ငဖဲမြို့နယ်တောင်ပေါ် ဒေသ၌ ကော်ဖီစိုက်ဧက ၁၀၈၅ ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

ငဖဲမြို့နယ်တောင်ပေါ် ဒေသ၌ ကော်ဖီစိုက်ဧက ၁၀၈၅ ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး   ငဖဲမြို့နယ် တောင်ပေါ်ဒေသ(နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် အာရေဗီးကား (ဗီယက်နမ်)ကုန်းမြင့် ကော်ဖီမျိုးများကို စိုက်ပျိုးထားရာ ယနေ့ထိ ကော်ဖီစိုက်ဧက ၁၀၈၅ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်   တောင်ပေါ်ဒေသ(နတ်ရေကန်)သည် မင်းဘူး-အမ်းသွား ကားလမ်းဘေးတွင် တည်ရှိပြီး ဒေသခံတောင်သူများက ကော်ဖီ၊ လက်ဖက်၊ ဝဥ၊ ထောပတ်၊ ကမ္ဗလာ၊ ရှောက်ချို၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျော၊ သံပရာစသည့်နှစ်ရှည် သီးနှံပင်များနှင့်အတူ ကော်ဖီကိုရောနှော စိုက်ပျိုးကြသည်။ ငဖဲမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲ၊ ကော်ဖီခြံ(နတ်ရေကန်)တွင် အာရေဗီးကားကုန်းမြင့်ကော်ဖီမျိုး ၂၉ ဧက စိုက်ပျိုးထားပြီး တောင်ပေါ်ဒေသ ကျေးရွာ ၁၀ အုပ်စုတွင် ပုဂ္ဂလိကတောင်သူ စိုက်ဧက ၁၀၅၆ ဧက စုစုပေါင်း ၁၀၈၅ ဧက စိုက်ပျိုးထားသည်။

ယခုအခါ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအရ ငဖဲမြို့နယ်တွင် ငါးနှစ်တာ ကာလ အတွင်း ကုန်းမြင့်ကော်ဖီ (အာရေဗီးကား) ဧက ၁၂၅၀၀ ကို တစ်နှစ်လျှင် ဧက ၂၅၀၀ နှုန်းဖြင့် တောရိုင်း၊ မြေရိုင်းနှင့် သစ်တော ကြိုးဝိုင်းဧရိယာများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားရာ လာမည့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်    တောရိုင်း/မြေရိုင်းဧရိယာတွင် ဧက ၈၅၀၊ သစ်တောကြိုးဝိုင်း ဧရိယာတွင် ဧက ၁၆၅၀ စုစုပေါင်းဧက၂၅၀၀ ကို ကော်ဖီအဓိက စိုက်ပျိုးထုတ်လုပ် ရောင်းချသည့် လိုင်ကျေးရွာတွင် ဧက၅၀၊ ဂုတ်ကြီးတွင် ၁၂၅ ဧက၊ ဘုံးဘောတွင် ဧက ၁၀၀၊ ပဘွေးတွင်ဧက ၂၀၀၊ စွန်တက်တွင် ၁၂၅ ဧကနှင့် လင်းတဲကျေးရွာတွင် ဧက ၂၅၀ အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။