မြန်မာ-ရုရှားစီးပွားရေးပူးပေါင်းဆောင်ရွက်မှု

မြန်မာ-ရုရှားစီးပွားရေးပူးပေါင်းဆောင်ရွက်မှု

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်)

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ကောင်းကျိုးကို အစဉ်လိုလားသောနိုင်ငံများနှင့် ပိုမိုအလေးထား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုနိုင်ငံများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံလည်း ပါဝင်သည်။ မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ သံနှင့်သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းများ၊စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များ၊ ကျန်း မာရေးဆိုင်ရာ ကိစ္စရပ်များနှင့်အ ခြားကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန်ရည်ရွယ်၍ တတိယအကြိမ် မြန်မာ-ရုရှားအစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့သည်။ မြန်မာ-ရုရှား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာလက်ရှိအခြေအနေ၊ သဘောတူညီချက်များနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး အားကောင်းခိုင်မာခြင်း၊ ကုန်သွယ်ရေး၊စီးပွားရေးနှင့် ရင်းနှီူမြုတ်နှံမှု ပူးပေါင်း ဆောင်ရွက်ခြင်း၊၊ ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည့်ကဏ္ဍများတွင် နှစ်ဖက်သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယခုကော်မရှင် အစည်းအဝေးတွင် ဆွေးနွေးသည့် ဆွေးနွေးချက်များမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။နှစ်နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်  (MoU) များကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စီးပွားရေးမိတ်ဖက်ကောင်း များအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို မြှင့်တင်ခဲ့ကြသည်။ ယခု ရုရှားကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှရရှိနိုင်မည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ကောင်းစွာနားလည်ရှုမြင်နိုင်ကြမည်ဖြစ်သည်။ဆွေးနွေးပွဲတွင် စာချုပ်စာတမ်း(၇)ခုတို့ကို မြန်မာနှင့် ရုရှားဖက်တို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သိရှိရသည်။

တတိယအကြိမ် မြန်မာ-ရုရှား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေး ကျင်းပပြီး စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ရုရှား ကုမ္ပဏီ ၁၀၀ ကျော်နှင့် မြန်မာ ကုမ္ပဏီ ၂၀၀ ကျော် တို့ တက်ရောက်ကြသည်။  စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်နှင့် ဓာတ်သတ္တုလုပ်ငန်းကဏ္ဍ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာကဏ္ဍ၊ သတင်း အချက်အလက် နှင့်ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍ၊ ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းနှင့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍစသည့် ကဏ္ဍခြောက်ခုကို ဆွေးနွေး ဆောင်ရွက်ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးတည်ချက်(၉)ရပ် ချမှတ်ကာ နိုင်ငံတော်ဘက်စုံ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ သာယာဝပြောရေး၊ စားနပ်ရိက္ခာဖူလုံရေးတို့ ဆောင်ရွက်လျက်ရှိသည်။ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေးဦးတည်ချက်နှင့် အညီ ပြည်ပ ရင်းနှီးမြုတ်နှံမှု များဆောင်ရွက်လျက်ရှိသည်မှာ နိုင်ငံတော်နှင့် ပြည်သူများအတွက် ဖြစ်သည်။ အနာဂတ် မျိုးဆက်သစ်များကို  အမွေကောင်းပေးနိုင်ရေး ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိနေမှသာ နိုင်ငံသားတို့၏ လူနေမှုဘဝမြင့်မားနေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်လျက်ရှိသည်။ ထိုသို့ဖြစ်စေရန်အတွက် နိုင်ငံတော်အစိုးရနှင့် အတူ ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံ ပြည်သူများ ကောင်းကျိုးအတွက် ဖြစ်သည်။မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော်လျက် ရှိရာတွင် ဒီဇင်ဘာ ၉ ရက်က စီမံကိန်းလုပ်ငန်းနေရာများသို့သွားရောက်လေ့လာကြောင်း သတင်းကြားသိရသည်။

နိုင်ငံ တစ်ဝန်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ရနိုင်သမျှသော စွမ်းအင် အရင်းအမြစ် မျိုးစုံမှ ဓာတ်အားထုတ်လုပ်နိုင်ရန် ရုရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရ နေပြည်တောင်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာသုံးရွာနှင့် ပေါင်းလောင်းရေလှောင်တမံ အနီးရှိမြေနေရာတို့ကို အပူစွမ်းအင်ဆိုင်ရာ စီမံကိန်းဆိုင်ရာ လေ့လာခြင်း ၊ ရေရရှိနိုင်မှု ၊ငလျင်နှင့် ပြတ်ရွေ့များ လေ့လာခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ၊ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ အသေးစားရေအား လျှပ်စစ်စီမံကိန်း နေရာတို့ကို လေ့လာကြည့်ရှု့ခဲ့ကြကြောင်းသိရှိရသည်။အနှစ်ချုပ်ဆိုရသော် မြန်မာ-ရုရှား နှစ်နိုင်ငံပူး ပေါင်း ၍စီမံကိန်းများ အကောင်အထည်ဖော်နေခြင်းကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။ ။