လူငယ်တိုင်းအတွက် လူငယ်နှင့်စာပေ အနုပညာပြပွဲ

လူငယ်တိုင်းအတွက် လူငယ်နှင့်စာပေ အနုပညာပြပွဲ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်)

မြန်မာအဘိဓာန်တွင် လွတ်လပ်ရေး၏ အဓိပ္ပာယ်ကို တိုင်းတစ်ပါး၏ အုပ်စိုးခြင်းမှ  လွတ်လပ်မှုဟူ၍  ဖွင့်ဆိုထားရာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်မှာ စိန်ရတုသို့ ရောက်ရှိတော့မည်ဖြစ်သည်။ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြပွဲပြိုင်ပွဲများ ကျင်းပကာ ကြိုဆိုဂုဏ်ပြုလျက်ရှိရာတွင်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပြပွဲသည် တစ်ခုပါဝင်သည်။ ထိုပြပွဲကိုနေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂  (MICC-2)  ၌ ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် လူငယ်နှင့် စာပေပွဲတော်ကို ကျင်းပခဲ့သည်။ ယခုနှစ်တွင်ပိုမို ထူးခြားလေးနက်စေရန် လူငယ်နှင့် စာပေအနုပညာပြပွဲဟု အမည်ပြောင်းလဲပြီး နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ ကျောင်းသားလူငယ်များနှင့် ဝန်ထမ်းမိသားစုများ အားလုံးပါဝင်နိုင်အောင် စီစဉ်ဆောင်ရွက်ထားပြီး ပြပွဲတွင်လူငယ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် စာပေဆိုင်ရာ သိသင့်သိထိုက်သည်များကို ဦးစားပေး ပြသသွားမည်ဖြစ်သည်။

ထို့ပြင်ကလေးများအတွက် စိတ်ဝင်စားဖွယ် အစီအစဉ်များ၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ပြပွဲကိုအဓိပ္ပာယ်ရှိရှိ၊ အနှစ်သာရရှိရှိဖြစ်အောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်များအရ သိရှိရသည်။လူငယ်နှင့်စာပေ အနုပညာပြပွဲတွင် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း၊ ၂၀ ရာစုစာရေးဆရာများ၏ ဓာတ်ပုံများ ခင်းကျင်းပြသခြင်းစသည်ဖြင့် စာပေဆိုင်ရာများနှင့်  ဓာတ်ပုံများ ခင်းကျင်းပြသမည်ဖြစ်သည်။ အနုပညာဆိုင်ရာများတွင် ကြီးမြတ်သောမြန်မာ၊ သူ့ကျွန်မခံပြီ၊ ငဘရုပ်ရှင်ကားများကို ပြသမည်ဖြစ်ပြီး ဝန်ကြီးဌာနများအလိုက် ပြခန်းများ ခင်းကျင်းပြသခြင်း အစီအစဉ်များလည်း ပါဝင်ကြောင်းသိရှိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်တွင် လူငယ်နှင့်စာပေ အနုပညာပြပွဲ ပြသခြင်းဖြင့် မျိုးဆက်သစ်တို့ မကြုံလိုက်ရသော အကြောင်းအရာ၊ အဖြစ်အပျက်များကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ကြရမည်ဖြစ်သည်။ လွတ်လပ်ရေးဆိုသည်မှာ မိမိတို့အချင်းချင်း စည်းလုံးညီညွတ်မှုမရှိလျှင်၊  လွတ်လပ်ရေးကိုကာကွယ်စောင့်ရှောက်မည့်သူ မရှိလျှင် အချိန်တိုတိုအတွင်း ဆုံးရှုံးနိုင်ပါသည်ဟူသော အသိ၊ လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် ကြိုးစားရာတွင် နှစ်ပေါင်းကြာရှည်စွာ ပြန်လည်တိုက်ခိုက်ရသည် ဟူသော အသိများ ရရှိမည်ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့်အတူ တပ်မတော်တစ်ရပ် ပေါ်ထွန်းလာခဲ့သည့်အတွက် မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်။ လူငယ်တိုင်း၏စိတ်တွင် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးပြီး နိုင်ငံတော်ကို ကာကွယ်လိုစိတ် ရှိနေကြရမည်ဖြစ်သည်။ နိုင်ငံတော်ကို ကာကွယ်ခြင်းဆိုသည်မှာ တပ်မတော်တွင် စစ်မှုထမ်းဆောင်ခြင်း တစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ မိမိတို့တတ်ကျွမ်းသောပညာဖြင့် မိမိတို့တာဝန်ကျရာ နယ်ပယ်တွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဟု ဆိုနိုင်သည်။ ဥပမာအားဖြင့် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူသည် ကလေးများ၏ ပညာရေးနှင့် ဘဝလမ်းကြောင်း ဖြောင့်မတ်စေရေးအတွက် ပဲ့ပြင်ဆုံးမ လမ်းပြပေးကြရမည်ဖြစ်သည်။ နိုင်ငံအတွက် သားကောင်းသမီးမွန်ဖြစ်အောင် ဆရာဝတ္တရားများနှင့်အညီ သင်ကြားနိုင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်။

လူငယ်မောင်မယ်တိုင်းကို ဗလငါးတန်နှင့် ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်မှသာ နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးထိုက်သူများဖြစ်လာပေမည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ဟူသော နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်မှာ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဖြည့်ဆည်းပေးနေရမည့် ဦးတည်ချက် ဖြစ်သည်။ လူငယ်တိုင်းက ကျန်းမာသန်စွမ်းပြီး ပညာရေးမှာ ထူးချွန်စွာ တတ်မြောက်နေကြမည် ဆိုလျှင် နိုင်ငံတော်၏ လွတ်လပ်ရေးသည် ထာဝစဉ်တည်တံ့ ခိုင်မြဲနေမည်သာဖြစ်သည်။

စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပြပွဲကို ကျင်းပပေးခြင်းဖြင့် လွတ်လပ်ရေး ဆုံးရှုံးသွားရခြင်းကြောင့် မြန်မာတိုင်းရင်းသားတို့  လူမှုစီးပွားဘဝများ မည်မျှနိမ့်ကျသွားခဲ့သည်ကို သိရှိနိုင်မည်။ တောင်သူလယ်သမား၊ အလုပ်သမားတို့ဘဝများ ဆင်းရဲနွံတွင်းမှာ နစ်နေရခြင်းနှင့်အတူ တိုင်းတစ်ပါးမှ ဝင်လာသော ချစ်တီးကုလားတို့၏ သွေးစုပ်ခြယ်လှယ်မှုတို့ကိုလည်း သိရှိရမည်ဖြစ်သည်။ ဖြစ်ရပ် မှန်များကို ရိုက်ကူးတင်ပြသည့် ရုပ်ရှင်ကားများကိုကြည့်ရှုခြင်းဖြင့် လွတ်လပ်ရေး ဆုံးရှုံးရခြင်း၏ နာကြည်းဖွယ်များကို တွေ့မြင်ရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အဆိုပါလူငယ်နှင့် စာပေအနုပညာပြပွဲကို လူငယ်တိုင်း ကြည့်ရှုလေ့လာပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲအောင် စောင့်ရှောက် ကာကွယ်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။