန်ဆုရ ရှိဖို့အတွက် ကျွန်တော့်အနေနဲ့ ပထမနှစ်မှ ဆဋ္ဌမနှစ်အထိ စက်မှုအင်ဂျင်နီယာပိုင်းဆိုင်ရာ စာပေပညာများကို စာတွေ့၊ လက်တွေ့ အပတ်တကုတ် ကြိုးစားလေ့လာ သင်ယူခဲ့ပြီး ချမှတ်ထားတဲ့ ဗိုလ်လောင်းစည်းကမ်းများအတိုင်း စနစ်တကျပြုမူ နေထိုင်လိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။ အခုလိုခြောက်နှစ်တာကာလ သင်တန်းပြီးလို့ ကျောင်းဆင်းတဲ့ အချိန်မှာ   စာပေပညာထူးချွန်ဆု ရရှိခဲ့တဲ့အတွက် အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်။  အင်ဂျင်နီယာ အရာရှိကောင်းတစ်ယောက်အဖြစ်     နိုင်ငံတော်နှင့် တပ်မတော်အတွက်  သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမိကျောင်းတော်ကြီးက လေ့ကျင့်သင်ကြား ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ “စစ်တိုက်နိုင်သော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်၊ အရည်အချင်းရှိသော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်။ စည်းကမ်းကောင်းသော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်”ဆိုတဲ့ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ကျင့်သုံးပြီး နိုင်ငံတော်တာဝန်အား ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမှာပါ၊ ညီငယ် ဗိုလ်လောင်းတွေ အနေနဲ့ဖြစ်ချင်တဲ့ အရာအတွက်   အစွမ်းကုန် အပတ်တကုတ်ကြိုးစားကြပါ။  တွေ့ကြုံလာမယ့် ပြဿနာတွေကို    ကိုယ့်ရဲ့ပင်ကိုဉာဏ်နဲ့ ဆရာတွေက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေနဲ့ ပေါင်းစပ်ပြီး ရင်ဆိုင်ဖြေရှင်းကြပါ။ 

ဗိုလ်လောင်းဟိန်းသူအောင် (လေ့ကျင့်ရေးထူးချွန်ဆုရ)

    ကျွန်တော်ရရှိခဲ့တဲ့ ဆုကတော့ လေ့ကျင့်ရေးထူးချွန်ဆုဖြစ်ပါတယ်။ လေ့ကျင့်ရေး ထူးချွန်ဆုရဖို့အတွက်   ကျွန်တော်တို့ ကျောင်းတော်ကြီးကို စရောက်ကတည်းက ကျောင်းက ချမှတ်ထားတဲ့ စစ်စည်းကမ်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေနဲ့ တိုက်တွန်း ချက်၊ တားမြစ်ချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ ထိုဆုကိုရဖို့ အတွက် သင်တန်းခြောက်နှစ်တာ ကာလအတွင်း ဗိုလ်လောင်း လုပ်ထုံးလုပ်နည်းပါ စည်းကမ်းများအတိုင်း တိတိကျကျ လိုက်နာခဲ့ပြီး စာပေပညာကိုလည်း ကြိုးစားခဲ့ရပါ တယ်။ ကျောင်းမှာက စာပေပညာရော၊ စစ်ပညာရော နှစ်ရပ်လုံးကိုပါ အလေးထား သင်ကြားပေးတာဖြစ်တဲ့အတွက် နှစ်ရပ်လုံးကို မလစ်ဟင်းရအောင် ကြိုးစားခဲ့ရပါတယ်။ သင်တန်းခြောက်နှစ်တာ ကာလအတွင်း အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ စာပေ ပညာများအပြင် စစ်ပညာဘာသာရပ်တွေဖြစ်တဲ့ စစ်နည်းဗျူဟာ၊ စစ်ရေးပြ၊ လက်နက်ငယ်နှင့် ကြံ့ခိုင်ရေး ဘာသာရပ်များကို စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြားတဲ့အချိန်တွေမှာ အပတ်တကုတ်ကြိုးစား သင်ယူလေ့ကျင့်ခဲ့ပြီး သတ်မှတ်ထားတဲ့ ဗိုလ်လောင်းစည်းကမ်းများအတိုင်း သေချာလိုက်နာပြီး ကြိုးစားခဲ့ရပါတယ်။ သင်တန်းဆင်းပြီးနောက်မှာ တာဝန်ထမ်းဆောင်တဲ့ အခါ နိုင်ငံတော်နှင့် တပ်မတော်အတွက် တပ်မတော်သားတိုင်း လိုက်နာရမည့် ကျင့်ဝတ်(၆၀)နှင့်အညီ လိုက်နာဆောင်ရွက်သွားပါမယ်။ ကျောင်းရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား”ဆိုတဲ့အတိုင်း  တပ်မတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင်၊ တပ်မတော်ကြီး အင်အားရှိအောင် ကျွန်တော်တို့အင်ဂျင်နီယာ အရာရှိတစ်ယောက်ပီပီ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင် သွားမှာပါ။အခုလို ခြောက်နှစ်တာ  သင်တန်းပြီးလို့ ကျောင်းဆင်းတဲ့အခါမှာ ဆုရရှိတဲ့အတွက်  အလွန်ပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။  ဆုရရှိအောင်  အဘက်ဘက်ကနေ သင်ကြားပြသပေးတဲ့ ကျောင်းအုပ်ကြီးနှင့် တကွ ကျွန်တော့်ရဲ့ နည်းပြဆရာများနှင့် ကျွန်တော့်ရဲ့အပတ်စဉ်တူ သူငယ်ချင်းတွေ၊ တပ်မတော်မှာ  တာဝန်ထမ်းဆောင်နေပြီ ဖြစ်တဲ့ စီနီယာအစ်ကိုတွေနဲ့  ကျွန်တော့်ရဲ့ မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမ အားလုံးကို  အထူးပဲ ကျေးဇူးတင်ပါတယ်။ ။

ကျော်လွင် ၊ သက်နိုင်ဝင်း